Saturday, October 18, 2014

ဦးခင်ညွှန့်ပြီးနောက် အငြိမ်းစား စစ်ဘက်အဆင့်မြင့် အရာရှိကြီးတစ်ဦးအား ထောင်ဒဏ်ချမှတ်ခြင်းဖြစ်

အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးနှင့် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု၊ အစိုးရကိုအကြည်ညိုပျက်စေမှုတို့ဖြင့် ထောင်ဒဏ် ၁၃ နှစ်ချမှတ်၊ ဦးခင်ညွှန့်ပြီးနောက် အငြိမ်းစား စစ်ဘက်အဆင့်မြင့် အရာရှိကြီးတစ်ဦးအား ထောင်ဒဏ်ချမှတ်ခြင်းဖြစ်
အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးနှင့် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု၊ အစိုးရကို အကြည်ညိုပျက်စေမှုတို့ဖြင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ကြောင်းသိရပြီး ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်ခြင်းသည် ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးခင်ညွှန့်ပြီးနောက် အဆင့်မြင့် အငြိမ်းစား စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီး တစ်ဦးအား ထောင်ဒဏ်ချမှတ်ခဲ့ခြင်းလည်း ဖြစ်သည်။

အောက်တိုဘာ ၁၇ ရက် ဒက္ခိဏခရိုင် တရားရုံးမှ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ (၂၆) ကြိမ်မြောက် ရုံးချိန်း၌ ပြစ်မှုအမှတ် ၄၁/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၄ဝ၉ နှင့် ပြစ်မှုအမှတ် ၄၂/၂ဝ၁၄ ပြစ်မှုပုဒ်မ ၁၂၄ (က)အမှုတို့ဖြင့် နှစ်မှုစလုံးအတွက် ထောင်ဒဏ် ၁၃ နှစ်၊ ငွေဒဏ်တစ်သိန်း ပြစ်ဒဏ်အမိန့်ကို ဒက္ခိဏခရိုင် တရားရုံးက ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ဦးဆန်းဆင့်အား နိုင်ငံတော်က စွဲဆိုထားသော ပုဒ်မနှစ်ခုဖြစ်သည့် ပြစ်မှုအမှတ် ၄၁/၂ဝ၁၄ ပြစ်မှုပုဒ်မ ၄ဝ၉ ယုံကြည်အပ်နှံရေး ဖောက်ဖျက်ရေးအမှုကို ထောင်ဒဏ်သုံးနှစ်နှင့် ပြစ်မှုအမှတ် ၄၂/၂ဝ၁၄ ပြစ်မှုပုဒ်မ ၁၂၄ (က) အစိုးရကို အကြည်ညိုပျက်စေမှုတို့ဖြင့် ငွေဒဏ်တစ်သိန်း၊ ထောင်ဒဏ် ၁ဝ နှစ် (တစ်ကျွန်း) အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။
ဦးဆန်းဆင့်၏ တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက “တစ်ကျွန်းဆိုတာက အမျိုးမျိုးရှိတယ်။ အနှစ် ၂ဝ လည်းရှိတယ်။ ၁ဝ နှစ်လည်းရှိတယ်။ ဒဏ်ငွေမဆောင်ရင် ထောင်ဒဏ်တစ်နှစ်။ ဒဏ်ငွေကိုတော့ မိသားစုက ဆောင်လိုက်ပြီး အယူခံဝင်သွားမယ်။ အခုအမိန့်ကို ကူးထားတယ်။ အင်္ဂါနေ့မှရမယ်။ ရရင်ဝန်ကြီးဆီသွားပြီး ပါဝါထိုးရမယ်။ ထိုးပြီးမှ အယူခံစီစဉ်လို့ရမယ်။ အယူခံကိုတော့ မန္တလေးကို အရင်တင်မယ်။ စွဲချက်နဲ့ အမိန့်ကို ဒီနေရာမပြောလိုဘူး။ ပြောခွင့်ရှိတဲ့ နေရာနဲ့ အန္တရာယ်ကင်းတဲ့နေရာမှာ ပြောပါမယ်။ အမိန့်ချတဲ့အပေါ်မှာ ကျေနပ်လားလို့မေးရင် မကျေနပ်ဘူး။ မကျေနပ်တာ ဘာလို့လဲဆိုတော့ ရိုးသားစွာ မကျေနပ်တာ။ ကျွန်တော်တို့ကို ဝန်ကြီးက မှာချိန်တောင်မရဘူး။ သူတို့ဇွတ်အတင်း ဆွဲခေါ်သွားကြတာ။ အယူခံကိစ္စကိုတော့ ဆက်လုပ်သွားပါမယ်” ဟု ပြောကြားသည်။
