[ Opinion ]
စသုံးလုံးနှင့်လုပ်
ကျွန်တော့်မိခင်နှင့် ဖခင်တို့သည် ဘုန်းကြီးကျောင်းလောက်သာ နေဖူးပြီး စာတတ်သည် ဆိုရုံလောက် အနေအထားတွင်သာ ရှိသည်။ ဆင်းရဲသည့်ဘဝမှ ကျွန်တော့်ကို တက္ကသိုလ် ရောက်အောင်ထားပြီး ပညာတတ်တစ်ဦး ဖြစ်စေခဲ့သည်။ ကျွန်တော့်အမေ အမြဲပြောလေ့ရှိသည့် စကားတစ်ခွန်းမှာ “ဘာလုပ်လုပ် စသုံးလုံးနဲ့လုပ်” ဟူ၍သာ ဖြစ်သည်။
အမေပြောသည့် ‘စ’ သုံးလုံး ဆိုသည်မှာ “စူးစူးစိုက်စိုက်လုပ်၊ စွဲစွဲမြဲမြဲလုပ်၊ စေတနာနဲ့လုပ်” ကိုရည်ညွှန်းခြင်း ဖြစ်ပါသည်။ ကျွန်တော် ရိုးမတောင်ခြေ ရွာလေးတစ်ရွာတွင် ကျောင်းဆရာ သွားလုပ်တော့မည် ဆိုသည့်အခါ အမေ့ကို ကန်တော့စဉ် အမေက “စသုံးလုံးနဲ့လုပ်နော်”
ဟု ပြောသည်။ ကျောင်းဆရာ အလုပ်မှ အငြိမ်းစားယူပြီး ရန်ကုန် သွားတော့မည်၊ စာရေး စားတော့မည်ဟုပြောကာ ကန်တော့စဉ်ကလည်း “စသုံးလုံးနဲ့ လုပ်နော်” သတိပေးသည်။
ကျွန်တော် ကျောင်းဆရာ လုပ်စဉ်က အမေမှာသည့် အတိုင်း စသုံးလုံးနှင့် လုပ်ခဲ့သဖြင့် လုပ်ခဲ့သည့် ဒေသတိုင်း၊ နေရာတိုင်းတွင် အောင်မြင်ခဲ့သည်ဟု ဆိုရမည်။ သို့သော် ကျောင်းဆရာ အလုပ်ကို နှစ်ပေါင်း နှစ်ဆယ်ခန့် လုပ်ပြီးသည့်အခါ “စွဲစွဲမြဲမြဲလုပ်” ဆိုသည့် တာကျိုး ပေါက်ရတော့သည်။ ကျွန်တော် အငြိမ်းစားယူပြီး ရန်ကုန် ရောက်ခဲ့သည်။ အငတ်ငတ် အပြတ်ပြတ်နှင့် ဒုတိယ ဘဝတစ်ခုကို အမေ့စကားအတိုင်း “စသုံးလုံး” နှင့်ပင် ထပ်မံရင်ဆိုင်ခဲ့သည်။
စာရေးသည့် အလုပ်ဖြင့် ရပ်တည် နိုင်လိမ့်မည်ဟု ကျွန်တော် စိတ်ကူးမယဉ်ဝံ့ပါ။ သို့သော် ကျွန်တော့်တွင် ရွေးချယ်စရာ အခြားမရှိ။ စာမရေးလျှင် မရပ်တည်နိုင်ဟုသာ ခံယူပြီး နေ့တိုင်း စာမရေးသည့်နေ့ မရှိသလောက် စာရေးသည်။ နေ့တိုင်း စာမဖတ်သည့်နေ့ မရှိသလောက် ဖတ်ရသည်။ စာရေးမည့်သူ တစ်ဦးအတွက် စာရေးနိုင်ရန် စာဖတ်ရမည်သာ ဖြစ်သည်။ ကွန်ပျူတာမှာ ကဲ့သို့ input ရှိမှ output ရှိမည်။ Input ကောင်းမှ Output ကောင်းမည်ဟု ခံယူကာ နေ့စဉ်ဖတ်ရ၊ မှတ်ရ၊ ရေးရ၊ တွေးရပါသည်။ ကျွန်တော့်တွင် ထိုကိစ္စ လေးခုမှအပ အခြားသော ဝိစိကိစ္ဆာများ မဖြစ်စေရန် အတတ်နိုင်ဆုံး ထိန်းသိမ်း နေထိုင်ရသည်။ အနေကြာလာ၍လားမသိ ထိုဘဝထဲတွင်သာ ပျော်မွေ့ချင်သူ ဖြစ်လာခဲ့သည်။
