ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့် ပတ်သက်၍ ထိုင်းအစိုးရ၏ သက်သေဖြစ်သော
မြန်မာလုပ်သားသုံးဦးကို အောက်တိုဘာ ၁၄ ရက်က စမွီခရိုင်တရားရုံးတွင်
စတင်စစ်ဆေးခဲ့ရာ ၎င်းတို့၏ ထွက်ဆိုချက်များသည် ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦး၏
အမှုအတွက် အခြေအနေကောင်းမွန်ကြောင်း မြန်မာသံရုံးအထူးအဖွဲ့က ပြောသည်။
ထိုင်းရဲတပ်ဖွဲ့၏ တရားလိုပြ သက်သေအဖြစ် ထားရှိသော ကိုမောင်မောင်နှင့် ကိုအောင်ဇော်လင်း၊ မနီနီအောင်တို့ကို အောက်တိုဘာ ၁၄ ရက်တွင် စမွီခရိုင်တရားရုံး၌ တစ်နေကုန် စတင်စစ်ဆေးခဲ့သည်။
‘‘အဓိက ကိုမောင်မောင်ရဲ့ ထွက်ဆိုချက်တွေက အမှုအတွက် အခြေအနေ အများကြီးကောင်းနိုင်ပါတယ်။ လူသတ်တရားခံတွေက သူတို့မဟုတ်နိုင်ကြောင်းတွေ၊ နောက်အခင်းဖြစ်ပွားတဲ့နေရာမှာလည်း သူတို့မျက်မြင်မတွေ့ရှိ တာတွေ ထွက်ဆိုကြပါတယ်။ သူတို့ ထွက်ဆိုချက်တွေက အားတက်စရာပါ’’ ဟု ရုံးထုတ်စစ်ဆေးရာသို့ သွားရောက်ကြားနာသော မြန်မာသံရုံးအထူးအဖွဲ့မှ ဦးမင်းဦးကပြောသည်။
၎င်းတို့သုံးဦးကို စစ်ဆေးမှုများအပြီးတွင် အဆိုပါ အမှုတွဲအား ခရိုင်တရားရုံးထံ စွဲချက်တင်သွင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘အခုအချိန်ထိတော့ အမှုတွဲကို စွဲချက်တင်၊ မတင် မသိရသေးဘူး။ သူတို့ ထုတ်ပြန်မှာပါ။ စွဲချက်တင်ဖို့ရာ များပါတယ်’’ ဟု ဦးမင်းဦးကပြောသည်။
ဗြိတိန်စုံတွဲအသတ်ခံမှုတွင် ထိုင်းအစိုးရသက်သေအဖြစ် ထိုင်းရဲတပ်ဖွဲ့က ထိန်းသိမ်းထားသည့် အသက် (၂၁) နှစ်အရွယ် ကိုမောင်မောင်ကို မြန်မာသံရုံးအထူးအဖွဲ့ က အောက်တိုဘာ ၈ ရက်တွင် သွားရောက်စစ်ဆေးမေးမြန်းရာ ၎င်းက ဖမ်းဆီးခံနေရသည့် မြန်မာလုပ်သားနှစ်ဦးသည် ပြစ်မှုကျူးလွန်ခြင်းမဖြစ်နိုင်ကြောင်း မြန်မာသံရုံးအထူးအဖွဲ့အား ပြောကြားထားသည်။
တရားခံအဖြစ် စွပ်စွဲခံရသည့် မြန်မာ လုပ်သားနှစ်ဦး၏ အမှုတွဲကိုအောက်တိုဘာ ၈ ရက် က စွဲချက်တင်ရာ သက်သေအထောက်အထားမခိုင်လုံ၍ အစိုးရရှေ့နေများအဖွဲ့က ပြန်လည်စစ်ဆေးရန် ရဲတပ်ဖွဲ့ထံ ပြန်ပေးခဲ့သည်။
Credit - 7DAY DAILY

No comments:
Post a Comment