ပုဒ်မ ၄ဝ၉ ဖြင့် ဦးဆန်းဆင့်အား စွဲဆိုထားသော အမှုတွင် ရုံးအမှတ် ၃၁ သာသနာရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးဆန်းဆင့်သည် ၂ဝ၁၃ -၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် ၂ဝ၁၃ ခုနစ် ဧပြီလမှ ဒီဇင်ဘာလအထိ သာသနာရေး ဝန်ကြီးဌာန၏ စည်းကမ်းချက်တွင် ပါဝင်ခြင်းမရှိသော လုပ်ငန်းရပ်ဖြစ်သည့် လယ်ဝေးမြို့နယ် ယက်ကန်းစင်တောင် ကျေးရွာ၌ နှစ်ကျိပ်ရှစ်ဆူ အောင်တော်မူစေတီတော်ကို မိသားစုအလှူတစ်ရပ် အနေဖြင့် ဆည်းကပ်ကိုးကွယ်ရာတွင် ဌာနပိုင် မော်တော်ယာဉ် ဝန်ထမ်းများအား ဌာနလုပ်ငန်းနှင့် မသက်ဆိုင်ဘဲ အသုံးပြုခဲ့ပြီး ဌာနပိုင်ဘဏ္ဍာငွေ၊ စက်သုံးဆီအပါအဝင် ငွေကျပ် ၃၃ သိန်း ကျော်ကို မိသားစုအနေဖြင့် လှူဒါန်းသော ဘုရားအတွက် ကိုယ်ကျိုးသုံးစွဲခဲ့ပြီး ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်တွင် ဌာနသို့ ပြန်လည်ပေးသွင်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက်တွင် ပြုလုပ်ခဲ့သည့် ယင်းစေတီတော် ထီးတော်တင်ပွဲတွင် ဌာနပိုင်ဘဏ္ဍာငွေ ကျပ်သိန်း ၁ဝဝ ကျော် ထုတ်ယူသုံးစွဲခဲ့ရာ ယင်းငွေများအနက် ငွေကျပ် ၂၈ သိန်းကျော်ကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် ပြန်လည်ပေးသွင်းခဲ့ပြီး ကျန်ငွေ ၇၂ သိန်းကျော်ကို ဝန်ကြီးဌာနနှင့် သက်ဆိုင်ခြင်းမရှိသည့် မိသားစုအနေဖြင့် လှူဒါန်းကာ ဘုရားအတွက် ကိုယ်ကျိုးသုံးစွဲခဲ့သည်ဟု ထင်ရှား၍ ၎င်းအမှုအတွက် ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
ပြစ်မှုအမှတ် ၄၂/၂ဝ၁၄ ပြစ်မှုပုဒ်မ ၁၂၄(က)အစိုးရကို အကြည်ညိုပျက်စေမှုတွင် ဝန်ကြီးဟောင်းဦးဆန်းဆင့်က လက်ရှိအစိုးရသည် အတုဖြစ်ပြီး နောင်တက်လာမည့် အစိုးရသည် အစစ်ဖြစ်ကြောင်း၊ အစိုးရကို အကြည်ညိုပျက်အောင် မလေးစားအောင်၊ မေတ္တာပျက် အောင်ပြုလုပ်မှု သံဃာနှင့်ပြည်သူများအား ပြုမူလှုံဆော်ခဲ့ကြောင်း ထင်ရှား၍ ငွေဒဏ်တစ်သိန်းနှင့် ထောင်ဒဏ် ၁ဝ နှစ် (တစ်ကျွန်း) ဒက္ခိဏခရိုင် တရားသူကြီးက ချမှတ်ခဲ့ကြောင်း သိရသည်။
ဒက္ခိဏခရိုင် တရားရုံးမှ အမိန့်ချပြီး ထွက်လာစဉ် ဦးဆန်းဆင့်က “ကျွန်တော် တရားဥပဒေအတိုင်း တရားစီရေးကို အားကိုးပြီး မှန်မှန်ကန်ကန် လုပ်မယ်ထင်လို့ ရင်ဆိုင်ခဲ့တာပါ။ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများနဲ့ ရဟန်းရှင်လူပြည်သူ အပေါင်းတို့ ကျွန်တော်ကို မေတ္တာပို့ပေးကြပါ” ဟု ပြောကြားခဲ့သည်။
