တခုသော
မိုးတနေ့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မအူပင်ဆိုတဲ့ လယ်ကွက်တခိုက
နယ်တက္ကသိုလ်ကြီးကို စစ်အာဏာရှင်အဖွဲ့ကြီးရဲ့ အတွင်းရေးမှူး (၁)လည်းဖြစ်၊
မြန်မာနိုင်ငံ ပညာရေးကော်မတီဥက္ကဋ္ဌလည်း ဖြစ်၊ ညဘက်တံခါးလာလာခေါက်ပြီး
တံခါးခေါက်ခံရသူတွေ ပျောက် ပျောက်သွားစေတဲ့ အဖွဲ့ကြီးရဲ့
အခေါင်အချုပ်ကြီးလည်းဖြစ်တဲ့ မင်းသား ကြီး တလက်ဟာ ကျောင်းဆောက်လုပ်မှုလုပ်ငန်းတွေ ကြည့်ရှုရင်း ပါ/ချုပ်နဲ့တကွ ဆရာ/မ အပေါင်းတို့ရဲ့ လက်အုပ်ချီမိုး လာဘ်ထိုးကော် ရော်မှုကို လာရောက်ခံယူခဲ့ပါတယ်။
အဲဒီနေ့မနက် ၈း၃၀ နာရီမှာ မင်းသားကြီးရောက်လာမှာမို့ဆိုပြီး တကျောင်းလုံး ဆရာ/မ
အကုန် မနက် ၇း၃၀ အရောက် ကြိုဆိုမို့ အရန်သင့်ရှိရမှာပါတဲ့။ ဒါကြောင့်
အားလုံးဟာ မုခ်ဝဘက်တမျှော်မျှော်နဲ့ စောင့်နေကြရပါတော့တယ်။ ကိုယ်တော်ချောက
မနက်ဆယ့်တနာရီထိ ပေါ်မလာပါဘူး။ ဗိုက်တွေလည်း ဆာနေကြတော့တာပေါ့။ ကျွန်တော်
ကတော့ မနေနိုင်တော့တာနဲ့ မောင်မင်းကြီးသာ အလာကို မျှော်ငေးရင်း
ကျောင်းထဲမှာ သူ့လူတွေဖွင့်ထားတဲ့ ပံသုကျော်ထမင်းဆိုင်ရဲ့ နောက်ဖေး ဘက်ကနေ
ထမင်းဖြူတရာဖိုး အတင်းတောင်းဝယ်ရပါတော့တယ်။ ထမင်း ဖြူထုပ်လေးကိုင်ပြီး
ပင်မလမ်းမကြီးရဲ့ ပလက်ဖောင်းပေါ်လျှောက်လာ ရင်း
ပလက်ဖောင်းဘေးကပ်လျက်ရေအိုင်ကြီးအစပ်မှာ
လူကြီးလက်မ လောက်တုတ်ပြီး နှစ်တောင်လောက်ရှည်တဲ့ မြွေတကောင်ဟာ ဖားကို
ခဲမိထားရာကနေ မျိုလို့မရသေးခင် ကျွန်တော့်ကို မြင်သွားပါလေရော။
ကျွန်တော်လည်း ဘာလုပ်ရကောင်းမလဲ ရုတ်ချည်းစဉ်းစားနေတုန်းမှာ
မြွေဟာ ဖားကိုခဲလျက်သား ရေအိုင်ကြီးထဲကို ဒိုင်ဗင်ထိုးပြီး ဗွမ်းခနဲခုန်
ဆင်းသွားပါလေရော။ ရေအိုင်က ဟိုတုန်းက ရေကန်ဟောင်းကြီးပါ။ မြို့နဲ့ဝေးရာ
တက္ကသိုလ်တည်ဖို့ဆိုတော့ လယ်တွေသိမ်းရတာပေါ့။ မြစ်ဝ ကျွန်းပေါ်က လယ်တွေ
