Tuesday, October 14, 2014

ငြိမ်းချမ်းရေးလုပ်ငန်းများတွင် နိုင်ငံတကာ ထောက်ပံ့ငွေများကို မျက်နှာငယ်စွာ အသုံးပြုနေရဟု ဦးအောင်မင်း ပြောကြား

ရန်ကုန်၊ အောက်တိုဘာ ၁၃

ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးသော ပြည်တွင်းစစ်ကို အဆုံးသတ်ရန် ဆောင်ရွက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းများတွင် နိုင်ငံတကာ ထောက်ပံ့ငွေများကို မျက်နှာငယ်စွာ အသုံးပြုနေရကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အောက်တိုဘာ ၁၃ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို ဆောင်ရွက်ရာတွင် မိမိအစိုးရ ဘဏ္ဍာငွေကို အသုံးမပြုနိုင်ဘဲ အမေရိကန်ပြည်ထောင်စု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊
သြစတြေးလျနိုင်ငံ၊ နော်ဝေနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံတို့မှ ပံ့ပိုးငွေများကို သုံးစွဲနေရကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက ဆိုသည်။
“ကျွန်တော်တို့မှာ ကျွန်တော်တို့ လက်ထဲမှာ ပိုက်ဆံကိုင်ခွင့် မရသေးဘူး၊ သိပ်မျက်နှာငယ်ဖို့ ကောင်းတယ်၊ ကိုယ့်အစိုးရ ပိုက်ဆံကို သုံးချင်တာပေါ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် သုံးလိုက်ရင် ကျန်လုပ်ငန်းတွေထဲက ဖဲ့ပေးလိုက်ရမှာစိုးလို့ မနည်းသည်းခံပြီး မျက်နှာငယ်စွာနဲ့ ဆောင်ရွက်နေရတာ ဖြစ်တယ်” ဟု ဦးအောင်မင်းက ဆိုသည်။
အဆိုပါ နိုင်ငံတကာ ထောက်ပံ့ငွေများကို အစိုးရသို့ တိုက်ရိုက်ပေးအပ်ခြင်း မဟုတ်ဘဲ အဆိုပါ နိုင်ငံများ၏ NGO အဖွဲ့အစည်းများမှ တစ်ဆင့် ကုန်ကျငွေစာရင်းနှင့် စိစစ်ထုတ်ပေးခြင်း ဖြစ်ကြောင်း ဦးအောင်မင်းက ပြောကြားသည်။
အဆိုပါ နိုင်ငံတကာ ထောက်ပံ့ငွေများမှ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဒေသခံ ပြည်သူများအပေါ်တွင် ယုံကြည်မှု တည်ဆောက်ရေး ပိုမိုတိုးတက်ခိုင်မာမှု ရှိစေရန်အတွက် ရှေ့ပြေးလုပ်ငန်းများကို လုပ်ဆောင်ရန် ကျောက်ကြီးဒေသတွင် အမေရိကန်ဒေါ်လာ ၁၆၀၀၀၀၊ ရေဖြူဒေသတွင် အမေရိကန်ဒေါ်လာ ၈၅၆၇၅ နှင့် ထားဝယ်၊ ပုလောဒေသများတွင် အမေရိကန်ဒေါ်လာ ၂၆၆၂၆၀ သုံးစွဲထားပြီး ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့ပြီး လက်နက်ကိုင် ၁၄ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ခဲ့သော်လည်း ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA နှင့် တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့နှင့် သဘောတူ ရေးထိုးနိုင်ခြင်း မရှိပေ။
ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UWPC နှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ ပါဝင်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အလုပ်အဖွဲ့ NCCT တို့ ခြောက်ကြိမ်တိုင် တွေ့ဆုံထားသော်လည်း တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ သဘောတူညီမှု မရှိခြင်းကြောင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပေ။
“ငြိမ်းချမ်းရေးအတွက် အားလုံးက အကူအညီယူပြီး လုပ်နေရတာပါပဲ၊ ဒါပေမဲ့ လုပ်ရတာနဲ့အညီ တိုးတက်တာပဲ ဖြစ်စေချင်တယ်၊ တကယ်ရည်ရွယ်ချက် ကောင်းရင် ဖြစ်နိုင်မှာပါ၊ အခုက တိုက်ပွဲတချို့ ဖြစ်ပွားထားတော့ ယုံကြည်မှုကို အတိုင်းအတာ တစ်ခုထိ လျော့ကျစေနိုင်ပါတယ်” ဟု NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက ဆိုသည်။
သို့သော်လည်း စက်တင်ဘာ နောက်ဆုံးပတ်မှ စတင်ကာ အစိုးရ တပ်မတော်နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့်လည်း နှစ်ဖက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။
ယင်းသို့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းနေချိန်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေမှုကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်စေနိုင်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အလုပ်အဖွဲ့ NCCT ခေါင်းဆောင်အချို့က ထောက်ပြ ပြောဆိုကြသည်။

Credit - The Voice Weekly

No comments:

Post a Comment