“နိုင်ငံတော် အကြည်ညိုပျက်စေမှုဆိုတာ ဘာပြောလို့လဲ၊ ဘာလုပ်လို့လဲ။ ဒါကို ဥပဒေကနေ ဘယ်လိုအဓိပ္ပာယ်ဖွင့်လဲ။ နည်းနည်း သေသေချာချာ သုံးသပ်ရမယ်။ အခုတစ်ချိန်တည်းမှာ မွန်းတည့်နေ ကိစ္စကလည်း ရှိသေးတယ်။ ပြောရမယ်ဆိုရင် တစ်နိုင်ငံလုံးက သေသေချာချာ ဒီဟာကို သုံးသပ်ရမယ်။ နိုင်ငံတော် အကြည်ညိုပျက်မှုနဲ့ အစိုးရအဖွဲ့ဝင်တွေကို ဝေဖန်မှုဟာမတူဘူး။ မတူဘူးဆိုတာ အထူးသဖြင့် ဒီမိုကရေစီမှာ နားလည်ဖို့လိုတယ်။ အဲတော့ အသေးစိတ်ကို ဘယ်လိုပုံစံနဲ့ စီရင်ချက်ချတယ်ဆိုတာ မသိတော့ အခုတော့ သုံးသပ်ချက်ပေးဖို့ ခက်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြောကြားသည်။
“ဦးဆန်းဆင့်ကို အုပ်ချုပ်ရေးအဖွဲ့က တရားစွဲလို့ တရားစီရင်ရေး အပိုင်းကနေ ပြစ်ဒဏ်ချမှတ်ခဲ့တယ်။ တရားစီရင်ရေး အပိုင်းကိုတော့ ဘာမှမပြောချင်တော့ပါဘူး။ ဦးဆန်းဆင့်က ပြုပြင်ပြောင်းလဲမှုမှာ ပါဝင်ခဲ့တဲ့သူတစ်ယောက်လို့ အတိုက်အခံပါတီဝင် လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်ကြတာကိုလည်း ကြားရတာရှိတယ်။ အဲဒီတော့ အခုလို ဒုတိယအဆင့် ပြောင်းလဲရမယ့် ကာလတွေမှာ အတိုက်အခံ အင်အားစုတွေဘက်က ရပ်တည်မယ့် ဦးဆန်းဆင့်လို ပုဂ္ဂိုလ်မျိုးတွေ လျော့နည်းအောင် လုပ်နေကြတာလားလို့ပဲ သုံးသပ်ချင်ပါတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်သည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ရေကြည် မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်ပြီး သာသနာရေးဝန်ကြီးအဖြစ် တာဝန်မထမ်းဆောင်မီ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ထို့အတူ ယခင်စစ်အစိုးရ လက်ထက်ကလည်း ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး(ဗိုလ်မှူးချုပ်)အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ရာထူးတိုးမြှင့်ခံရပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် စစ်ရာထူးခန့်ချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူလည်းဖြစ်ပြီး ၎င်းတာဝန်ထမ်းဆောင်ခဲ့သည့် သက်တမ်းတစ်လျှောက် အဂတိတရား နည်းပါးသူအဖြစ်လည်း မှတ်ယူခံထားရသူ တစ်ဦးဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ရာထူးမှ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရချိန်တွင် ဧရာဝတီတိုင်းဒေသကြီးမှ ပြည်သူများက ၎င်းအား တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ရာထူးတွင်သာ ဆက်လက်တာဝန်ယူရန် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခြင်းခံရသူ တစ်ဦးလည်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ ရက်စွဲမှတ်တမ်းအချို့
