Written by: တက္ကသိုလ်မိုးဝါ
ကမ္ဘာ့နိုင်ငံ အသီးသီးမှ ပညာရှင်များ
တက်ရောက်မည့် EITI ( Extractive Industries Transparency Initiative)
ဘုတ်အဖွဲ့ အစည်းအဝေးကို မြန်မာနိုင်ငံက ပထမဦးဆုံးအကြိမ် အိမ်ရှင်အဖြစ်
လက်ခံကျင်းပမည် ဆိုသည်။ ၂၀၁၄ ခု ဇူလိုင် ၂ ရက်တွင် မက္ကဆီကိုနိုင်ငံ၌
ကျင်းပခဲ့သော အစည်းအဝေးမှ မြန်မာနိုင်ငံအား အဖွဲ့ဝင်လောင်း (Candidate
Member) အဖြစ် လက်ခံခဲ့ကြသည့်နောက်ပိုင်း နေပြည်တော်၌ အောက်တိုဘာ ၁၄၊ ၁၅၊
၁၆ ရက်များတွင် ပထမဦးဆုံး ကျင်းပခြင်းလည်းဖြစ်သည်။ ယင်းအစည်းအဝေး၌ EITI
အဖွဲ့ဝင်လောင်းနိုင်ငံဖြစ်ပြီးသည့် နိုင်ငံများအပါအ၀င် အဖွဲ့ဝင်အဖြစ်
လျှောက်ထားသည့်နိုင်ငံများကိုပါ EITI လုပ်ငန်းစဉ်နှင့် ပတ်သက်သော
စည်းမျဉ်းစည်းကမ်းတို့နှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်ကို
သုံးသပ်ဆွေးနွေးမည်ဖြစ်သောကြောင့် ယင်းကိုကြိုဆိုရမည်ဖြစ်သည်။
EITI
ဟူသည်မှာ အပြည်ပြည်ဆိုင်ရာ စံနှုန်းတစ်ခုဖြစ်သည်။ ယင်းစံနှုန်းဖြင့်
နိုင်ငံတကာ၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုတွင်းလုပ်ငန်းဆိုင်ရာ
ပွင့်လင်းမြင်သာမှု ရှိရေးအတွက် ကန့်သတ်ဖော်ဆောင်ပေးခြင်း ဖြစ်သည်။
နိုင်ငံစုံမှ အစိုးရများ၊ ကုမ္ပဏီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊
ရင်းနှီးမြှုပ်နှံသူများနှင့် အခြားအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတို့၏
စီမံခန့်ခွဲမှုအောက်တွင် ရပ်တည်လျက်ရှိသည်။ EITI ၏ စံနှုန်းသည်
ကြံ့ခိုင်သန်စွမ်းသည့်အားလျော်စွာ သိမ်မွေ့ပြီး နည်းစနစ်ကျလေရာ
နိုင်ငံအများက မိမိတို့ကြုံတွေ့နေရသော သဘာဝသယံဇာတဆိုင်ရာ ပြဿနာများ
ဖြေရှင်းရန် အားကိုးအားထားပြုကြသည်။
EITI ၏ စံနှုန်းအတိုင်း
လုပ်ငန်းကိစ္စ အကောင်အထည်ဖော်မည် ဆိုပါက နိုင်ငံတစ်ခုရှိ သဘာဝသယံဇာတများအား
မည်သို့ကိုင်တွယ် ဖော်ဆောင်သည်၊ ဓာတ်သတ္တု ထုတ်နုတ်ခြင်းမှရသော အစိုးရ၀င်ငွေ
ပမာဏသည် မည်မျှရှိသည်၊ ၀င်ငွေခွန်ပမာဏ မည်မျှပေးဆောင်သည် စသည်တို့ကို
ပြည့်ဝစွာ ပွင့်လင်းမြင်သာ ကြေညာရသည့် အခြေအနေသို့ ရောက်သွားစေသည်။
မြန်မာနိုင်ငံအား အဖွဲ့ဝင်လောင်းအဖြစ် လက်ခံလိုက်သည့်နေ့တွင် EITI
လက်ရှိဥက္ကဋ္ဌ မစ္စကလဲရှော့ထ် (Clare Short) က မိန့်ခွန်းပြောကြားရာတွင် “EITI
