Wednesday, October 15, 2014

ကော်သူးလေ တပ်မတော်ကိစ္စ ကေအင်န်ယူ အရေးပေါ်အစည်းအဝေးတွင် ဆွေးနွေးမည်

ကရင်အမျိုးသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ များ ကော်သူးလေတပ်မတော်အဖြစ် ပြန်လည်ပေါင်းစည်းခြင်း သဘောတူညီချက် ထုတ်ပြန်ချက် နှင့် ပတ်သက်၍ အောက်တိုဘာ၂၃ ရက်တွင် ပြုလုပ်မည့် ကရင်အမျိုးသား အစည်းအရုံး (KNU) အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးတွင်  ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကရင်အမျိုးသားလက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသော KNLA, KNDO, DKBA နှင့် KNU/KNLA-PC အဖွဲ့များသည် ကရင်အမျိုးသားလွတ်မြောက် ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲဝင်ကြသည့် အဖွဲ့များဖြစ်ပြီး ကရင်ပြည်သူလူထု ဆန္ဒနှင့်အညီ ကော်သူးလေ တပ်မတော်(KAF) အဖြစ် ပြန်လည် ပေါင်းစည်းရန်  သဘောတူညီကြောင်း အောက်တိုဘာ ၁၃ ရက် စွဲဖြင့်
ထုတ်ပြန်ချက်တစ်ခု အင်တာနက်တွင် ပျံ့နှံ့နေသည်။ ယင်းထုတ်ပြန်ချက်တွင်  KNLA  ဒုစစ်ဦးစီးချုပ်၊ KNDO ဦးစီးချုပ်၊ DKBA စစ်ဦးစီးချုပ်နှင့် PC ဗျူ ဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးတို့ လက်မှတ်ရေးထိုးထားသည်ကို တွေ့ရသည်။
အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကြိုတင်မသိရှိထားကြောင်း KNU နှင့် DKBA  တာဝန်ရှိသူများက ပြောသည်။
ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ KNU /KNLA စစ်ဦးစီးချုပ်အနေဖြင့် မသိရှိကြောင်းနှင့် ကာကွယ်ရေး တာဝန်ခံများနှင့် အောက်တိုဘာ ၁၄ ရက်က အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ ကြောင်း KNU အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။
‘‘အချင်းချင်း ပဋိပက္ခမဖြစ်ဖို့ စည်းလုံးညီညွတ်ရေး သဘောထားရှိတယ်။ ဒါပေမဲ့ ကော်သူးလေ တပ်မတော်ဖွဲ့ဖို့ထိတော့ သဘောထား မရှိဘူး’’ဟု ဖဒိုကွယ်ထူးဝင်းက ဆိုသည်။
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ ဗိုလ်ကြီးစောစိုးမြင့်ကလည်း ၎င်းတို့ စစ်ဦးစီးချုပ်အနေဖြင့်လည်း ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ မသိရှိကြောင်းနှင့် ယင်းထုတ်ပြန်ချက်ကြောင်း အစိုးရနှင့် ပြဿနာဖြစ်ပွားလာနိုင်မည်ကို  ပူပန်မိကြောင်း ပြောသည်။
 ကရင်အမျိုးသား  လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေး အဖွဲ့အစည်း (KNDO) တို့သည် ကရင်ပြည်နယ်တွင် အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့အစည်း ကရင်အမျိုးသား အစည်း အရုံး (KNU) ၏ နိုင်ငံရေးဦးဆောင်မှုကို အပြည့်အ၀ခံယူသည့် လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည့် အောက်တိုဘာ ၁၃ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကရင်အမျိုးသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့မှား (KAF) ပြန်လည်ပေါင်းစည်းခြင်း သဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးသည့် KNLA ဒုစစ်ဦးစီးချုပ်နှင့် KNDO ဦးစီးချုပ်တို့သည် ၎င်းတို့ သဘောထားအမြင်အပေါ်တွင် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
အောက်တိုဘာ ၁၄ ရက်က ထုတ်ပြန်သော KNU ကြေညာ ချက်တွင် ကရင်အမျိုးသားလက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များ ပြန်လည်ပေါင်းစည်းခြင်း သည် ကရင်အမျိုးသားအစည်းအရုံး ၁၅ ကြိမ်မြောက် ကွန်ဂရက်မှ  ချမှတ်ထားသော မူဝါဒဖြစ်ပြီး KNLA စစ်ဦးစီးချုပ်က ဦးဆောင်နေသော ကရင်လက်နက်ကိုင် တပ်ဖွဲ့များ စည်းလုံးညီညွတ်ရေး ကော်မတီ (UCKAG) အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း  ဖော်ပြထားသည်။
KNU အနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဆက်လက်ဆွေးနွေး အဖြေရှာသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။
Credit - 7DAY DAILY

No comments:

Post a Comment