- ၂၀၁၃ ဇန်န၀ါရီ ၂၂ ရက် - ဦးဆန်းဆင့်အား သာသနာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်တွင် သဘောထား တောင်းခံထားပြီး ဇန်နဝါရီ ၃၁ ရက်အထိ ကန့်ကွက်မည့်သူမရှိပါက ခန့်အပ်သွားမည်ဟုဆိုသည်။
- ၂၀၁၃ ဇန်န၀ါရီလ၂၈ နှင့် ၂၉ ရက် - ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်အား သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခြင်းမပြုဘဲ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် သက်တမ်းငါးနှစ် ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခွင့်ပေးရန် လွှတ်တော်ဥက္ကဋ္ဌ၏ မဲဆန္ဒနယ်မြေဖြစ်သည့် ရေကြည်မြို့နယ် အပါအဝင် ကျုံပျော်၊ ကန်ကြီးထောင့်၊ ငပုတော၊ ပုသိမ်၊ ငွေဆောင် စသည့်ဒေသများမှ တောင်သူလယ်သမားများ၊ ရေလုပ်သားများနှင့် ဒေသခံပြည်သူများ ဒေသခံပြည်သူ ၇ဝဝဝ ကျော်က လက်မှတ်ရေးထိုး တောင်းဆိုခဲ့သည်။
- ၂၀၁၃ ဖေဖော်ဝါရီလ ၁၄ ရက် - တိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေးကျင်းပ၍ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်နေရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးတင်စိုးအား ယှဉ်ပြိုင်သူမရှိ ရွေးချယ်တင်မြောက်ခဲ့သည်။
- ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂ ရက် - သာသနာရေးဝန်ကြီးဌာန၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ဦးဆန်းဆင့်က အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များ၏ အကျင့်ပျက်ခြစားမှု သက်သေအထောက်အထားများ မိမိတွင်ရှိနေကြောင်း၊ တပ်မတော်စစ်ရာထူးခန့်ချုပ် တာဝန်ထမ်းဆောင်စဉ်က အဆိုပါ အချက်အလက်များကို မှတ်တမ်းပြုစု ထိန်းသိမ်းကိုင်တွယ် ဆောင်ရွက်ရကြောင်း၊ အချို့သော တိုင်ကြားစာများမှာ ကတ္တီပါဖုံး ရွှေစာလုံးများဖြင့် ရေးသားထားသည့် တိုင်ကြားစာများလည်း ပါဝင်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။
- ၂၀၁၄ ဇွန် ၁၉ ရက် - သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို သိန်း ၁ဝဝ ခန့် အလွဲသုံးစားပြုမှုဖြင့် စသုံးလုံးက ဖမ်းဆီးအမှုဖွင့်ထားကြောင်း သတင်းရရှိသည်။ ပ/၂၁/၂ဝ၁၄ ပြစ်မှုပုဒ်မ ၄ဝ၉/ ၁ဝ၉ အရ ဥတ္တရသီရိမြို့ ဘုရားကုန်း မြို့မရဲစခန်းတွင် စ.စ.စ (အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန) က တရားလိုပြု အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။
