Tuesday, October 14, 2014

MPC အဖွဲ့ထဲတွင် ရန်သူများရှိသည်ကို ၀န်ခံကြောင်းနှင့် သူတို့အမှားများရှိပါက မိမိအားအပြစ်ပေးရန် ဦးအောင်မင်းပြောကြား

မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (Myanmar Peace Centre-MPC) အဖွဲ့ထဲတွင် ရန်သူများရှိသည်ကိုဝန်ခံကြောင်းနှင့် သူတို့အမှားများရှိပါက မိမိအားအပြစ်ပေးရန် နိုင်ငံတော်သမ္မတရုံးဝန်ကြီး MPC ဥက္ကဋ္ဌ ဦးအောင်မင်းက အောက်တိုဘာ ၁၃ ရက်တွင် လွှတ်တော်၌ပြောကြားသည်။
NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်မေးမြန်းသည့် "ပြီးခဲ့တဲ့နှစ်ပတ်လောက်က 7 Day ဂျာနယ်ကဆောင်းပါးတစ်ခုမှာပါတဲ့ အပြင်မှာ လူမှုရေး၊ စီးပွားရေးတွေဖောက်ပြန်တဲ့လူတွေက မြန်မာပြည်မှာလာပြီးတော့ နေရာရနေတယ်ဆိုပြီးဖော်ပြထားတာ အင်မတန်ဝမ်းနည်းစရာကောင်းပါတယ်။ နောက်တစ်ခုက ဒီ MPC
မှာခန့်ထားတဲ့ပုဂ္ဂိုလ်တွေဟာ ဒေါ်လာတွေ ထောင်နဲ့သောင်းနဲ့ချီပြီးတော့ရနေတယ်။ ရနေတယ်ဆိုတဲ့ကိစ္စဟာ ဘယ်လောက်များ Transparency ဖြစ်လဲ။ သိချင်ပါတယ်။ ဒါမှသာ MPC မှာလုပ်နေတဲ့သူတွေက ငြိမ်းချမ်းရေးကိုတကယ်လိုလားလို့၊ တကယ်စေတနာရှိလို့လုပ်တာလား၊ ဒါမှမဟုတ် တခြားပါဆင့်နိတ်ပါရှိလို့ရှိရင် အကဲဖြတ်နိုင်ပါ့မလား" ဆိုသည့်မေးခွန်းအား ဦးအောင်မင်းကပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးအောင်မင်းက "ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်ဖို့အတွက် ပလေယာတွေကောင်းဖို့လိုအပ်ပါတယ်။ နံပါတ်တစ်ပလေယာကတော့ သမ္မတကြီးဦးသိန်းစိန်အဖွဲ့၊ နံပါတ်နှစ်ကတော့ နာယကသူရဦးရွှေမန်းဦးစီးတဲ့အဖွဲ့၊ နံပါတ်သုံး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးစီးတဲ့ တပ်မတော်အဖွဲ့၊ နောက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒီပလေယာတွေကောင်းဖို့လိုအပ်ပါတယ်။
အဲတော့ နောက်ဆုံးပလေယာဖြစ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းများကို တင်ပြသွားမှာဖြစ်ပါတယ်။ အရင်တုန်းက နိုင်ငံတကာအဖွဲ့အစည်းတွေက ယခင်အစိုးရကို လုံးဝအကူအညီမပေးတဲ့အပြင် တစ်ဖက်အဖွဲ့အစည်းတွေကိုသွားပြီး ထောက်ပံ့ခဲ့တာရှိပါတယ်။ အဲလိုထောက်ပံ့ခဲ့လို့လည်း ငြိမ်းချမ်းရေးမရနိုင်ဘဲနဲ့ ပဋိပက္ခသံသရာကြီးကရှည်ကြာနေတာ ဖြစ်ပါတယ်။ သူတို့ပေးတဲ့အထောက်အထားတွေ ရှိပါတယ်။
ဒီအဖွဲ့တွေကလည်း ပေးတဲ့အထောက်အထားတွေကို ကျွန်တော်တင်ပြပြီးဖြစ်ပါတယ်။ အဲဒီမှာ နယ်စပ်မှာဆိုရင် အားလုံးကလွတ်မြောက်တဲ့နယ်မြေအဖြစ်ကြေညာပြီး အဲဒီမှာ ပြည့်ပြည့်စုံစုံနဲ့ အကုန်လည်းရကြပါတယ်။