တမျှော်တခေါ် ကွင်းကျယ်ကြီးဖြစ်ပြီး ဟိုနား အိမ်တလုံး၊ နှစ်လုံး၊ ဒီနားအိမ်
နှစ်လုံး၊ သုံးလုံးဆောက်နေကြတာမို့ အိမ်တိုင်းမှာ ရေကန်ကြီးတွေ
တူးထားကြပါတယ်။ တနှစ်ပတ်လုံးသောက် ရေသုံးရေအတွက်ပေါ့။ အခုတော့
သုံးရေကန်ဘ၀ကနေ ကန်ပျက်ရေ အိုင်ကြီးအဖြစ် ဒိုက်တွေတောထပြီး ဖော့ဘူးတွေ၊
ကျွတ်ကျွတ်အိတ်တွေ ဖွေးဖွေးလှုပ်လို့ အရိုင်းဆန်ကျေးလက်အလှကနေ
အမှိုက်ပုံဆန်တဲ့ မြို့ပြ အလှကို ကူးပြောင်းနေပါပြီ။ ဒါပေမဲ့ ရေကတော့
ကြည်ဆဲရှိပါသေး တယ်။ အဲဒီရေကြည်အိုင်ထဲ မြွေကြီးက ဖားကိုခဲလျက်သား
ဒိုင်ဗင်ထိုး ဆင်းသွားတာပါ။
ဒါပေမဲ့ မမျှော်လင့်တဲ့
ဖြစ်ရပ်တခု ရုတ်တရက်ဖြစ်သွားပါတော့ တယ်။ ဘယ်အချိန်က ရောက်လာတယ်မသိတဲ့
ငါးရံ့ကြီးတကောင်ဟာ ဖားကိုရော မြွေဦးခေါင်းကိုရော ဗွမ်းခနဲ
ထိုးဟပ်ကိုက်ခဲပါလေရော့။ မြွေဟာ ငါးရံ့ကြီးရဲ့ ပါးစပ်ထဲကနေ
လွတ်မြောက်ဖို့ရာ တ၀ုန်းဝုန်းနဲ့ ရုန်းကန်ရစ်ပတ်ဖို့ ကြိုးစားရင်း
မြွေတပြန် ငါးတပြန်ဖြစ်နေပါတော့တယ်။ ရေကကြည်နေတော့ မြင်နေရတဲ့
ကျွန်တော့်မှာ အံ့သြတာရော၊ ကြည့် ကောင်းတာရောပေါ့ခင်ဗျာ။ ဒီလိုနဲ့
တအောင့်လောက်နေတော့ မြွေဟာ ဖားမပါတော့ဘဲ အစန့်လိုက်ကြီး ရေထဲကနေ လေထဲကို
ခုန်ပျံထွက်လာ ပြီး ဗေဒါဒိုက်တွေပေါ် ဖုံးခနဲကျ။ စန့်စန့်ကြီးမောဟိုက်ရင်း
အသက်ကို အငမ်းမရရှူနေတာ မြင်ရပါတော့တယ်။ ငါးရံ့ကြီးကတော့ ဖားကိုရသွား ပြီး
ရေနက်ထဲကူးခပ်ပျောက်ကွယ်သွားပါရော။
အဲဒီအချိန်မှာပဲ မောင်မင်း ကြီးသားရဲ့ ရှေ့ပြေးတွေ ကျောင်းမုဒ်ဝကို
ရောက်လာပါတယ်။ စီစဉ် ထားတဲ့အတိုင်း ပင်မဆောင်တိုင်လုံးကြီးတွေ ကြားကနေ ပါ/ချုပ်နဲ့
ပါမောက်္ခများက ရှေ့ဆုံးတန်းကနေ လက်အုပ်ချီမိုး။ ကျန်သူတွေက နောက်တန်းမှာ
အဆင့်ဆင့်လက်အုပ်ချီ။ ကျွန်တော်ကတော့ ထမင်းထုပ်လေးကိုင် ပြီး
