
မြ၀တီမြို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သားတစ်ဦး(ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
အပြီးသတ်အပစ် အခတ်ရပ်စဲရေးအဆင့် မရောက်သေးသည့်အတွက် ကရင်ပြည်နယ်တွင် သေနတ်သံများ ပြန်ကြားနေရခြင်းဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။
‘‘ကျွန်တော်တို့ အခုလုပ်ထားတာဟာ အပြီးသတ် အပစ်အခတ်ရပ်စဲရေးအဆင့်ကို မရောက်သေးတဲ့အတွက် ကရင်ပြည်နယ်မှာ သေနတ်သံတွေ ပြန်ကြားရခြင်း ဖြစ်ပါတယ်’’ဟု သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။
ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အဓိကဆောင်ရွက်နေသော မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ယခုလ ၁၃ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ၀န်ကြီးဦးအောင်မင်း လာရောက်ရှင်းလင်းရာတွင် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းကို မေးမြန်းမှုအပေါ် ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ကရင်ပြည်နယ်အတွင်း စစ်ပွဲများ ပြန်လည်ဖြစ်ပွားနေခြင်းကြောင့် အပြစ်မဲ့ပြည်သူအများ ဒုက္ခဆင်းရဲမျိုးစုံခံစားနေရသည့် အတွက် ယင်းကိစ္စရပ်ကို MPC အနေဖြင့် မည်ကဲ့သို့ ကူညီဆောင် ရွက်ပေးမည်ဆိုသည်ကို ဘားအံ မဲဆန္ဒနယ်မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေအွားက ၀န်ကြီး ဦးအောင်မင်းအား မေးမြန်းခဲ့သည်။ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စတင်ဆောင်ရွက်ရာတွင် မည်သည့်လုပ်ငန်းစဉ်မှ စတင်ဆောင်ရွက်ရမည်ကို မသိရှိ၍ လေ့လာမှုများစွာ လုပ်ဆောင်ခဲ့ရပြီး ၎င်း လုပ်ငန်းစဉ်များသည် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်မှသာ အောင်မြင်မှုရနိုင်သည့်အတွက် တစ်ဆင့်ချင်း ဆောင်ရွက်နေရ ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
‘‘ဖြစ်စဉ်ကို ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့နဲ့ လက်မှတ်ထိုးထားတဲ့ ကလိုထူးဘောအဖွဲ့ က တပ်သားအချို့ဟာ ကျိုက်မရောမြို့ကို ၀င်လာပြီးတဲ့အခါမှာ သေနတ်တွေကို ဘေးအိမ်မှာအပ်ထားပါတယ်။ ဒီနေရာက သေနတ်ယူခွင့်မရှိတဲ့နေရာဖြစ်ပါတယ်။ အဲဒီနေရာမှာရှိတဲ့ သေနတ်တွေကို သိမ်းလိုက်တာကနေစပြီး ပြဿ နာတွေဖြစ်တာ ဖြစ်ပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့ ပစ်မထားပါဘူး။ အသေးကစပြီး ပြသာဒ်မီးလောင်နိုင်တယ်ဆိုတဲ့ ကိစ္စလို့ ခံယူထားပါတယ်။ ဒါကြောင့် ဒီကိစ္စကို အမြန်ဆုံးပြေငြိမ်းနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်’’ ဟု ဦးအောင်မင်းက ပြောသည်။
‘‘အပစ်အခတ်ရပ်စဲရေး စာချုပ် မချုပ်နိုင်သေးခင် အောက်ခြေမှာတော့ ဒီလိုမျိုးတွေ ဖြစ်နိုင်ပါတယ်။ ကျန်တာကတော့ ဘာမှမပြောလိုပါဘူး’’ဟု မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအကြံပေး ဦးညိုအုန်းမြင့်က ပြောသည်။
Credit - 7DAY DAILY
No comments:
Post a Comment