- ၂၀၁၄ ဇွန် ၂၀ ရက် - ပြည်သူ့လွှတ်တော် အစည်းအဝေး ခေတ္တနားချိန်၌ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်သည် သမ္မတ၏ အကြိမ်ကြိမ် ပြောဆိုဆုံးမ ပြုပြင်ပေးမှုများကို မနာခံသဖြင့် တာဝန်မှရပ်စဲ လိုက်ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။
- ၂၀၁၄ ဇွန် ၁၉ ရက် - ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံးတွင် ပထမဦးဆုံးအကြိမ်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့ပြီး၊ အဆိုပါနေ့ ညနေပိုင်းတွင် ဦးဆန်းဆင့်အား ရမည်းသင်းထောင်၌ ထိန်းသိမ်းထားကြောင်း သိရသည်။
- ၂၀၁၄ ဇူလိုင် ၁ ရက် - ရာထူးမှဖယ်ရှားခံခဲ့ရပြီး အကျဉ်းထောင်အတွင်း ရောက်ရှိနေသည့် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့် ပြန်လည်လွတ်မြောက်ရေးနှင့် မူလရာထူးပြန်လည် ရရှိရေးအတွက် ဇူလိုင် ၁ ရက် နံနက်ပိုင်းမှစ၍ နေ့လည်ပိုင်းအထိ ပုသိမ်မြို့ ကန်သုံးဆင့်ဝင်းအတွင်းရှိ ဟစ်တိုင်တွင် ပထမဆုံးအကြိမ် ဟောပြောပွဲပြုလုပ်ကာ ပုသိမ်မြို့တွင်း လှည့်လည်ဆန္ဒပြခဲ့။
- ၂၀၁၄ ဇူလိုင် ၂ ရက် - မဟာသန္တိသုခကိစ္စအား သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုပ်ဆောင်ခြင်းဖြစ်ပြီး သာသနာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်လုပ်သည်ဟု ပြော၍မရကြောင်း သာသနာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးဝင်းအား သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်နာယက၏ ရှေ့မှောက်တွင် ကတိသစ္စာပြုပြီးနောက် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့။
- ၂၀၁၄ ဇူလိုင် ၃ ရက် - ရမည်းသင်းထောင်မှ နေပြည်တော်ကောင်စီ နယ်မြေရှိ ပုမ္ပသီရိမြို့နယ် တရားရုံးသို့ နှစ်ကြိမ်မြောက်ရုံးထုတ်လာစဉ် ဝန်ကြီးဟောင်း ဦးဆန်းဆင့်က “ကျွန်တော်သာသနာရေးလုပ်တာ အခုအချုပ်ခံရတဲ့သဘော ဖြစ်သွားတာပေါ့။ ကျွန်တော် သာသနာ့ဝန်ထမ်း လုပ်ဆောင်တဲ့ပုဂ္ဂိုလ်ဟာ ကောင်းမှုကုသိုလ်လုပ်တဲ့သူ ဖြစ်ပါတယ်။ ကျွန်တော်မဟုတ်တာ မလုပ်ဘူးလို့ ပြောချင်ပါတယ်။ ကျွန်တော်မှာ အပြစ်မရှိပါဘူး” ဟု ပြောကြားခဲ့သည်။ ဆက်လက်၍ “မှန်ကန်တဲ့အတွက် ရပ်တည်ရခြင်းဖြစ်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်သာသနာကိစ္စ ဆောင်ရွက်သော်လည်းပဲ ဒီနေ့ဘာလဲဆိုတော့ ကျွန်တော့်ကို စစ်ပြီးတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ပြီးသားကိစ္စကို အရေးယူဖို့ ဆောင်ရွက်တာ။ ဒါဟာ အလွန်ဘဲ မတရားပြုလုပ်မှုလို့ ကျွန်တော်သုံးသပ်ပါတယ်။ လူထုကို ပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ရဟန်းသံဃာတော်များ၊ သံဃာ့နာယက