Tuesday, October 14, 2014

ဥပဒေပြင်ပရှိ ကားများကို ဥပဒေဘောင်အတွင်း ရောက်ရှိအောင် ဆောင်ရွက်ခြင်းဖြစ်ဟု ဦးအောင်မင်းဆို

ငြိမ်းချမ်းရေး အဖွဲ့အစည်းများအား ကားပါမစ်ပေးခြင်း မဟုတ်ဘဲ ၎င်းတို့၏ ဥပဒေပြင်ပရှိ ကားများကို ဥပဒေဘောင်အတွင်း ရောက်ရှိအောင် ဆောင်ရွက်ခြင်းဖြစ်ဟု ဦးအောင်မင်းဆို
ငြိမ်းချမ်းရေး အဖွဲ့အစည်းများအား ကားပါမစ်ပေးခြင်းမဟုတ်ဘဲ ၎င်းတို့၏ ဥပဒေပြင်ပရှိ ကားများအား ဥပဒေဘောင်အတွင်း ရောက်ရှိအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) မှ ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။
ဦးအောင်မင်းက နေပြည်တော်တွင် အောက်တိုဘာ ၁၃ ရက်က ပြုလုပ်သည့်
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက် မြောက်နေ့တွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC)၏ နိုင်ငံတကာမှ အထောက်အပံ့ရရှိသော ဘဏ္ဍာငွေအပါအဝင် လုပ်ငန်းတိုးတက်မှု အခြေအနေနှင့်ပတ်သက်၍ လွှတ်တော်သို့ လာရောက်ရှင်းလင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၏ မေးခွန်းနှင့် ပတ်သက်၍ MPC ဥက္ကဋ္ဌ ဦးအောင်မင်းက “ကျွန်တော်တို့ သူတို့ကို ကားပါမစ်ပေးတယ် မဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့ အမိန့်စာထဲမှာလည်း ကားပါမစ်ပေးတယ်လို့လည်း မရေးပါဘူးခင်ဗျာ။ ကျွန်တော်တို့ပေးတာက သူတို့စီးတဲ့ကားတွေကို Registerလုပ်ပေးတာပဲ ဖြစ်ပါတယ်။ မှတ်ပုံတင်ပေးတာပဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
“ကျွန်တော်တို့ နိုင်ငံရေးတည်ဆောက်တဲ့ ကိစ္စဟာ ဥပဒေပြင်ပမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ဥပဒေထဲကို ရောက်လာအောင် ကျွန်တော်တို့က ခေါ်ရတဲ့လူတွေ ဖြစ်ပါတယ်။ အလားတူပဲ သူတို့ဥပဒေပြင်ပမှာရှိနေတဲ့ ကားတွေကို ဥပဒေထဲရောက်အောင် မှတ်ပုံတင်ပေးခြင်းသာ ဖြစ်ပါတယ်။ အဲဒီလိုတင်ပေးတဲ့ အခါမှာလည်း အဖွဲ့ပေါင်းအားလုံးပေါင်း ၁၆ ဖွဲ့ ဖြစ်တဲ့အတွက် ၁၆ ဖွဲ့ဆိုတဲ့အတွက် အဲဒီမှာ အရေအတွက် များပါတယ်။ ဒါကြောင့်မို့လို့ ဒီမှာအားလုံးပေါင်း လူကြီးစီးတဲ့ကားတွေကိုတော့ ကျွန်တော်တို့က တန်းပြီးတော့မှ မှတ်ပုံတင်ပေးလိုက်ပါတယ်။ လူငယ်တွေ တပ်ဖွဲ့ဝင်တွေစီးတဲ့ ကားတွေကိုတော့ အခွန် ၆ဝ ရာခိုင်နှုန်းဆောင်ပြီးမှ လုပ်ပေးတာ ဖြစ်ပါတယ်။ ဒီလို ၆ဝ ရာခိုင်နှုန်းဆောင်တာ ဆိုတာဟာ လုပ်ငန်းအသစ်အဆန်း မဟုတ်ပါဘူး။ ကျွန်တော်တို့ အရင်တုန်းက withoutလိုင်စင်ကားတွေကို လုပ်ပေးတဲ့ နည်းစနစ်အတိုင်းသာ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်” ဟု ဆက်လက်ပြောကြားသည်။