အဲဒီမှာဆိုလို့ရှိရင် လက်နက်ကိုင်အင်အားတစ်သိန်းရှိပါတယ်။ နောက်ပြီးလို့ရှိရင် ကျွန်တော်တို့ဒုက္ခသည်စခန်းထဲမှာ အင်အားသုံးသိန်းခွဲရှိပါတယ်။ စစ်ပြေးဒုက္ခသည် ၄၆၅၀၀၀ ရှိပါတယ်။ အားလုံးပေါင်းလိုက်ရင် ၁၀ သိန်းလောက်ရှိတာပေါ့။ အဲဒီ ၁၀ သိန်းလောက်ကို နိုင်ငံတကာအဖွဲ့အစည်းတွေကပဲ ထောက်ပံ့ထားတာဖြစ်တယ်။ အဲဒီနိုင်ငံတကာအဖွဲ့ အစည်းတွေက ဘယ်သူတွေလဲဆိုရင် UNHCR ကနေပေးတယ်။ နောက်ပြီး နိုင်ငံ ၃၀ ကလည်း NGO နာမည်ခံပြီး ထောက်ပံ့တယ်။ အဲဒီထောက်ပံ့မှုတွေနဲ့ တိုက်ပွဲတွေကရှည်ကြာပြီးတော့ ဖြစ်နေတာပါ" ဟု ပြောကြားသည်။
"အခုတော့ နိုင်ငံတကာအဖွဲ့အစည်းတွေက နိုင်ငံတော်အစိုးရကိုယုံကြည်လို့ ထောက်ပံ့နေတာဖြစ်ပါတယ်။ အဲဒီတော့ သူတို့အားလုံးက ဒီဘက်ကိုပြောင်းပြီးတော့ ထောက်ပံ့တာဖြစ်တယ်။ အခုတောင် ကျွန်တော်တို့လက်ထဲမှာ ပိုက်ဆံကိုင်ခွင့်မရသေးဘူး။ သိပ်မျက်နှာငယ်ဖို့ကောင်းတယ်။ တကယ်တော့ ကိုယ့်အစိုးရပိုက်ဆံ ကိုယ်သုံးချင်တာပေါ့။ ဒီလောက်များတဲ့ပိုက်ဆံကို နိုင်ငံတော်အစိုးရကပေးမယ်ဆိုရင် လမ်းတွေတံတားတွေဆောက်တဲ့အခါမှာ အဲဒီပိုက်ဆံတွေနည်းသွားမှာပေါ့။ အဲဒါကြောင့် ဟိုဘက်ကရသလောက်ယူမယ်ဆိုတဲ့စိတ်နဲ့ သည်းညည်းခံပြီး မျက်နှာငယ်စွာဖြင့် ဆောင်ရွက်နေခြင်းဖြစ်တယ်။
အခုကျွန်တော်တို့ ဒီလိုလုပ်တဲ့အခါမှာ Fund တွေက ဒီဘက်ကိုရွှေ့လာတာဖြစ်တယ်။ အဲတော့ MPC က ပွင့်လင်းလား မပွင့်လင်းလားဆိုတော့ MPC ကမှ ဒီလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေ ABSDF အဖွဲ့တွေရှိပါတယ်။ အဲဒီတော့ ၁၉၈၈ နောက်ပိုင်းအရေးအခင်းဖြစ်တဲ့အခါမှာ ကျောင်းသားလူငယ်ထုက တချို့က မြေပေါ်မှာကျန်ခဲ့တယ်။ တချို့က တောထဲရောက်သွားတယ်။ အဲဒီတောထဲသွားတဲ့အဖွဲ့တွေက ABSDF ဆိုပြီးအမည်ခံတယ်။ အဲဒီကနေ ပညာတတ်တဲ့လူငယ်တွေက နိုင်ငံတကာရဲ့အထောက်အပံ့ကိုယူပြီးတော့ကာမှ နိုင်ငံခြားကိုထွက်ပြီးတော့ ဒေါက်တာဘွဲ့တွေ၊ ပါရဂူဘွဲ့တွေယူတယ်။
မဟာဘွဲ့တွေသွားယူပြီး ပြန်လာကြတယ်။ ဒီအဖွဲ့တွေက နိုင်ငံတော်ကိုသစ္စာရှိပါမယ်ဆိုပြီးတော့ ခံဝန်ချက်နဲ့ လာလုပ်နေတာဖြစ်တယ်။ ဒီအဖွဲ့တွေမှမပေါင်းဘူးဆိုရင် ဘယ်သူပေါင်းမှာလဲ။ MPC စင်တာဆိုတာကိုက ငြိမ်းချမ်းရေးလုပ်တဲ့အဖွဲ့အစည်းဖြစ်တယ်။ ဒီငြိမ်းချမ်းရေးအဖွဲ့အစည်းဆိုတာက ရန်သူနဲ့စကားပြောရတဲ့ အဖွဲ့အစည်းပဲ။ အဲဒီလို ရန်သူနဲ့မှစကားမပြောရင် ငြိမ်းချမ်းရေးက ဘယ်လိုမှလုပ်လို့ရမှာမဟုတ်ဘူး။
ကျွန်တော်တို့ထဲမှာ ရန်သူတွေရှိပါတယ်။ ကျွန်တော်ဝန်ခံပါတယ်။ ကိုယ့်လူဖြစ်အောင်တာဝန်ယူပြီး ဆောင်ရွက်သွားမယ်။ သူတို့မှားလို့ရှိရင် ကျွန်တော်တာဝန်ယူတယ်။ ကျွန်တော့်ကိုအပြစ်ပေးပါ" ဟု ဦးအောင်မင်းက ဆက်လက်ပြောကြားသည်။

Credit - Eleven Media Group

အောက်တိုဘာ ၁၃ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် MPC နှင့်ပတ်သက်၍ ရှင်းလင်းနေသည့် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း (ဓာတ်ပုံ-မျိုးမင်းထက်)

No comments:

Post a Comment