ဆိုလိုချင်သည်မှာ ယနေ့လူငယ် များကိုလည်း ကျွန်တော့်မိခင် ဆုံးမခဲ့သည့်အတိုင်း “စသုံးလုံး” ကို စွဲမြဲစွာ လက်ကိုင်ထားပြီး လုပ်စေချင်သည်။ အလုပ်တစ်ခုအပေါ် စူးစိုက်ခြင်း၊ အာရုံထားခြင်း မရှိဘဲနှင့် ထိုအလုပ်အကြောင်း ကောင်းစွာ နားလည်နိုင်မည် မထင်ပေ။ ကိုယ်လုပ်ရမည့် ကိုယ့်အလုပ် အကြောင်းကို နားမလည်ဘဲနှင့် အောင်မြင်စေရန် အကွက်ချ စီစဉ်နိုင်မည် မဟုတ်။ စာရေးချင်လျှင် စာရေးရမည့် အလုပ်ကိုသာ စူးစိုက်နိုင်စေရန် ကြိုးစားရတော့မည်။
စာရေးကောင်းစေရန် စာဖတ်နာရမည်။ စာနာနာ ဖတ်ပြီးသည့် နောက်တွင်လည်း “စု၊ တု၊ ပြု” ကြည့်နိုင်ရမည်။ စုဆို သည်မှာ စာအုပ်၊ စာပေ၊ စာတန်းများ စုဆောင်းခြင်း ဖြစ်သည်။ အချိန်မရွေး သိချင်သည့် အချိန်တွင် သိနိုင်သည့် အကြောင်းအရာများ ကိုယ့်ပတ်ဝန်းကျင် လက်တစ်ကမ်းတွင် ရှိနေခြင်းက စိတ်ဓာတ်ကို လုံခြုံစေသည်။ စုဆိုသည့် နောက်တစ်မျိုးမှာ ဦးနှောက်အတွင်း သိသင့်သိထိုက်သည့် ဗဟုသုတများ စုဆောင်းခြင်းလည်း ဖြစ်နိုင်ပေသည်။
စုပြီးလျှင် တုကြည့်ရမည်။ ကိုယ်ဖတ်နေသည့် စာရေးဆရာကြီးများ၏ ရေးဟန်စတိုင်အတိုင်း တုပပြီး လိုက်ရေးကြည့်ခြင်း ဖြစ်သည်။ ကျွန်တော် စာစဖတ်စဉ်က သိပ္ပံမောင်ဝ၊ ဆရာကြီး ရွှေဥဒေါင်းတို့၏ စာရေးဟန်များကို လွန်စွာ နှစ်သက် စွဲလမ်းခဲ့သည်။ သိပ္ပံမောင်ဝက စာကို တိုတိုပြတ်ပြတ် ခေတ်ဆန်းရေးဟန်အတိုင်း ရေးတတ်သည်။ ဆရာကြီး ရွှေဥဒေါင်းက ဝါကျ ရှည်ရှည်နှင့် စာကို ခန့်အောင် ရေးတတ်သည်။ ကျွန်တော်က ထိုဆရာကြီး နှစ်ဦး၏ အလယ်အလတ် လမ်းစဉ်ကို လိုက်ပြီး စာရေးလျှင် မတိုလွန်း၊ မရှည်လွန်းစေရန် အားထုတ်ရသည်။
ကျွန်တော် အင်္ဂလိပ်စာကို ဝါသနာ ပါလာပြန်တော့လည်း ဆရာကြီးတွေ ဘာသာပြန်ထားသည့် မူရင်း အင်္ဂလိပ် စာအုပ်တွေကို လိုက်ရှာကာ ဘာသာပြန်ထားသည့် စာအုပ်များနှင့် တိုက်ဖတ်ကြည့်သည်။ သူတို့မည်သို့ ဘာသာပြန် ထားသည်ကို လိုက်ပြီး တုပကြည့်ရသည်။
