ကရင်လက်နက်ကိုင်အဖွဲ့လေးဖွဲ့ပူးပေါင်းပြီး
ကော်သူးလေတပ်မတော်ပေါင်းစည်းမှုနှင့်ပတ်သက်ပြီး
ကရင်လက်နက်ကိုင်အဖွဲ့များအကြား ရှုပ်ထွေးမှုများဖြစ်ပေါ်နေကြောင်း သိရသည်။
အောက်တိုဘာ ၁၃ ရက်က ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် KNLA ၊ KNDO ၊ DKBA
နှင့် KNU/KNLA-PC တို့ ပူးပေါင်းပြီး ကော်သူးလေတပ်မတော်အဖြစ်
ပေါင်းစည်းလိုက်ကြောင်း ကြေညာချက်တစ်စောင် ထွက်ပေါ်ခဲ့သည်။
ထိုကြေညာချက်၏အောက်ခြေတွင် KNLA ဒုတိယစစ်ဦးစီးချုပ် စောဘောကျော်ဟဲ၊ KNDO
စစ်ဦးစီးချုပ် စောနယ်ဒါးမြ၊ DKBA ကလိုထူးဘော စစ်ဌာနချုပ်စစ်ဦးစီးချုပ်
စောလားပွယ်၊ KNU/KNLA-PC ၏ နယ်စပ်လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး(အထူး) ဗျူဟာ
ဗျူဟာမှူး တိုက်ဂါးတို့က လက်မှတ်ရေးထိုးခဲ့သည်။
အောက်တိုဘာ ၁၄
ရက်အစောပိုင်းက ထွက်ပေါ်ခဲ့သောသတင်းများအရ ကော်သူးလေတပ်မတော်ပေါင်းစည်းမှု
ကြေညာချက်သည် ကြေညာချက်အစစ်အမှန်မဟုတ်ကြောင်း ကရင်လက်နက်ကိုင်အဖွဲ့များက
ထုတ်ဖော်ပြောကြားခဲ့သည်။ သို့သော် ကြေညာချက်တွင် လက်မှတ်ရေးထိုးခဲ့သူ
ကာယကံရှင်များဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုမှုမရှိခဲ့ဘဲ အောက်တိုဘာ ၁၄
ရက်မှာပင် KNU ဗဟိုဌာနချုပ်၏ ကြေညာချက်တစ်စောင် ထွက်ပေါ်ခဲ့သည်။
ကော်သူးလေတပ်မတော် ပေါင်းစည်းမှုတွင် ပါဝင်လက်မှတ်ထိုးခဲ့သော KNLA
ဒုတိယစစ်ဦးစီးချုပ်နှင့် KNDO စစ်ဦးစီးချုပ်တို့သည် KNU
လက်အောက်ခံများဖြစ်သည့်အတွက် KNU ဗဟိုဌာနချုပ်က
ကြေညာချက်ထုတ်ပြန်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ KNU ဗဟိုဌာနချုပ်၏ကြေညာချက်ကို
ကာကွယ်ရေးဌာန တာဝန်ခံ စောရောဂျာခင်က
လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
KNU ၏ထုတ်ပြန်ချက်အရ
ကရင်လက်နက်ကိုင်အဖွဲ့များ စည်းလုံးညီညွတ်ရေးကို KNLA စစ်ဦးစီးချုပ်
စောဂျော်နီကဦးဆောင်သော ကရင်လက်နက်ကိုင်တပ်ဖွဲ့များ
စည်းလုံးညီညွတ်ရေးကော်မတီက အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။
သို့ရာတွင် အောက်တိုဘာ ၁၃ ရက်ကဖွဲ့စည်းလိုက်သော ကော်သူးလေတပ်မတော် (KAF)
ပေါင်းစည်းမှုတွင်ပါဝင်ခဲ့သော KNLA ဒုတိယစစ်ဦးစီးချုပ်နှင့် KNDO
စစ်ဦးစီးချုပ်တို့သည် ၎င်းတို့၏သဘောထားအမြင်အပေါ်တွင်သာ
လုပ်ဆောင်ခြင်းဖြစ်သည်ဟု KNU ကဆိုသည်။
"တကယ်ပြောရရင်
ကရင်လက်နက်ကိုင်အဖွဲ့တွေ တစ်ဖွဲ့တည်းဖြစ်ရေး လူထုကလည်းဆန္ဒရှိတယ်။
ကျွန်တော်တို့လည်းဆန္ဒရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့