ခပ်လှမ်းလှမ်းကနေသာ အကဲခတ်နေလိုက်ပါတယ်။ ညနေကျတော့ မနက်က
မြင်ကွင်းလေးအကြောင်း ရင်းနှီးသူတွေကို ပြောပြမိတဲ့အခါ ကျွန်တော့်ကို
အတိတ်ကောက်ခိုင်းကြပါတော့တယ်။ ““အခုလာတဲ့ မောင်မင်းကြီးသားဟာ မကြာခင်
ဆုတော်လာဘ်တော်ရမယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ဆုလာဘ်ကြီး ပြန်ဆုံးရှုံးပြီး
အသက်ဘေးက သီသီ လေးပဲ လွတ်ရလိမ့်မယ်””လို့ ကျွန်တော့်ရင်ထဲမှာ
ခံစားရတဲ့အတိုင်း ပြောချ လိုက်ပါတယ်။ သူတို့ကတော့ ဒီကောက်ချက်ကို
သိပ်ယုံကြည်ပူံမရပါဘူး။ မောင်မင်းကြီးသား ဇနီးမောင်နှံက နေလိုလလို
ထွန်းလင်းဝင်းပနေတဲ့ အချိန်မဟုတ်လား။
ကျွန်တော့်ကောက်ချက်မှန်သွားတယ်ခင်ဗျ။ ကြီးမားတဲ့ စစ်ဘက် ရာထူးကြီးနဲ့အတူ နိုင်ငံတော်ဝန်ကြီးချုပ်ဆိုတာကြီးပါ
လက်ဝယ်ပိုင်ပိုင် ဆုပ်ကိုင်ရရှိသွားတာ ကျွန်တော်ပြောလို့ မကြာမီမှာကို
သူကြုံလိုက်ရတော့ တာပါပဲ။ အဲဒီနောက် အာဏာရှင်ကြီးတွေ
ဘေးကင်းထွတ်ခြာစိုပြည်စွာ ချီတက်နိုင်ကြမယ့် Road Map (၇)ချက်အကြောင်း
တကမ္ဘာလုံးကြားအောင် တဖောင်ဖောင်သီကျူးရင်း ရုတ်ချည်းဆိုသလို ရေပြင်မြေပြင်က
လွတ်တဲ့ ဝေဟင်ထဲဝဲပျံနေဆဲ တနေ့မှာပဲ အသက်ဘေးကလွတ်ရုံဘ၀နဲ့ ထူးဆန်းစွာ
ပျောက်ကွယ်သွားရှာပါတော့တယ်။
အခုတော့ သူ့ ကယ်ရီ ကေးချားကို ဘောင်းဘီဝတ်သော၊ မ၀တ်သောနဲ့ ပေါင်းထုပ်တလူလူ
ကြားမှာပါ။ မမြင်တွေ့နိုင်တော့တာ ဆယ်ခုနှစ်တခုရှိပါပြီ။ ဒါပေမဲ့ သူ့ Road
Map ဉာဏ်နီဉာဏ်နက် ဉာဏ်ရွှေ့ကွက်တွေကတော့ ယနေ့ထက် တိုင် လက်လက်ထနေဆဲပါ။
အရောင်းထွက်ဆုံးနေရာကတော့ ပညာရေး ပေါ့ခင်ဗျာ။ တက္ကသိုလ်တွေကို
မြို့ထဲပြန်သွင်းလို့မရတော့သလို အခြေခံ နဲ့ အဆင့်မြင့် ဘွဲ့ကြိုသင်ရိုးတွေကိုလည်း ဘိုလိုဘားဆုံးတင်ထားပြီးပြီမို့
အောက်ပြန်ချလို့ မရတော့ပါဘူး။ ပညာရေးဟာ မျိုးဆက်သစ် အားလုံး အတွက်