ဆရာတော်ကြီးများ၊ ဆရာတော် သံဃာတော်အပေါင်းတို့ဟာ မှန်ကန်ရပ်တည်တဲ့ ကျွန်တော့်အပေါ်မှာ နားလည်သဘောပေါက်ပြီး ရပ်တည်ပေးပါ။ ကျွန်တော့်ကို ကူညီစောင့်ရှောက်ကြပါတယ်။ သမာဒေဝ နတ်ကောင်းနတ်မြတ်များက စောင့်ရှောက်ပေးပါ။ ကျွန်တော် သစ္စာဆိုရဲပါတယ်။ ငါးပြားတစ်စေ့ကအစ ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်တာ မရှိပါဘူး။ ကျွန်တော်ရပ်တည်ချက် မှန်ကန်သော်လည်းပဲ သမ္မတရဲ့အမိန့်ကို မနာခံဘူးဆိုတဲ့ သဘောနဲ့ လုပ်တာပါ” ဟု ပြောကြားခဲ့သည်။
- ၂၀၁၄ ဇူလိုင် ၈ ရက် - ဇူလိုင် ၁၇ ရက် သုံးကြိမ်မြောက်ရုံးထုတ် စစ်ဆေးမည့် အစီအစဉ်ကို ဇူလိုင် ၈ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ ပြောင်းရွှေ့စစ်ဆေးခဲ့ရာတွင် ဦးဆန်းဆင့်၏ အပေါင်းအပါများအား ခရိုင်တရားရုံးက လွှတ်ပေးခဲ့သောကြောင့် ပုဒ်မ ၁ဝ၉ အား ပယ်ဖျက်ခဲ့ပြီးနောက် ဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ပြစ်မှုပုဒ်မ ၄ဝ၉/၁၂၄-(က)ဖြင့် အရေးယူ စစ်ဆေးခဲ့သည်။
- ၂၀၁၄ ဇူလိုင် ၂၂ ရက် - သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ လေးကြိမ်မြောက်ရုံးချိန်းတွင် မိသားစုများနှင့် ပထမဆုံး တွေ့ဆုံခွင့်ပေးခဲ့
- ၂၀၁၄ ဇူလိုင် ၃၀ ရက် - ငါးကြိမ်မြောက်ရုံးချိန်းတွင် ဦးဆန်းဆင့် ကျန်းမာရေး မကောင်းသဖြင့် ၎င်းမိသားစုဝင်များက ဆေးအာမခံရရှိရန် နေပြည်တော်ခရိုင် တရားရုံးတော်သို့ ဆေးအာမခံ လျှောက်ထားခဲ့သော်လည်း တရားရုံးက ပလပ်ခဲ့။
- ၂၀၁၄ သြဂုတ် ၆ ရက် - ခြောက်ကြိမ်မြောက် ရုံးချိန်းတွင် တရားလိုပြ သက်သေအဖြစ် ဒုတိယဝန်ကြီး ဦးမောင်မောင်ဌေးကို စစ်ဆေးခဲ့။
- ၂၀၁၄ သြဂုတ် ၁၅ ရက် - ဦးဆန်းဆင့်၏ ရှစ်ကြိမ်မြောက်ရုံးချိန်းတွင် ပုဒ်မ ၄ဝ၉ အတွက် သာသနာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နှစ်ဦးအား သက်သေအဖြစ် စစ်ဆေးခဲ့ကြောင်း၊ ပုဒ်မ ၁၂၄ (က)အတွက် ရုံးအဖွဲ့မှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများကို စစ်ဆေးခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ပြောကြားခဲ့။
- ၂၀၁၄ သြဂုတ် ၁၉ ရက်က - ဦးဆန်းဆင့်၏ ကိုးကြိမ်မြောက်ရုံးချိန်းတွင် သာသနာထွန်းကား ပြန့်ပွားရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စာရင်းစစ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ သာသနာရေးဌာန ဝိနိဇယဌာနခွဲမှ ညွှန်ကြားရေးမှူး၊ သာသနာရေးဝန်ကြီးဌာန ပုံနှိပ်ထုတ်ဝေရေးဌာနခွဲ ညွှန်ကြားရေးမှူး၊ သာသနာရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူးများကို တရားလိုပြ သက်သေများအဖြစ် စစ်ဆေးခဲ့ကြောင်း သိရသည်။