အဲဒီလိုအကောင်အထည်ဖော်တဲ့နေရာမှာ တကယ့်ကော်သူးလေတပ်မတော်ကိုဖွဲ့ဖို့ဆိုတာ
KNU မှာသဘောထားမရှိသေးဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ KNLA ဆိုတာက KNU ရဲ့
ဦးဆောင်မှုအောက်မှာ။ ကော်သူးလေတပ်မတော်ကိုဖွဲ့လိုက်မယ်ဆိုရင်
ဘယ်သူ့လက်အောက်မှာရှိမှာလဲ။ ဒါကြောင့်မို့လို့ အခုလက်မှတ်ထိုးတာကတော့
ကျွန်တော်တို့ ဒုစစ်ဦးစီးချုပ်ကိုယ်တိုင်ကတော့ လက်မှတ်ထိုးတယ်။
ဒါသူ့သဘောထားဖြစ်တယ်။ ဒီကိစ္စကို သူ့ကိုလည်းပြောထားတယ်" ဟု KNU ၏
အထွေထွေအတွင်းရေးမှူး စောကွယ်ထူးဝင်းက The Daily Eleven သို့ ပြောကြားသည်။
အောက်တိုဘာ ၁၄ ရက်မှာပင် KNU/ KNLA-PC ၏ အမိန့်တစ်စောင်
ထပ်မံထွက်ပေါ်ခဲ့ပြီး ကော်သူးလေတပ်မတော်ပေါင်းစည်းမှု၌ လက်မှတ်ရေးထိုးခဲ့သူ
အထူးစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စော်အယ်ကော်ထူး (ခေါ်) စောတိုက်ဂါးကို
အဖွဲ့မှထုတ်ပယ်လိုက်ကြောင်း ဖော်ပြပါရှိခဲ့သည်။
ဗိုလ်မှူးကြီးတိုက်ဂါးကို KNU/ KNLA-PC မှထုတ်ပယ်လိုက်ခြင်းသည်
အမိန့်ညွှန်ကြားချက်များအပေါ် လေးစားလိုက်နာမှုမရှိဘဲ မထီမဲ့မြင်ပြုလုပ်ခြင်း၊
အဖွဲ့အစည်း၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းမှုမရှိစေရန်
ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်ကို ပျက်ကွက်ခြင်း၊
ဗဟိုဌာနချုပ်လူကြီးများနှင့် တွေ့ဆုံရန် ဆင့်ခေါ်ခြင်းအပေါ် မလာရောက်ဘဲ
အကြိမ်ကြိမ်ပျက်ကွက်ခြင်းတို့ကြောင့်ဖြစ်ကြောင်း KNU/ KNLA-PC ၏
အမိန့်တွင်ဖော်ပြခဲ့သည်။ ထို့အမိန့်ကို KNU/ KNLA-PC ဗဟိုဌာနချုပ်မှ
ဗိုလ်မှူးကြီး စောဂျိုးဇက်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ
ယင်းအခြေအနေနှင့်ပတ်သက်၍ ဗိုလ်မှူးကြီး တိုက်ဂါးနှင့် ဗိုလ်မှူးကြီး
စောဂျိုးဇက်တို့ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရခဲ့ပေ။
ထို့အတူ
အောက်တိုဘာ ၁၄ ရက်မှာ ပင်ကော်သူးလေတပ်မတော်ပေါင်းစည်းမှု ကြေညာချက်တွင်
လက်မှတ်ရေးထိုးခဲ့သူ DKBA စစ်ဦးစီးချုပ် စောလားပွယ်၏ထုတ်ပြန်ချက်တစ်စောင်
ထွက်ပေါ်ခဲ့ပြန်သည်။
DKBA စစ်ဦးစီးချုပ် စေားလားပွယ်၏ထုတ်ပြန်ချက်အရ
ကော်သူးလေပေါင်းစည်းမှုသည် လက်တွေ့ကျသော နည်းလမ်းတစ်ရပ်ဖြစ်ကြောင်း
ပြောဆိုထားပြီး ကော်သူးလေဆိုသည်မှာလည်း
ကရင်အမျိုးသားထုတစ်ရပ်လုံးပိုင်ဆိုင်သော အမည်နာမဖြစ်သည်ဟုဆိုသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီအနေဖြင့်လည်း
ကရင်လက်နက်ကိုင်အဖွဲ့များညီညွတ်လျှင် အလွန်ကောင်းမည်ဆိုသော ပြောဆိုချက်အရ
ယခုလုပ်ဆောင်မှုသည် လုပ်ဆောင်သင့်သော လုပ်ငန်းစဉ်တစ်ရပ်အဖြစ်
