Thursday, October 16, 2014

စားသုံးသူ ကာကွယ်ရေး လှုပ်ရှားသူများ၏ စားသောက်ကုန် နမူနာကို အစိုးရဓာတ်ခွဲခန်းများ လက်မခံဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁၅

မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းမှ မသင်္ကာဖွယ်ရာ စားသောက်ကုန်များကို စားသုံးရန် သင့်၊ မသင့် ကြေညာရန် နမူနာကုန်ပစ္စည်း ဓာတ်ခွဲစစ်ဆေးခြင်းကို အစိုးရဝန်ကြီးဌာန ဓာတ်ခွဲခန်းများဘက်က ငြင်းဆန်လျက်ရှိကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားသည်။
သမဝါယမနှင့် ကျန်းမာရေး ဝန်ကြီးဌာန လက်အောက် ဓာတ်ခွဲခန်းများသို့ ယခင်က ပေးပို့ စစ်ဆေးခဲ့သော်လည်း လွန်ခဲ့သော အောက်တိုဘာလခန့်က မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း၏ စားသောက်ကုန် နမူနာကို သမဝါယမ ဝန်ကြီးဌာန ဓာတ်ခွဲခန်းက လက်မခံတော့ကြောင်း ၎င်းက ပြောကြားသည်။

ယင်းကြောင့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို အနှောင်အဖွဲ့ကင်းကင်း ဓာတ်ခွဲစိစစ်ရန် ပုဂ္ဂလိက ဓာတ်ခွဲခန်းများ လိုအပ်နေပြီ ဖြစ်ကြောင်း ဦးဗအုပ်ခိုင်က ဆက်လက်ပြောဆိုသည်။
“ဈေးကွက်ကုန်ပစ္စည်းတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က စိတ်မချရဘူး။ စားသုံးသူ ပြည်သူလူထုအတွက် အစိုးရနဲ့ လုပ်ငန်းရှင် လွှမ်းမိုးမှုကင်းတဲ့ ဓာတ်ခွဲခန်းတွေ လိုအပ်နေတယ်” ဟု ၎င်းက ရှင်းပြသည်။
ကျန်းမာရေး ဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ဓာတ်ခွဲခန်းသို့ ငါးပိရေကျိုနှင့် ပတ်သက်၍ စစ်ဆေးဖူးသော်လည်း တိကျသေချာသည့် ရလဒ် မပြောကြားသောကြောင့် ယခုနှစ်ပိုင်းတွင် နမူနာ စားသောက်ကုန်များ ပေးပို့မှု မပြုလုပ်တော့ကြောင်း စားသုံးသူ ကာကွယ်ရေးအသင်း တာဝန်ခံများထံမှ သိရှိရသည်။
FDA အနေနှင့် ပြင်ပမှာ လာရောက် စစ်ဆေးသော နမူနာ စားသောက်ကုန်တိုင်းကို လက်ခံ စစ်ဆေးပေးနေပြီး အရပ်ဘက် အဖွဲ့အစည်းများမှ ပေးပို့သော နမူနာ အစားအသောက်များကိုလည်း ညွှန်ကြားရေးမှူးချုပ် ခွင့်ပြုပါက လက်ခံကြောင်း FDA ဓာတ်ခွဲခန်း တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
“အရည်သွေး ပြည့်မီပြီး အမှန်တကယ် စစ်ဆေးပေးမယ့် ဓာတ်ခွဲခန်းတွေဆို ပြည်သူတွေအတွက် ကောင်းပါတယ်” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းသည် ဈေးကွက်အတွင်းက အန္တရာယ်ရှိ စားသောက်ကုန်များကို လိုက်လံစစ်ဆေးခြင်းနှင့် ပညာပေးလုပ်ငန်းများ လုပ်ကိုင်နေသော အရပ်ဘက် အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး လွန်ခဲ့သောလက နေပြည်တော်ကောင်စီ နယ်မြေတွင် အန္တရာယ်ရှိ မုန့်များ လိုက်လံ သိမ်းဆည်းသည့်အတွက် အုပ်ချုပ်ရေး တာဝန်ရှိသူများ၏ တားမြစ်ခြင်း ခံခဲ့ရသေးသည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ စည်ပင်သာယာရေး ကော်မတီ ကျန်းမာရေး ဓာတ်ခွဲခန်း၊ သမဝါယမ ဝန်ကြီးဌာန ဓာတ်ခွဲခန်း၊ အသေးစား စက်မှုလက်မှု ဓာတ်ခွဲခန်း၊ FDA ဓာတ်ခွဲခန်းနှင့် UMFCCI ဓာတ်ခွဲခန်းတို့တွင်သာ စားသောက်ကုန်နှင့် လူသုံးကုန် နမူနာများ စစ်ဆေးမှုကို လက်ခံလျက်ရှိသည်။
(အိမို)

Credit - The Voice Weekly

No comments:

Post a Comment