မန္တလေး၊ အောက်တိုဘာ ၁၆
ကျောင်းသူဖြူနှင်းထွေး လွတ်မြောက်ရေးအတွက် မန္တလေးမြို့ မဟာမုနိ (ဘုရားကြီး) ရင်ပြင်တော်တွင် ပြုလုပ်သည့် ဆုတောင်းပွဲတွင် ဖမ်းဆီးခံခဲ့ရသည့် တမာရိပ် အမျိုးသမီး ယဉ်ကျေးမှု အဖွဲ့ဝင်တစ်ဦးကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း ချမ်းမြသာစည်မြို့နယ် အမှတ် ၁၀ ရဲစခန်းမှူးက ပြောကြားသည်။
“ခွင့်ပြုချက်မယူဘဲ ဆုတောင်းပွဲ ပြုလုပ်တဲ့အတွက် အမှုဖွင့်ထားတာပါ။ ဥပဒေ အကြံပြုချက် တောင်းထားတယ်။ နိုဝင်ဘာ ၂၀ ရက်နေ့ရမယ်လို့ ထင်တယ်။ ဥပဒေ အကြံပြုချက်ရတာနဲ့ ရုံးတင်သွားမယ်။ အပြစ်ရှိတယ် မရှိဘူး ဆိုတာကို တရားရုံးက ဆုံးဖြတ်မယ်” ဟု ၎င်းကဆိုသည်။
မန္တလေးမြို့ မဟာမုနိဘုရားကြီးတွင် စက်တင်ဘာလ ၂၉ ရက်နေ့က
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ် အဖွဲ့ဝင် ဖြူနှင်းထွေး လွတ်မြောက်ရေးအတွက် တမာရိပ်အဖွဲ့မှ ဒေါ်တင်မာရီ အပါအဝင် အမျိုးသမီး ၃၀ ခန့်သည် ဆုတောင်းပွဲ ကျင်းပခဲ့ခြင်းနှင့် ပတ်သက်၍ အမှတ် ၁၀ ရဲစခန်းမှူးက ပြောကြားခြင်း ဖြစ်သည်။
“ကျွန်မမှာ ဘာအပြစ်မှမရှိဘူး။ အမျိုးသမီး အခွင့်အရေး အပြည့်အဝ ရရှိခံစားနိုင်ပါစေဆိုတဲ့ ဗီနိုင်းကိုင်ပြီး ဆုတောင်းတာပဲ ရှိတယ်။ အပြစ်မရှိတဲ့အတွက် ဘာအပြစ်မှ ခံစရာ မလိုပါဘူး” ဟု ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံရသူ တမာရိပ်အဖွဲ့မှ ဒေါ်တင်မာရီက ပြောကြားသည်။
ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံရသည့် တမာရိပ်အဖွဲ့မှ ဒေါ်တင်မာရီကို အောက်တိုဘာလ ၁၁ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင် အမှတ် ၁၀ ရဲစခန်းက ခေါ်ယူတွေ့ဆုံ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းစခန်းထံမှ သိရသည်။ ဒေါ်တင်မာရီကို ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်၍ အောက်တိုဘာလ ၃ ရက်နေ့က အမှတ် ၁၀ ရဲတပ်ဖွဲ့စခန်းတွင် ပ/၂၉၆/၂၀၁၄ ဖြင့် အမှုဖွင့်ထားကြောင်း အမှတ် ၁၀ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။
ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်ဝန်ထမ်း နှစ်ဦးကို ပြန်ပေးဆွဲသည် ဟူသည့် စွပ်စွဲချက်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တရားရုံးတွင် အမှုရင်ဆိုင်ရသည့် ဖြူနှင်းထွေးသည် အောက်တိုဘာလ ၁၅ ရက်နေ့က အမှုမှ တရားရှင်လွတ်ခဲ့သည်။
Credit - The Voice
No comments:
Post a Comment