
စစ်ကိုင်း၊ ဇူလိုင် ၁၈
နယ်စပ်မှတစ်ဆင့် ဝင်ရောက်လာသည့်
မူးယစ်ဆေးဝါးများ ဖြတ်ကျော် သယ်ဆောင်မှုများကို ဖမ်းဆီးရမိခြင်းများကြောင့်
စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ယမန်နှစ်ကထက် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု
မြင့်တက်လာခဲ့ကြောင်း စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူး
မြင့်ဆွေက ပြောကြားသည်။
တစ်နိုင်ငံလုံးကို မူးယစ်ဆေးဝါး
ကင်းစင်နယ်မြေအဖြစ် သတ်မှတ်နိုင်ရေး လက်ရှိနှစ်မှ ၂၀၁၉ ခုနှစ်ထိ
ငါးနှစ်အတွင်း အရှိန်အဟုန်မြင့် ဆောင်ရွက်နေချိန်တွင် အိန္ဒိယနိုင်ငံ
နယ်စပ်မှတစ်ဆင့် သယ်ယူလာသည့် ဆေးပြားများ ဖမ်းမိမှုများကြောင့် ဖမ်းဆီးရမိမှု
ပိုများလာခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီး
အတွင်း ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၈၉၉ မှုနှင့်
တရားခံဦးရေ တစ်ထောင်ကျော်ရှိကာ စိတ်ကြွဆေးပြား နှစ်ထောင်ကျော်
ဖမ်းဆီးရမိခဲ့ကြောင်း လက်ရှိ ၂၀၁၄ ခုနှစ် ဇွန်လထိ နှစ်ဝက် ကာလအတွင်း
မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု ၄၃၅ မှု၊ တရားခံ ၇၇၃ ဦး ရှိပြီး
စိတ်ကြွဆေးပြားပေါင်း နှစ်သောင်းနီးပါး ဖမ်းဆီးရမိကြောင်း ၎င်းက ထပ်မံ
ပြောကြားသည်။
“ခုနောက်ပိုင်း စစ်ကိုင်းမှာ ဆေးပြားတွေ များလာတယ်၊
မန္တလေးနဲ့ နီးတာလည်း ပါတာပေါ့၊ တစ်ပတ် ရပ်ကွက်တစ်ခုလောက် မူးယစ်ဆေးဝါး
အသိပညာပေးပွဲ လုပ်ရတယ်” ဟု စစ်ကိုင်းမြို့ရှိ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ
ဦးမောင်မောင်ညိုက ဆိုသည်။
ယင်းသို့ မူးယစ်ဆေးဝါး ရောင်းဝယ်
ဖောက်ကား သယ်ဆောင် သုံးစွဲသူများကို ဖမ်းဆီး အရေးယူလျက် ရှိသော်လည်း
မူးယစ်ဆေးဝါး သုံးစွဲသူ ကျောင်းသူ၊ ကျောင်းသားများ ယနေ့ထက်တိုင် ရှိနေဆဲ
ဖြစ်ကြောင်း စစ်ကိုင်းနည်းပညာ တက္ကသိုလ်ဌာနမှူး တစ်ဦးက ပြောကြားသည်။
“မူးယစ်ဆေးဝါးကို လူငယ်တွေ သုံးကြတာ တွေ့ရတယ်။ မြို့တိုင်းမှာလိုလို
ရှိတယ်” ဟု စစ်ကိုင်းမြို့ သမဝါယမ တက္ကသိုလ်တွင် တက်ရောက်ပညာ သင်ကြားနေသူ
မောင်ပြည့်ဖြိုးအောင်က ဆိုသည်။
မူးယစ်ဆေးဝါးကို လူငယ်များ
စူးစမ်းလိုစိတ်ဖြင့် မစမ်းသပ်သင့်ကြောင်း မူးယစ်ဆေးမှာ စွဲတတ်သည့်အရာ
ဖြစ်သဖြင့် ရှောင်ရှားသင့်ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး
ဆန့်ကျင်ရေးအသင်း ဗဟိုတာဝန်ရှိသူများက ပြောကြားသည်။
“စစ်ကိုင်းမှာ
မူးယစ်ဆေးဝါး သုံးစွဲသူ များလာတယ်လို့ ကြားတာကြောင့် စစ်ကိုင်းမှာရှိတဲ့
တက္ကသိုလ် ကောလိပ်တွေက ကျောင်းသူ၊ ကျောင်းသားတွေ စုပေါင်းပြီး မူးယစ်ဆေးဝါး
အသိပညာ ပေးပွဲလေး လုပ်ချင်တဲ့ ဆန္ဒကို မြို့မိမြို့ဖတွေ ပြောလိုက်တာကနေ
ပွဲလေး လုပ်ဖြစ်သွားတယ်” ဟု ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒက မိန့်ဆိုသည်။
စစ်ကိုင်းမြို့ရှိ စစ်ကိုင်းတက္ကသိုလ်၌ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၁
နာရီတွင် တက္ကသိုလ် ကောလိပ်ပေါင်းစုံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသိပညာပေး
ဟောပြောပွဲ ကျင်းပခဲ့ရာ မြို့ပေါ်ရှိ တက္ကသိုလ်နှင့်ကောလိပ်ခုနစ်ခုမှ
ကျောင်းသူ၊ ကျောင်းသားပေါင်း ၂၅၀၀ ကျော် တက်ရောက်ခဲ့သည်။
အဆိုပါပွဲတွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ဗဟိုမှ
တာဝန်ရှိသူများနှင့် လူမင်း၊ စည်သူလွင်၊ ရာဇာနေဝင်း၊ မေမြတ်နိုး၊ ယုသန္တာတင်
စသည့် အနုပညာရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။