Monday, October 13, 2014

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေး နိုဝင်ဘာ ၁၂ ရက်နေ့တွင် စတင်မည်

ရန်ကုန်၊ အောက်တိုဘာ ၁၂

အမျိုးသားပညာရေး ဥပဒေ အပါအဝင် လက်ရှိ ပညာရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဦးတည်ဆွေးနွေးမည့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကို လာမည့် နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုဇေယျာလွင်က ပြောကြားသည်။

အမျိုးသားပညာရေး ဥပဒေကို တက္ကသိုလ် ကျောင်းသားများ ကျောင်းပိတ်ချိန်တွင် အတည်ပြုသွားခြင်းကြောင့် ယင်းကဲ့သို့ အရေးပေါ် အစည်းအဝေး ပြုလုပ်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။


“အရေးပေါ် အစည်းအဝေး လုပ်ဖို့ လိုတယ်။ ကျောင်းသားတွေ ကျောင်းပိတ်ချိန် ဥပဒေ အတည်ပြုသွားတယ်။ ကျောင်းသားတွေက ဒီအပေါ် ထောက်ခံသလား၊ မထောက်ခံဘူးလား ဆိုတာ တိတိကျကျ ပြောဖို့လိုတယ်” ဟု ကိုဇေယျာလွင်က ရှင်းပြသည်။

အရေးပေါ် ကျောင်းသားထု အစည်းအဝေးသို့ နိုင်ငံတစ်ဝန်းမှ ကျောင်းသားသမဂ္ဂများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ပညာရေး လေ့လာစောင့်ကြည့်သူများနှင့် နိုင်ငံရေးပါတီများ ဖိတ်ကြားထားကြောင်း ၎င်းကဆိုသည်။

အစည်းအဝေး ပထမရက်တွင် အမျိုးသားပညာရေး ဥပဒေ အပါအဝင် ပညာရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ဒုတိယရက်တွင် ပညာရေး ပြုပြင်ပြောင်းလဲရေးနှင့် ပက်သက်ပြီး ကျောင်းသားများချည်းပဲ သီးသန့် အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါပွဲ စီစဉ်သူများထံမှ သိရှိရသည်။

“အစည်းအဝေးကနေ ချထားတဲ့ ဆုံးဖြတ်ချက်တွေကို အမျိုးသားနေ့ (နိုဝင်ဘာလ ၁၆ ရက်) မှာ စတင် အကောင်အထည် ဖော်မှာပါ” ဟု နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေး ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က ပြောကြားသည်။

အစည်းအဝေး ကျင်းပမည့်နေရာကို ကြိုတင် ထုတ်ဖော်ပြောကြားပါက အုပ်ချုပ်ရေး တာဝန်ရှိသူများ ဖိအားပေးမည်စိုး၍ မကြေညာနိုင်သေးကြောင်း ၎င်းက ပြောကြားသည်။

လတ်တလော လျာထားချက်များအရ အစည်းအဝေး တက်ရောက်ရန် တစ်နိုင်ငံလုံးမှ ကျောင်းသားကိုယ်စားလှယ် ၅၀၀ နီးပါး ရှိနိုင်ကြောင်း၊ အလှူငွေများကိုလည်း လိုက်လံ ကောက်ခံသွားမည် ဖြစ်ကြောင်း အရေးပေါ် အစည်းအဝေး ဖြစ်မြောက်ရေး အဖွဲ့ထံမှ သိရှိရသည်။


Credit - The Voice Weekly

 
 

No comments:

Post a Comment