Thursday, October 16, 2014

ဒတ်ခ်ျရောဂါ (Dutch Disease)

  ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)

ဒတ်ခ်ျရောဂါ (Dutch Disease) ဟူသည် လူတို့တွင် ဖြစ်ပေါ်သော အနာရောဂါ မဟုတ်ဘဲ နိုင်ငံ၏ စီးပွားရေးပြဿနာတစ်ခု သို့မဟုတ် စီးပွားရေးရောဂါတစ်မျိုးပင် ဖြစ်သည်။
ဒတ်ခ်ျရောဂါသည် နယ်သာလန်နိုင်ငံ၏ ပို့ကုန်တစ်မျိုးဖြစ်သော သဘာဝဓာတ်ငွေ့ (Natural Gas) ကို ၁၉၅၉ ခုနှစ်တွင် အကြီးအကျယ်ရှာဖွေတွေ့ရှိပြီးနောက် ၎င်း၏ထုတ်လုပ်မှုကဏ္ဍ (Manufacturing Sector) ကျဆင်းသွားခြင်းကို The Economist ဂျာနယ်တွင် ၁၉၇၇ ခုနှစ်တွင် ဖော်ပြခဲ့ခြင်းမှ စတင်ခဲ့သည်။
၎င်းကဲ့သို့ ဗြိတိန်နိုင်ငံတွင်လည်း ရေနံ စတင်တွေ့ရှိပြီးနောက်
၎င်း၏ပို့ကုန်ပမာဏ မြင့်တက်လာခြင်းနှင့်အတူ အစိုးရဘဏ္ဍာရေးအသုံးစရိတ် မြှင့်တင်ခြင်းမူဝါဒ (Fiscal Expansion Policy) ကို အသုံးပြုစေခဲ့သောကြောင့် ပြည်တွင်းဘဏ်တိုးနှုန်း (Bank Interest Rate) ကို မြင့်တက်စေခဲ့ပြီး ပြည်ပနိုင်ငံများမှ ငွေကြေးအရင်းအနှီးစီးဝင်မှုများ (Capital Inflows) ကို ဖြစ်ပေါ်စေခဲ့သည်။ ရလဒ်အနေဖြင့် ဗြိတိန်နိုင်ငံ၏ ငွေကြေးတန်ဖိုးကို မြှင့်တင်ခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် ၎င်း၏ကုန်စည်နှင့် ဝန်ဆောင်မှုတို့၏ ဝယ်လိုအားကို ကျဆင်းစေခဲ့သည်။ ရေနံ၏ ပို့ကုန်ပမာဏ ရုတ်ခြည်းမြင့်တက်စေခြင်းနှင့်အတူ အခြားသောပို့ကုန်များ၏ ပို့ကုန်ပမာဏကို ကျဆင်းစေခဲ့သောအခြေအနေ ဖြစ်သည်။
ထို့ကြောင့် မိမိနိုင်ငံ၏ သဘာဝတွင်းထွက်သယံဇာတ (သို့မဟုတ်) ပို့ကုန်အမျိုးအမည်တစ်မျိုး (သို့မဟုတ်) ပို့ကုန်အမျိုးအမည်အနည်းစုကိုသာ မှီခိုအားထားနေရသောနိုင်ငံသည် ယင်းပို့ကုန်ပမာဏ မြင့်တက်လာခြင်းနှင့်အတူ အခြားသောပို့ကုန်များ၏ ပမာဏကို လျော့နည်းစေနိုင်သည်ဟုလည်း ပြောနိုင်သည်။
၎င်းအပြင် ဒတ်ခ်ျရောဂါကို ဖြစ်စေနိုင်သော အကြောင်းရင်းတစ်ခုမှာ ပြည်ပနိုင်ငံများမှ ငွေကြေးအကူအညီများ မြင့်တက်လာသော်လည်း ယင်းကို အကျိုးရှိစွာမသုံးနိုင်လျှင်လည်းကောင်း၊ ပြည်ပနိုင်ငံများ၏ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြ§ုပ်နှံမှုများ (FDI) ကို ကောင်းစွာ မစီမံမခန့်ခွဲနိုင်လျှင်လည်းကောင်း ယင်းနိုင်ငံ၏ ပို့ကုန်ပမာဏသည် လျော့နည်းသွားစေကာ ဒတ်ခ်ျရောဂါကို ဖြစ်ပေါ်စေပါသည်။