- ၂၀၁၄ သြဂုတ်လ ၂၂ ရက် - သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ (၁ဝ) ကြိမ်မြောက်ရုံးချိန်းတွင် သက်သေနှစ်ဦးဖြစ်သည့် သာသနာရေး ဝန်ကြီးဌာနမှ စီမံညွှန်မှူး ဦးခင်မောင်ဝင်းနှင့် ဦးထွန်းလင်း၊ သာသနာရေးဝန်ကြီးဌာန ငွေစာရင်းအရာရှိ ဒေါ်သင်းသင်းဆွေအား စစ်ဆေးခဲ့ပြီး ဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ ကျန်းမာရေးအခြေအနေ ဆိုးဝါးမှုကြောင့် စစ်ဆေးမှုအား နေ့တစ်ပိုင်းဖြင့် ရပ်နားခဲ့ရသည်။
- ၂၀၁၄ သြဂုတ် ၂၆ ရက် - ဦးဆန်းဆင့်၏ (၁၁) ကြိမ်မြောက်ရုံးချိန်းတွင် တရားလိုပြသက်သေ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ဦးစီးဌာနမှူး ဦးစိန်မော်နှင့် ဦးဆန်းဆင့်၏ ကိုယ်ရေးအရာရှိတို့အား စစ်ဆေးခဲ့။
- ၂၀၁၄ သြဂုတ် ၂၉ ရက် - ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ (၁၂) ကြိမ်မြောက်ရုံးချိန်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ဦးလွင်တို့အား လိုပြသက်သေအဖြစ် စစ်ဆေးခဲ့။
- ၂၀၁၄ စက်တင်ဘာ ၂ ရက် - ဦးဆန်းဆင့်၏ (၁၃) ကြိမ်မြောက်ရုံးချိန်း၌ ဒက္ခိဏခရိုင် တရားရုံးက စွဲချက်စတင်ခဲ့ကြောင်း သိရသည်။
- ၂၀၁၄ စက်တင်ဘာ ၅ ရက် - ဒက္ခိဏခရိုင် တရားရုံးတွင် ဦးဆန်းဆင့်၏ ၁၄ ကြိမ်မြောက်ရုံးချိန်း၌ ဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ ကျန်းမာရေး အခြေအနေကြောင့် နေ့တစ်ဝက်ဖြင့်ရပ်နားခဲ့။
- ၂၀၁၄ စက်တင်ဘာ ၃၀ ရက် - ဦးဆန်းဆင့်၏ အကြိမ် (၂၁) မြောက်ရုံးချိန်းတွင် တရားလိုပြသက်သေ ရှစ်ဦးအား စတင်စစ်ဆေးခဲ့။
- ၂၀၁၄ အာက်တိုဘာ ၃ ရက် - ဦးဆန်းဆင့်၏ (၂၂) ကြိမ်မြောက်ရုံးချိန်း၌ တရားခံပြသက်သေအဖြစ် ရေကြည်မှ ဦးပညာဇောတ၊ ဦးဝိဇာသနဲ့ ဦးအာဇိန္ဒ ဆရာတော်သုံးပါးအား ဒက္ခိဏခရိုင် တရားရုံး၌ စစ်ဆေးခဲ့။
- ၂၀၁၄ အောက်တိုဘာ ၇ ရက် - ဦးဆန်းဆင့်၏ (၂၃) ကြိမ်မြောက် ရုံးချိန်းတွင်Hot News ဂျာနယ်အယ်ဒီတာချုပ် အပါအဝင် လေးဦးက ဦးဆန်းဆင့်ဘက်မှ သက်သေခံထွက်ဆိုခဲ့သည်။
- အောက်တိုဘာ ၁၀ ရက် - ဒက္ခိဏခရိုင်တရားရုံးမှ ဦးဆန်းဆင့်၏ (၂၄) ကြိမ်မြောက်ရုံးချိန်း၌ ပြစ်မှုအမှတ် ၄၂/၂ဝ၁၄ ပုဒ်မ ၁၂၄ (က) တွင် ဦးဆန်းဆင့်၏ သက်သေတစ်ဦး မလာရှိ၍ ဒက္ခိဏခရိုင် တရားရုံးက ပလပ်လိုက်ပြီး မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးတွင် ဦးဆန်းဆင့်အား စွဲချက်တင်ထားသော အမှုနှစ်မှုစလုံးကို ပယ်ဖျက်ပေးရန် ပြင်ဆင်မှု လျှောက်ထားခဲ့ရာ အကျဉ်းနည်းဖြင့် ပလပ်လိုက်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ပြောကြားသည်။

Credit - Eleven Media Group

No comments:

Post a Comment