MPCဥက္ကဋ္ဌ ဦးအောင်မင်းက လူကြီးများစီးသည့် ကားအားလုံးပေါင်း ၃၇ဝ ရှိပြီး Register လုပ်ပေးပြီးသည်မှာ ၂၅၇ စီးရှိကြောင်း၊ ထို့နောက် တပ်ဖွဲ့ဝင်များစီးရန် အားလုံးပေါင်း ၇၄ဝ တွင် ၅၂၃ စီး Registerလုပ်ပေးပြီးပြီဖြစ်ကာ အားလုံးခွင့်ပြုထားသည်မှာ ၁၁၁ဝ ဖြစ်ပြီး လက်ရှိတွင် စုစုပေါင်းအစီးရေ ၇၈ဝ ခွင့်ပြုပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
“အဲဒီတော့ ဒီကားတွေကိုလည်း နံပါတ်တွေကို ပေးတဲ့အခါမှာ ကညနကနေပြီးတော့ နံပါတ်ကို groupingနဲ့ ထုတ်ပေးပါတယ်။ အဲဒီပေးတဲ့ လိုင်စင်စာအုပ်မှာ တံဆိပ်တုံး နှိပ်လိုက်ပါတယ်။ အဲဒီတံဆိပ်တုံးက ဘာလဲဆိုရင် ဒီကားကိုပိုင်ရှင်ကပဲ စီးရမယ်။ လက်လွှဲလက်ပြောင်း မပြုရဘူးဆိုတဲ့ သဘောမျိုး ဒီလိုရေးထားခြင်းဖြစ်တယ်။ ဒီကားတွေဟာ အပြင်မှာ သွားရောင်းရင် ဈေးကောင်းမရပါဘူး။ အဲလိုစနစ်တကျ လုပ်ထားခြင်း ဖြစ်ပါတယ်။ ကား Register လုပ်ပေးတယ်ဆိုတာလည်း Cabinetကိုတင်ပြပြီးကာမှ ခွင့်ပြုချက်နဲ့ ထုတ်ပေးခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့တစ်ဦး တစ်ယောက်ချင်းရဲ့ သဘောအရ ဆောင်ရွက်ပေးခြင်း မဟုတ်ကြောင်းလည်း ဒီလိုတင်ပြအပ်ပါတယ်” ဟု MPC ဥက္ကဋ္ဌ ဦးအောင်မင်းက ရှင်းလင်းဖြေကြားသည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့က မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာနMPCတွင် ကျင်းပသည့် အစည်းအဝေးတစ်ရပ်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးကားပါမစ်များဖြင့် ပတ်သက်၍ ပြောကြားခဲ့ရာ၌ ကားလိုင်စင်များအား အစိုးရအဖွဲ့ကိုယ်စား ၎င်းကိုယ်တိုင် ပေးခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသား ခေါင်းဆောင်များအတွက် အခွန်မဲ့ကားအစီးရေ ၃၇ဝ၊ လက်အောက်ငယ်သားများအတွက် အခွန် ၆ဝ ရာခိုင်နှုန်းသာ ဆောင်ရမည့်ကား အစီးရေ ၇၄ဝ၊ စုစုပေါင်းကားအစီးရေ ၁၁၁ဝ အတွက် လိုင်စင်ထုတ်ပေးခဲ့ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ကညနတွင် စုံစမ်းမှုအရ ငြိမ်းချမ်းရေး ကားပါမစ်များအတွက် ကားအစီးရေ ၃ဝဝဝ စာ နံပါတ်ချန်ထားကြောင်း၊ ချန်ထားသည့် နံပါတ်မှာ 9E/1000ကျော် (စပေးစဉ်က ၉င/၁ဝဝဝ ကျော်နံပါတ်) များဖြစ်ကြောင်း သိရသည်။

Credit - Eleven Media Group

 

 

 

 

 

 

No comments:

Post a Comment