အဖွဲ့သို့ မြန်မာနိုင်ငံအနေနဲ့ ၀င်ခွင့်ရချိန်ဟာ
နိုင်ငံခြားရင်းနှီးမြှုပ်နှံဖို့ ၎င်းရဲ့ကြီးမားလှတဲ့ သဘာဝသယံဇာတ
အရင်းအမြစ်တွေကို လမ်းဖွင့်ပေးလိုက်တဲ့ အရေးပါတဲ့အချိန်နဲ့
အံကိုက်ဖြစ်နေပါတယ်။ EITI ကို အကောင်အထည်ဖော်မယ်လို့ ဆုံးဖြတ်လိုက်ခြင်းဟာ
မြန်မာအစိုးရအနေနဲ့ သယံဇာတတွေကို ဘယ်လိုစီမံခန့်ခွဲသလဲဆိုတာ
သူ့ရဲ့ပြည်သူတွေကို သိရှိခွင့်ရှိတယ်လို့ ကတိက၀တ်ပြုလိုက်ခြင်း ဖြစ်ပါတယ်။
EITI ကို အသုံးပြုပြီးတော့ အစိုးရအင်စတီကျူးရှင်းတွေမှာ
ပိုပြီးထင်သာမြင်သာ၊ ပိုပြီးကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲရေးကို
လုပ်ပေးနိုင်ဖို့ ကျွန်မအားပေး တိုက်တွန်းပါတယ်” ဟု ပြောကြားခဲ့သည်။
Extractive Industries = သယံဇာတ ထုတ်နုတ်တူးဖော်သည့် စက်မှုလုပ်ငန်း။ အဓိကအားဖြင့် ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္တုတွင်း၊ သစ်တော၊ လျှပ်စစ်။
Transparency = ထင်သာမြင်သာရှိခြင်း။
Initiative = သတ္တုတူးဖော်လုပ်ငန်း လုပ်သူများသည် EITI က ချမှတ်ထားသော
စံနှုန်းအတိုင်း မိမိတို့ဘာသာ (အခွန်ဆောင်ခြင်း အပါအ၀င်) ပြည်သူအား
ပွင့်လင်းမြင်သာစွာ မှန်မှန်ကန်ကန် ချပြကြေညာသည့် လုပ်ရပ်။
သို့ဖြစ်၍ EITI စံနှုန်းအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်
ကတိက၀တ်ပြုထားသော မြန်မာနိုင်ငံသည် သယံဇာတတူးဖော်ထုတ်နုတ်သည့်
လုပ်ငန်းနယ်ပယ်အားလုံးမှ လက်ခံရရှိသော ငွေစာရင်းများကို
ထုတ်ပြန်ကြေညာရန်ဖြစ်သည်။ ဤစာရင်းဇယား ကိန်းဂဏန်းနှင့်အတူ
စီမံကိန်းလုပ်ပိုင်ခွင့် လိုင်စင်ရသူများ၊ ထုတ်လုပ်မှုပမာဏ စာရင်းဇယားများ၊
အစိုးရပိုင်လုပ်ငန်းများနှင့် ရရှိသည့် အခွန်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုများ
စသည်တို့ကို ပြည်သူသို့ အသိပေးကြေညာရန် ကိစ္စကိုလည်း ဆောင်ရွက်မည်ဖြစ်သည်။
ထို့အပြင် အစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ အကျိုးအမြတ် များစွာရနေသော
ကုမ္ပဏီအမည်များအား လူသိရှင်ကြား ထုတ်ပြန်ပေးရန်ရှိပြီး ရေနံနှင့်
သဘာဝဓာတ်ငွေ့ လေလံတင်ရောင်းချခဲ့မှု၏ အသေးစိတ်အချက်အလက်များကို
ရှင်းချက်ထုတ်ပြန်ပေးရန် ဖြစ်သည်။
မြန်မာနိုင်ငံအား EITI
အဖွဲ့ဝင်လောင်း (Candidate) အဖြစ် ၂၀၁၄ ခု ဇူလိုင် ၄ ရက်တွင်
လက်ခံခဲ့သည့်အတွက် စံနှုန်းအရ မြန်မာနိုင်ငံသည် ၁၈ လအတွင်း EITI သို့