လူ့စွမ်းအားပျိုးထောင်မှု မဟုတ်တော့ဘဲ မွေးရာပါ ပြည့်စုံသူ လူတစုအတွက်သာ
တနှစ်ကို လေးလကနေ ခြောက်လအတွင်းကြာ ကိုယ် ရည်သွေးရာ ဆင်စွယ်ရဲတိုက်တခုလို
ဖြစ်နေတာလည်း ပြင်လို့မရတော့ ပါဘူး။ အဆိုးဆုံးက ဘာမတတ်၊ ညာမတတ်
နလပိန်းတုံးဘွဲ့တွေ ဘုံးဘော လအောပေးနေတဲ့ အဝေးသင်ပညာရေးကြီးပေါ့ခင်ဗျာ။
ထပူသစ့သညန ကို အသံမထွက်တတ်ရုံမျှမက လက်တွေ့ဘ၀မှာလည်း ပစ္စည်းကို မမြင်ဖူး
တော့ ၀ါးပတ္တလားလို့ မပြောနိုင်တော့ဘဲ “မိချောင်း”လို့ ပြောချင်ရာပြော ပြီး
သင်တဲ့မူ/ပြ ဆရာမလေးဟာ ဘယ်ကျောင်းထွက်ဘွဲ့ရလို့ ထင်ပါသလဲ ခင်ဗျား။
ဒါတင်မကသေးပါဘူး။ ““နိုင်ငံရေးရာ စာအုပ်ထူကြီး ပေါ်ပေါက်ရေး သည်
ပြည်သူအားလုံး၏ တာဝန်ဖြစ်သည်”” ဗီနိုင်းကြီးနဲ့ ၀ါးရုံနှစ်ပင်
မင်္ဂလာခန်းမကြီးထဲမှာ မင်းသားကြီးကိုယ်တိုင် ဇာတ်ညွှန်းခွဲပေးခဲ့တဲ့
““အာဏာရှင်ကို ကာကွယ်မည်၊ ဒို့ရဲ့ဒီမိုကရေစီ””ဇာတ်သဘင်ကြီးကလည်း
ပြည်သူတွေရဲ့ မျက်ရည်တွေ၊ အံကြိတ်သံတွေနဲ့ အောင်ပွဲခံလျက်ရှိပါ တယ်။
သူ့အာဏာ ဘယ်လောက်ထက်ခဲ့သလဲဆိုရင် သူ့ခေတ်မှာတုန်းက ကျွန်တော် ကြုံခဲ့ရတာလေး
ပြောပြချင်ပါတယ်။ အရှေ့ပင်လယ်နယ်စပ် နဲ့နီးတဲ့ တက္ကသိုလ်ကြီးမှာ ကျွန်တော်
တာဝန်ထမ်းခဲ့ရစဉ်က ဖြစ်ပါတယ်။ အတိုက်အခံတွေကို ကျောင်းသား၊ နိုင်ငံရေးသမား၊
အနုပညာသည်ပါ မကျန် သဲကြီးမဲကြီး နှိပ်ကွပ်ရင်း တိုင်းမှူးတွေက ဘုရင်ငယ်တွေ
ဖြစ်နေ ချိန်မှာပေါ့။ ကျွန်တော် ရောက်နေတဲ့ကျောင်းက
တိုင်းမှူးရုံးစိုက်တဲ့ နယ်စပ် မြို့ကြီးက ကျောင်းပါ။ တိုင်းမှူးပါဝါအပြင်
မင်းသားကြီးရဲ့ တိုက်ရိုက်ကွပ် ကဲမှုနဲ့ ညဘက်တံခါးခေါက်ခွင့်
အာဏာရရှိထားသူတွေရဲ့ အရိပ်တွေပါ အုပ်မိုးခံထားရတဲ့ ကျောင်းကြီးလည်း
ဖြစ်ပါတယ်။ အဲဒီကာလ အဝေး သင် အနီးကပ်သင်တန်းမှာ ကျွန်တော်က