နောက်ဆုံးအဆင့် အနေနှင့် ကိုယ်တိုင်ပြုစုရသော အချိန်ရောက်လာသည်။ စာရေးလိုသူများကို အကြံပြု လိုသည်မှာ ပြုချိန်သည် အရေးအကြီးဆုံး အချိန်ဖြစ်သည်။ အချို့သူများသည် စုချိန်၊ တုချိန် လောက်တွင်သာ ထစ်ပြီး ကျန်ခဲ့သူ များစွာရှိသည်။ သူတို့တွင် ပြုချိန် မပေးနိုင်သဖြင့်၊ ပြုရမည်ကို မရဲဝံ့သဖြင့် ယနေ့တိုင်စု၊ တုဘဝများနှင့် အချိန်ကုန် သွားရသည်။ သူတို့ကို ဘာကြောင့် မပြုသနည်းဟု မေးလျှင် အဖြေတစ်ခုသာ ထွက်လာသည်။ ယင်းမှာ “စာရေးရမှာ ပျင်းလို့” ဟူ၍ ဖြစ်သည်။
ပြုချိန်တွင် မပျင်းရန် လိုသည်။ ထိုင်နိုင်ရမည်။ စာရေးမည်ဟု ဆုံးဖြတ်ပြီးလျှင် တစ်ခုခုရေး၍ မပြီးသမျှ မထဟုစိတ်ကို ခိုင်မာစွာ ဆုံးမနိုင်ရမည်။ တစ်ကြောင်းရေးရေး၊ တစ်ပိုဒ်ရေးရေး၊ တစ်မျက်နှာရေးရေး ပြီးအောင်ရေး နိုင်ရမည်။
ယနေ့ခေတ် လူငယ်တွေက ကံကောင်းကြသည်။ မိမိတို့ရေးသော စာများကို ပုံနှိပ်စာလုံးအဖြစ် ဂျာနယ်၊ မဂ္ဂဇင်းတိုက်တွေက လက်မခံလည်း အကြောင်းမဟုတ်။ မိမိတို့ စိတ်တွင်း ခံစားချက်များကို Facebook ပေါ်တွင် လွတ်လပ်စွာ ရေးသားပြီး ဖော်ပြနိုင်ကြသည်။ Facebook သို့မဟုတ် Blog များ တွင် ဝင်ရေးပြီး စာရေးဆရာ ဖြစ်လာသူတွေ အများကြီး ပေါ်ထွက်လာသည်မှာ ခေတ်၏ တိုးတက်မှု ဖြစ်သောကြောင့် ဝမ်းသာစရာပင်။
လူငယ်များ စာရေးကြစေချင်သည်။ အရေးကောင်းရန်အတွက် အတွေးကောင်းဖို့ လို့သည်။ အတွေးကောင်းစေရန် စာဖတ်အား ကောင်းရမည်။ စာနာနာဖတ်လေ၊ အတွေးကောင်းလေ၊ လက်သွက်လေ ဖြစ်သည်။ မိမိ စိတ်ထဲရှိသမျှ သိမ်းမထားပါနှင့်။ အနည်းဆုံး ဆိုရှယ်ကွန်ရက် ဖြစ်သည့် Facebook ပေါ်တွင် မှတ်ကျောက် တင်ကြည့်လိုက်ပါ။ ကိုယ့်ကိုအများက ဝိုင်းဝန်းဆုံးဖြတ် ပေးသွားပါလိမ့်မည်။
ဖတ်ပါ၊ မှတ်ပါ၊ တွေးပါ၊ ရေးပါ။ ဘာလုပ်လုပ် စသုံးလုံးနှင့် လုပ်ပါ။ သို့သော် အတွေးတစ်ချက်မှား၊ အရေးတစ်ချက် မှားသွားသဖြင့် Facebook ပေါ်ကတစ်ဆင့် ကျဆုံးသွားသည့် သင်ခန်းစာ များကိုလည်း ရယူပါ။ မည်သို့ဆိုစေ အတွေးကောင်း၊ အရေးကောင်းစေရန် စာဖတ်နာဖို့ အဓိက ဆိုသည်ကို မေ့မထားသင့်ပါ။ Input ကောင်းမှ Output ကောင်းပါလိမ့်မည်။
(တင်ညွန့်)
-----------------------------
မှတ်ချက်။ ။ ဤကဏ္ဍပါ ဖော်ပြချက်များသည် စာရေးသူ၏ ကိုယ်ပိုင်ယူဆချက် အာဘော်များသာ ဖြစ်ပြီး The Voice ၏ အာဘော် မဟုတ်ပါ။
Credit - The Voice Weekly

No comments:
Post a Comment