အစီရင်ခံစာတစ်စောင် တင်သွင်းရန် လိုအပ်သည်။ အကယ်၍ ယင်းအချိန်ကာလ၌
အစီရင်ခံစာတင်သွင်းခြင်း မပြုလုပ်နိုင်လျှင် အဖွဲ့ဝင်လောင်းအဖြစ်မှ
ရပ်စဲခံရမည်ဟု ဆိုသည်။
ထိုမှတစ်ဆင့်တက်၍ EITI ဘုတ်အဖွဲ့မှ
နှစ်နှစ်ခွဲအတွင်း မြန်မာနိုင်ငံ၏ လုပ်ဆောင်ချက်အား ယင်းတို့၏ စံနှုန်းနှင့်
ကိုက်ညီခြင်းရှိမရှိ စိစစ်ဦးမည်ဖြစ်ကာ ထိုအတောအတွင်း ၂၀၁၄ ခုနှစ်အတွက်
နှစ်ပတ်လည်ဆောင်ရွက်မှု အစီရင်ခံစာ တစ်စောင်ကိုလည်း မြန်မာအနေဖြင့်
ထုတ်ပြန်ရန်လိုသည် ဆိုသည်။
နောက်ဆုံးသတင်းအရ အစီရင်ခံစာ၌
ထည့်သွင်းမည့် ကဏ္ဍများအတွက် ရေနံ၊ သတ္တုနှင့် သစ်တောတို့ကို ရွေးချယ်ထားပြီး
နောင်တွင် လျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ကိုလည်း ထည့်သွင်းရန်
လျာထားချက်ရှိသည် ဆိုသည်။
အချုပ်ဆိုရလျှင် EITI ၏ စံများထဲမှ
ပွင့်လင်းမြင်သာမှုစံသည် အရေးကြီးဆုံးစံဖြစ်ကြောင်းနှင့်
သဘာဝတွင်းထွက်များမှ ရလာသည့် အခွန်ဘဏ္ဍာငွေများအကြားတွင် ဆက်စပ်နေမှုများ၊
ငွေစာရင်းများ၏ ကွာဟချက်များနှင့် စာရင်းများအားလုံး တစ်သားတည်းဖြစ်သွားရန်
ဖြည်းဖြည်းချင်း ညှိယူရသည့် လုပ်ငန်းစဉ်များ ပါဝင်ကြောင်း သတိပြုရန်
အရေးကြီးပေသည်။
မြန်မာနိုင်ငံသည် EITI နှင့် ပတ်သက်၍ ပေးထားသော
လုပ်ငန်းဆောင်တာ ကတိက၀တ်အတိုင်း အချိန်မီဖော်ဆောင်ရန် ရှိနေသည်နှင့်အညီ
အမြစ်တွယ်လျက်ရှိသော အတားအဆီး၊ အရှုပ်အထွေးပြဿနာ အခက်အခဲများအား
ခြွင်းချက်မရှိ တူးဆွကျော်လွှားနိုင်မည် ဆိုပါက သဘာဝသယံဇာတ ထုတ်နုတ်မှုနှင့်
စပ်လျဉ်းသည့် ရှေ့ခရီးလမ်း ပိုမိုဖြောင့်ဖြူးရန်သာ ရှိမည်ဟု
ကောက်ချက်ချနိုင်မည် ဖြစ်သည်။
ဤ EITI အဖွဲ့ဝင်ဖြစ်လာလျှင်
အဂတိလိုက်စားမှုများ အလိုအလျောက် ပပျောက်သွားမည်ဟု အာဏာပိုင်များက ဆိုသည်။
သို့ရာတွင် ယင်းသို့ဖြစ်လာရန်မှာ EITI ပါ စံနှုန်း၊ လုပ်ထုံးလုပ်နည်းဥပဒေ၊
နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းအတိုင်း ပြည်တွင်းကုမ္ပဏီများက တိတိကျကျ
လိုက်နာကျင့်သုံးမှသာ ဖြစ်နိုင်ပါမည်။ ထို့ပြင် ယင်းဥပဒေ နည်းဥပဒေများအား
ဖောက်ဖျက်လုပ်ဆောင်သော လုပ်ငန်းရှင်၊ အဖွဲ့အစည်းတို့ကိုလည်း
ထိရောက်စွာအရေးယူ ပြစ်ဒဏ်ချမှတ်ခြင်းသည်ကား အရေးကြီးဆုံးပင်
ဖြစ်နေပါတော့သည်။
Credit - Eleven Media Group
No comments:
Post a Comment