ကျောင်းသားတွေကို ဒသန ပညာရပ် ပို့ချပါတယ်။ ကျွန်တော့်အတန်းမှာ ပါ/ချုပ်
ရုံးခန်းထဲက စာရေး ကောင်လေးတယောက်လည်း တက်ရောက်နေပါတယ်။ သူက ကျွန်တော် နဲ့
အနီးဆုံးနေရာ ရှေ့ဆုံးတန်းမှာထိုင်ပြီး ကျွန်တော့် လက်ချာတွေကို
ဂရုတစိုက်နားထောင်နေတာ။ အနီးကပ်သင်တန်းအစကနေ အဆုံးထိ ခင်ဗျ။
ကျွန်တော့်စိတ်ထဲ ဒီကောင်လေး ငါ့ပို့ချချက်ကို အတော်စိတ်ဝင် စားပုံရတယ်။
ငါတော်တော် ဟုတ်ပါလားလို့ ကိုယ့်ကိုယ်ကိုယ် မသိမသာ ဘ၀င် ခ နေမိတာပေါ့ဗျာ။
ဒဿနဆိုတော့လည်း ပြောရင်းပြောရင်းနဲ့ အားပါ ပြီး ““မင်းကြိုက်၊ စိုးကြိုက်
ထိုင်ခုံသမားများ လားလားမျှမခိုက်””တဲ့။ ဖိုက်လုံးတွေပါကုန်တာလည်း
ဘရိတ်မအုပ်နိုင်ခဲ့တော့ပါဘူး။
ဒီလိုနဲ့ အဝေးသင်စာမေးပွဲတွေလည်းပြီးသွားရော မင်းသားကြီးရဲ့ လူတွေက ပါ/ချုပ်ရုံးခန်းထဲ နေ့စဉ်ဝင်ထွက်နေကြတာ မြင်လာရတဲ့အပြင် မကြာမီမှာ ဆရာ/မနှစ်ယောက်
အဖြုတ်ခံရတော့မယ်ဆိုတဲ့ သတင်းက ကျောင်းထဲက ပျံ့လွင့်လို့လာပါတော့တယ်။
“တာဝန်မှ ရပ်စဲလိုက်သည်” ဆိုပြီး အကြောင်းပြချက်မှမပါဘဲ မိုးပေါ်ကကျလာတဲ့
အော်ဒါလေး တစောင်ကြောင့် အနီးကပ်သင်တန်းတွေမစမီလပိုင်းကမှ
မော်ကွန်းထိန်း တယောက်နဲ့ ကျူတာဆရာလေးတယောက်တို့ အလုပ်ကထုတ်ပယ်ခံ
ထားရတာဆိုတော့ ဆရာ/မတွေ ချောက်ချားကုန်ကြပါတယ်။ နောက်ဆုံး မှာ
သတင်းအတိအကျထွက်လာပါလေရော။ အနီးကပ်ရက်တွေတုန်းက ပို့ချရာမှာ
ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေတာတွေအပါအ၀င် နိုင်ငံရေးလှုံ့ဆော်မှုတွေ
ထည့်ပြောသွားတဲ့ ဆရာတယောက်ရဲ့ ပို့ချချက်တွေကို ကျောင်းသားတယောက်က
ကက်ဆက်ခွေနဲ့ အသံဖမ်းထားတာ (၂) ခွေတောင်ရှိသတဲ့။ အဲဒါကို တိုင်းမှူးနဲ့
မင်းသားကြီးလူတွေဆီ ပါ/ချုပ်က
တင်ပြတိုင်ကြားထားတာမို့ မကြာမီ စစ်ဆေးရေးတွေဝင်တော့မယ်။ နှစ်ယောက်ကတော့
ပြုတ်ပြန်တော့မယ်ဆိုပြီး ဖြစ်ပါတယ်။ အဲဒီကိစ္စ အသေးစိတ်သိတဲ့ ဆရာမတယောက်က