လက်ခံယုံကြည်ထားကြောင်း ဗိုလ်ချုပ်ကြီးစောလားပွယ်က ပြောကြားသည်။
ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းသွားမည်ဖြစ်ပြီး
၎င်းတို့နှင့်ပူးပေါင်းလိုသူများကိုလည်း ဗိုလ်ချုပ်စောလားပွယ်က ဖိတ်ခေါ်ခဲ့သည်။
ဗိုလ်ချုပ်ကြီးစောလားပွယ်က လက်မှတ်ရေးထိုးပြီး
ယင်းကဲ့သို့ပြောကြားခဲ့သော်လည်း ဗိုလ်ချုပ်ကြီးစောလားပွယ်၏
ကျန်းမာရေးအခြေအနေ၊ လက်မှတ်ထိုးရာတွင်ဖော်ပြခဲ့သော ရာထူးမှားယွင်းမှု၊ DKBA
ဗျူဟာမှူး စောဆန်းအောင် ပျောက်ဆုံးနေမှုများမှာလည်း DKBA
အဖွဲ့နှင့်ပတ်သက်ပြီး ရှုပ်ထွေးမှုများရှိနေသည်ဟု ကရင်ဒေသခံများက
ပြောကြားသည်။
ဗိုလ်ချုပ်ကြီးစောလားပွယ်၏သဘောထားသည် အောက်တိုဘာ ၁၄
ရက်ကထုတ်ပြန်ထားသည့် ကြေညာချက်အတိုင်းသာဖြစ်ပြီး ငြိမ်းချမ်းရေးကို
စည်းလုံးမှုဖြင့်လုပ်ဆောင်ရန် ရည်ရွယ်ခြင်းသာဖြစ်သည်ဟု မြ၀တီမြို့ရှိ DKBA
ဆက်ဆံရေးရုံးတာဝန်ခံ စောစိုးမြင့်ကဆိုသည်။
အောက်တိုဘာ ၁၃
ရက်ကထုတ်ပြန်ခဲ့သည့် ကော်သူးလေတပ်မတော် ပေါင်းစည်းမှုကြေညာချက်တွင်
ကော်သူးလေတပ်မတော်သည် ကရင်အမျိုးသားခေါင်းဆောင်ကြီး
စောဘဦးကြီး၏မူလေးချက်အပေါ် ရပ်တည်မည်ဖြစ်ပြီး ကရင်တစ်မျိုးသားလုံးနှင့်
ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်သွားမည်ဟုဆိုသည်။ ထို့အပြင် KNLA၊ KNDO ၊
DKBA နှင့် KNU/KNLA-PC တို့သည် တစ်ခုတည်းသော
ကရင်အလံတော်အောက်တွင်ရှိနေပြီး အဖွဲ့တစ်ခုခုအပေါ် ထိပါးလာခြင်း၊
ကျူးကျော်တိုက်ခိုက်လာခြင်းနှင့် စော်ကားလာခြင်းများပြုလုပ်ခံရပါက
အဖွဲ့အနေဖြင့် တညီတညွတ်တည်း ခုခံတိုက်ပွဲဝင်မည်ဟု ပြောကြားခဲ့သည်။
လက်ရှိအခြေအနေအရ ကော်သူးလေတပ်မတော်ပေါင်းစည်မှုတွင်
လက်မှတ်ရေးထိုးခဲ့သူများထဲ၌ DKBA မှလွဲ၍ ကျန်အဖွဲ့များမှာ
မိခင်ဌာနချုပ်များကို ကိုယ်စားမပြုကြောင်း ပြောဆိုမှုများရှိနေသည့်နည်းတူ
၎င်းတို့၏ပေါင်းစည်းမှုမှာလည်း တစ်ဖွဲ့တည်းအနေဖြင့် ပေါင်းစည်းခြင်းမဟုတ်ဘဲ
တစ်ဖွဲ့ချင်းစီအလိုက်ရပ်တည်ပြီး ပူးပေါင်းဆောင်ရွက်မည်ကို
ဆိုလိုခြင်းဖြစ်ကြောင်း ပြောဆိုမှုများရှိနေသည်။
ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း ကရင်ပြည်နယ်၌ အစိုးရနှင့် DKBA တို့အကြား
တိုက်ပွဲများဆက်တိုက်ဖြစ်ခဲ့ပြီးနောက် ကော်သူးလေတပ်မတော်ပေါင်းစည်းမှု
ထွက်ပေါ်လာခြင်းဖြစ်သည်။
ကရင်ပြည်နယ်အတွင်း လှုပ်ရှားလျက်ရှိနေသော
DKBA၊ KNU/KNLA-PC နှင့် နယ်ခြားစောင့်တပ် (BGF) အဖွဲ့များသည် KNU
၏ဦးဆောင်မှုအောက်မှ အဆင့်ဆင့်ခွဲထွက်ခဲ့သော အဖွဲ့များဖြစ်သည်။
Credit - Eleven Media Group
No comments:
Post a Comment