အကြောင်းမှာ ယင်းနိုင်ငံခြားငွေကြေးအထောက်အပံ့များနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် ပြည်တွင်းရှိ Factor Prices (ကုန်ထုတ်အရင်းအနှီးဈေးနှုန်းများ) ကို ရုတ်ခြည်းမြင့်တက်စေနိုင်ပြီး ယင်းကို သာမန်ကုန်ထုတ်လုပ်သူများနှင့် ပို့ကုန်တင်ပို့သူများအတွက် စရိတ်စက ကြီးမြင့်စေပြီး ၎င်းတို့၏ကုန်ထုတ်လုပ်မှုစရိတ်စက မြင့်မားစေခြင်းမှတစ်ဆင့် ပို့ကုန်ပမာဏလျော့နည်းခြင်းကို ဖြစ်တည်စေခြင်းပင် ဖြစ်သည်။
ဥပမာ ယင်းရင်းနှီးမြှုပ်နှံသူများသည် သဘာဝသယံဇာတ ထုတ်လုပ်သောလုပ်ငန်းများ ကုန်သွယ်ကုန်မဟုတ်သော ကုန်စည်များ (Non-Tradable Goods) တွင် ရင်းနှီးမြှုပ်နှံသော လုပ်ငန်းများသည် ကုန်ထုတ်လုပ်ငန်းများ၊ ကုန်သွယ်ကုန်ကို ကုန်စည်များထုတ်လုပ်သော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသော လုပ်ငန်းများထက် အဆမတန်မြင့်မားနေလျှင် ကုန်သွယ်ကုန်စည်များ (Tradable Goods) ကို ထုတ်လုပ်သော ကုန်ထုတ်လုပ်မှုစရိတ်စကများကို တစ်စတစ်စ မြင့်မားစေနိုင်ပြီး ပြည်ပဈေးကွက်များ (ပို့ကုန်ဈေးကွက်များ) တွင် တစ်စတစ်စ ယှဉ်ပြိုင်နိုင်မှုစွမ်းရည် လျော့နည်းကျဆင်းစေမည် ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့်လည်း တရားဝင်ထုတ်ပြန်သော ကိန်းဂဏန်းများအရ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် သဘာဝဓာတ်ငွေ့မှလွဲ၍ ကျန်ပို့ကုန်အမျိုးအမည်များသည် ပို့ကုန်ကျဆင်းခဲ့သည်ကို တွေ့ရသည်။ သို့သော် ၂ဝ၁၃-၂ဝ၁၄ တွင် အနည်းငယ်ပြန်လည် မြင့်တက်လာသော်လည်း သဘာဝဓာတ်ငွေ့ပို့ကုန်ကို ကျော်လွန်သော ပို့ကုန်အမျိုးအမည်များ ပေါ်ထွက်လာခြင်း မရှိသေးသည်ကို တွေ့မြင်ရသည်။
ထို့ကြောင့် ယနေ့လက်ခံရယူနေသော ပြည်ပငွေကြေးအကူအညီများ ပြည်ပနိုင်ငံများ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ကောင်းစွာလက်ခံစီမံခန့်ခွဲနိုင်မှသာ ပြည်ပပို့ကုန်ပမာဏနှင့် ပြည်ပပို့ကုန်အမျိုးအစားသစ်များ ပေါ်ထွက်မြင့်မားလာပေမည်။ သို့မဟုတ်ပါက မမျှော်မှန်းထားသော ဘေးထွက်ဆိုးကျိုးများကိုလည်း ရင်ဆိုင်ရနိုင်ပေသည်။ နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် ပြည်တွင်းဈေးနှုန်းများကိုလည်း ပြောင်းလဲသွားစေနိုင်ပါသည်။

Credit - Eleven Media Group

No comments:

Post a Comment