ကျွန်တော့်မိန်းမနဲ့ အလွန်ခင်မင် နေတာမို့ ““အ၀ိုင်းယောက်ျားရဲ့အသံကို
ဖမ်းထားတာတဲ့။ အဲဒါနဲ့ စွဲချက် တင်ထားတာလို့ ပြောတယ်။ ထောင်
(၂၂)နှစ်လောက်ကျနိုင်ပြီး အ၀ိုင်း ကိုပါရောပြီး ဖြုတ်မယ်လို့လည်း ပါ/ချုပ်က
ပြောနေသတဲ့””ဆိုပြီး သတင်း ပေးပါတော့တယ်။ ကျွန်တော့်သားလေးက ခုနစ်တန်း၊
သမီးလေးက အခါလည်သာသာ။ ကလေးတို့အမေက စီနီယာကျူတာ။ ကျွန်တော်က လ/ထ
ကထိကဌာနမှူး။ ရန်ကုန်နဲ့ လေယာဉ်ခရီး တနာရီအကွာ။ ကယ် သူနဲ့ဝေးပြီး
မိသားစုတစုလုံး “သေသော်မှတည့် အော်ကောင်း၏” ကိန်းဆိုက် ကြပါတော့တယ်။
သားနဲ့သမီးမျက်နှာလေးတွေကို တိတ်တိတ်ငေးကြည့် ပြီး သူတို့လေးတွေဘဝ
ဒုက္ခပင်လယ်ဝေတော့မယ့်အရေး တွေးလိုက်မိ တိုင်း ကျွန်တော့်မှာ
မျက်ရည်ကသာစိုစို့လာပါတော့တယ်။
ဒီလိုနဲ့ ကျွန်တော်ဟာ သိမ်တော်ကြီးဘုရားဆီ ညနေတိုင်းသွားပြီး ဂုဏ်တော်
တထောင်ပုတီးစိတ်၊ မေတ္တာပို့၊ သစ္စာဆို၊ အမျှအတန်းပေးဝေတဲ့အလုပ် ကို
နေ့စဉ်လုပ်ရင်း ဘေးဆိုးကြမ်္မာဆိုးကလွတ်အောင်
ဆုတောင်းလို့သာ နေရပါတော့တယ်။ ကျွန်တော့်မိန်းမကတော့ သတ်္တိကောင်းသူမို့
မင်းသား ကြီးရဲ့လူတွေထဲက အကြီးဆုံးလူ (တပ်ဆွယ်မှူးဆိုလား)ကို ရအောင်
သွားတွေ့ပြီး မတရားချောက်တွန်းခံရတာဖြစ်ကြောင်း အစုံအလင်ရှင်းပြ ပါတယ်။
ဒီလိုနဲ့ မရှေးမနှောင်းမှာဘဲ တပ်ဆွယ်မှူးဆိုသူဟာ တိုင်းမှူးနဲ့
အခြေအတင်ဖြစ်ကြလို့ဆိုလား၊ တခြားနယ်မှာရှိတဲ့ တိုက်ခိုက်ရေးဘက် ကို
ပြောင်းသွားရပါသတဲ့။ အဲဒီ တပြိုင်တည်းမှာပဲ ရန်ကုန်က နန်းကျ ဘုရင်
သက်တော်ရှည်ကြီးရဲ့ ဆွေတော်မျိုးတော်တွေ နရသိန်နန်းမှာ
တသက်တာစံမြန်းကုန်ကြတဲ့ဖြစ်စဉ်နဲ့တွဲပြီး ကျွန်တော်တို့တိုင်းမှူးလည်း တနွယ်ငင်သွားလို့ နန်းတော်ပေါ်ကနေတဲ့ ကုပ်ပေါ်ကို မိသားစုတစင်လုံး လိမ့်ကျကုန်ပါတော့တယ်။ နိုင်ငံအ၀န်း ရုတ်ရုတ်သဲသဲဖြစ်နေကြတုန်းမှာပဲ
ကျွန်တော်တို့မြို့ကြီး ၀ုန်းခနဲ မီးထ,လောင်လိုက်တာ နိုင်ငံခြားကုမ္ဗဏီ
ဆယ်ခုစလုံး ပြာကျသွားပြီး မြန်မာ့အကြီးဆုံးမီး စံချိန်တင်သွားခဲ့ပါလေ ရော။
မနက်ဆယ်နာရီမှာ မြို့ပေါ်က စ,လောင်လိုက်တဲ့မီးဟာ ပင်လယ်ထဲ ကျောက်ချထားတဲ့
ငါးဖမ်းစက်လှေတွေဆီထိ ခုန်ပျံကျော်လွှားကူးစက် လောင်ကျွမ်းပြီး
ညနေငါးနာရီခွဲမှ လောင်စရာကုန်လို့ ငြိမ်းသွားပါတော့ တယ်။ အဲဒီမီးကြီးဟာ
မြို့ကြီးကိုသာမက သုံးလနီးပါးကြာအောင် ကျွန်တော်တို့မိသားစုကို
လောင်မြိုက်နေတဲ့ သောကတွေကိုပါ သိမ်းကျုံး လောင်ကျွမ်းသွားတာမို့
မိသားစုအပေါ်က ကြမ္မာဆိုးကြီးဟာ ပိန်းကြာ ဖက်မှာ ရေမတင်သလို
လျှောကျသွားခဲ့ပါရောခင်ဗျား။
ကျွန်တော့်အဖြစ်က ဒီမှာတင် ဇာတ်သိမ်းသွားသင့်ပြီပေါ့ခင်ဗျာ။ ဒါပေမဲ့ ဆန်းကျယ်လွန်းတဲ့ကံကြမ္မာလို့ပဲ
ပြောရမလား။ အဖြစ်အပျက် တွေ ပြီးဆုံးပြီး သိပ်မကြာမြင့်မီ တနေ့မှာ
ရုံးခန်းထဲက ကျွန်တော့်စားပွဲ ပေါ်သို့ သားရေဖုံးဒိုင်ယာရီစာအုပ်
အနက်ရောင်တအုပ် ဘယ်သူလာထား မှန်းမသိဘဲ ရောက်ရှိနေပါတယ်။
ပိုင်ရှင်လာယူမလားဆိုပြီး တရက်နှစ်ရက် တော့ ဒီအတိုင်းထားထားပေမယ့်
ပိုင်ရှင်ပေါ်မလာပါဘူး။ ဒါနဲ့ပဲ စာအုပ် ကို လှန်လှောစစ်ဆေးမိပါတော့တယ်။ ကြုံရာကို လှန်လိုက်တယ်ဆိုရင်ပဲ အဝေးသင်အနီးကပ်ဆယ်ရက်သင်တန်းတုန်းက
ကျွန်တော် ပို့ချခဲ့တဲ့ စကားတွေ၊ လက်ချာတွေကို အသေးစိတ် ၏၊ သည်၊ ၍ မလွဲ
ရေးသား မှတ်တမ်းတင်ထားတာ တွေ့ရပါတော့တယ်။ လက်စသတ်တော့ ကက်ဆက်ခွေနဲ့
နှစ်ခွေစာတောင်ရှိတယ်ဆိုတဲ့
လက်သည်ပေါ်လာပါရော လား။ စာအုပ်ပိုင်ရှင်က ကျွန်တော့်ဌာနက
ဒေသခံဆရာမငယ်တယောက် ဖြစ်ပြီး အသံဖမ်းပေးသူက ပါ/ချုပ်ရုံးခန်းက
ကောင်လေးဆိုတာပါ မှတ် တမ်းတွေအရ သိလိုက်ရပါတော့တယ်။ ဒီတော့မှ ကောင်လေးက
ကျွန်တော့်လက်ချာတွေကို စိတ်ဝင်တစား နားထောင်ခဲ့တာရယ်၊ စာအုပ်
ပိုင်ရှင်ဆရာမငယ်က ပါ/ချုပ်ကို စာအိပ်ရှည်ကြီးတလုံးပေးနေတာတွေပါ အမှတ်ထင်ထင်ပြန်မြင်ယောင်လာမိရင်း
ဘာလုပ်သင့်သလဲဆိုပြီး တွေးစရာတွေ အမျှင်တန်းလာပြန်ပါတယ်။ နောက်ဆုံးတော့
ဆုံးဖြတ် ချက်တခုချဖြစ်လိုက်ပါတယ်။ အဖြစ်အပျက်တွေ ပြီးဆုံးသွားပြီမို့
ဘာမျှ ဆက်မရှည်ချင်တော့ပါဘူး။ ဒိုင်ယာရီစာအုပ်ကလေးကိုသာ မမေ့ကောင်း စရာ
တသက်တာမှတ်တမ်းလေးအဖြစ် လျှို့ဝှက်စွာသိမ်းဆည်းထားလိုက်တော့မယ်လို့ပေါ။
သြော် ခုတော့လည်း နှစ်များစွာကျော်လွှားလွန်မြောက်ခဲ့ပြီမို့
နိုင်ငံတော်နဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ဘ၀တွေ ပိုကောင်းလာသလား၊
ပိုဆိုးသွားသလား မသဲကွဲသေးပေမယ့် အချိန်တွေနဲ့ဖြစ်ရပ်တွေကိုဖြင့် နောက်ပြန်လှည့်လို့မရတောပါဘူး။
ကြိုးဒဏ်၊ ကျွန်းဒဏ်ကျခံခဲ့ရတဲ့ မဟာဆီမဟာသွေးတွေလည်း ခုတော့
မဟာဇောတိကကြီးတွေဖြစ်၊ မင်းသားကြီးခမျာလည်း နေအိမ်ခြံဝင်းထဲ
ပျောက်ကွယ်နေခဲ့ရာက ခုတော့ ထင်ရှားပေါ်လာ။ ဘုရားဒကာ ကျောင်းဒကာဘ၀ခံယူ၊
လယ်ယာခြံမြေ အသိမ်းခံရသူတွေ ပြန်လည်ရလိုမှုကြောင့် ထောင်ထဲရောက်သူရောက်၊
နေစရာပျောက်သွားသူတွေက ပျောက်ကုန်ကြ။ စကားတွေ ကမ္ဘာနှစ်ပတ် ပတ်ပြီးချိန်မှာ
အမှန်တရားကတော့ ဖိနပ်တောင်မစီးရသေး။ သူလည်း လုပ်ချင် ငါလည်းလုပ်ချင်
သမ္မတထွန်ရေးငင်သူတွေက ငင်ကြ။ တာဝန်ကို အာဏာထင်ပြီး ပီအာရ်(PR)
ဇာတ်ထုတ်ခင်းဖို့ ဟန်တပြင်ပြင်ဖြစ်နေတဲ့ မောင်မင်းကြီးသားတွေကို
ကြည့်ရတာလည်း အလဲထိုးခံလိုက်ရတာတောင် ဆုယူစင်မြင့်ပေါ်တက်ချင်သေးတဲ့ လက်ဝှေ့သမားလိုလူတွေမို့ နိုင်ငံတော် ကံကြမ္မာအရေးကိုတော့ မျှော်တွေးရင်း ရင်လေးနေမိပါတော့တယ်ခင်ဗျား။
ကိုမာကျော
Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment