Saturday, October 18, 2014

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းနှင့်ပြောခြင်း

– အံ့ခေါင်မင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“၂၀၁၅ ရွေးကောက်ပွဲကို ဘယ်ပုံစံနဲ့လုပ်မှာလဲလို့ အရင်မေးကြည့်ရမှာ။
အဲဒါမှ မသိသေးဘဲ ဗျူဟာဘယ်လိုလို့ ချလို့ရမှာလဲ”
~~~~~~~~~~~~~~~~~~~~~~~~~~
ပြည်ခိုင်ဖြိုးလို သိပ်ပြည့်စုံတဲ့၊ ချမ်းသာတဲ့ ပါတီတွေက လူနည်းနည်းလေးတွေ နဲ့ မွေးပြီးတော့ ပါတီတွေ အများကြီး ဖွဲ့ထားရင်ရော အဲဒါတွေက မဟာမိတ် လို့ ခေါ်မလား။ အဲဒါမျိုးတွေလည်းရှိတယ်။ ပါတီနာမည် တပ်ပြီးတော့ ဘယ်သူ့ကိုမှ မပြောပါဘူး။ ဒါပေမဲ့ ဒီလို အခြေအနေကို တွေ့နေကြမှာပါ။ အများကြီးရှိပါတယ် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာ သည်နှင့်အမျှ ရွေးကောက်ပွဲဆိုင်ရာ ဆန်းစစ်ဝေဖန် သုံးသပ်ချက် များသည်လည်း အရှိန်အဟုန်မြင့်လျက် ရှိနေကြသည်။ ထိုဆန်းစစ် သုံးသပ်ချက်များထဲတွင်

၂၀၁၅ ရွေးကောက်ပွဲ၏ အဓိက Player ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရွေးကောက်ပွဲ ဆိုင်ရာ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ လည်း မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့် သူများက အထူးအလေးပေး ဆန်းစစ်လျက် ရှိကြသည်။ ထိုသို့ လေ့လာ ဆန်းစစ်ချက်များတွင် အများစုက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လက်ရှိ ထင်သာမြင်သာရှိသော ဆောင်ရွက်နေမှုများ အခြေအနေအရ ရွေးကောက်ပွဲ အခင်းအကျင်း ဆိုင်ရာ လုပ်ဆောင်မှုများတွင် အားနည်းလျက်ရှိကြောင်း သုံးသပ်လျက် ရှိကြသည်။ ထိုသုံးသပ် ချက်များအပေါ် အခြေပြု၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လက်ရှိဆောင်ရွက်နေမှု အခြေ အနေများနှင့် သဘောထား ရပ်တည်မှု အခြေအနေများကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ သည်များကို ဖော်ပြအပ်ပါသည်။

မေး – လက်ရှိပါတီတွင်းမှာ ပုံမှန်လုပ်ဆောင်နေတဲ့ ပါတီလုပ်ငန်းတွေအပြင် နိုင်ငံရေး လုပ်ရှားမှု အနေနဲ့ရော ပါတီ လုပ်ငန်းအနေနဲ့ ဘာတွေများ ဆောင်ရွက်နေတာ ရှိပါသလဲ။

ဖြေ – လက်ရှိကတော့ ပါတီကို ပြန်လည် ဖွဲ့စည်းထားတဲ့ လူငယ်အဖွဲ့အစည်း သူတို့တွေ လုပ်ငန်းခွင်နဲ့ ကျွန်တော်တို့ လုပ်နေတဲ့ နိုင်ငံရေးခွင်နဲ့ ၀င်လာအောင် သူတို့ကို ကျွန်တော်တို့ ခိုင်းနေရတာပေါ့။ ဒါကအဆင့်ဆင့်ပေါ့။ ပြည်နယ် တိုင်း အောက်မှာလည်း ရှိပါတယ်။ နောက်တစ်ခုကတော့ လောလောဆယ် ၂၀၁၅ ကို ကြားဖြတ် မရှိတော့ ၂၀၁၅ ကို ရည်ရွယ်ပြီး အောင်နိုင်ရေး ကော်မတီတစ်ရပ် ဖွဲ့နိုင်ဖို့ စဉ်းစားနေတယ်။ ပြုစု နေတယ် ပေါ့ဗျာ။ ဘယ်တော့ဖွဲ့ရမလဲ။ ဘယ်သူတွေနဲ့ ဖွဲ့မလဲဆိုတာ လုပ်နေတယ်။

မေး – အပြင်မှာ သတင်းတွေ ကြားနေရတာက လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီတွင်း လူငယ်တွေထဲက နေပြီးတော့ ကိုယ်စားလှယ်တွေ ရွေးချယ်သွားဖို့ ရှိနေတယ်လို့ ကြားရတယ်ခင်ဗျ။

ဖြေ – အဲလိုတော့ မရှိဘူး။ သူတို့မပါဘူးလို့ ပြောတာမဟုတ်ဘူး။ အဲလိုသီးခြား သူတို့လေးတွေအတွက် လာမယ့် ရွေးကောက်ပွဲမှာ ထည့်ပေးမယ်လို့ ဒီလိုတော့ မူမရှိပါဘူး။ ဒါပေမဲ့ အန်ကယ်လ်တို့ ပါတီရဲ့ ဦစားပေး ရွေးချယ်မှု ထဲမှာတော့ လူငယ်၊ အမျိုးသမီး၊ တိုင်းရင်းသားဆိုတာ ပါပြီးသားပါ။

မေး – ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အောင်နိုင်ရေး ကော်မတီဖွဲ့ဖို့ ဆောင်ရွက်နေတာ အပြင် ရွေးကောက်ပွဲ အခင်းအကျင်းအတွက် အခြားသော ဆောင်ရွက်မှုမျိုး ဘာတွေ များ ဆောင်ရွက်နေ တာ ရှိသေးလဲခင်ဗျ။

ဖြေ – ရွေးကောက်ပွဲဆိုင်ရာနဲ့ ပတ်သက်ရင် ကြားဖြတ်မှာတည်းက ဒီလိုပြင်ဆင်ထားတယ်။ အဲဒါတွေ ဘာမှ မလုပ်ဖြစ်ခဲ့ဘူး။ ပြည်သူလူထုကို မဲဆန္ဒပေးတဲ့ ပညာပေး အစီအစဉ်တွေ အန်ကယ်လ်တို့ လုပ်မယ်။ နောက် ပန်းဖလက်ကလေးတွေ ရိုက်နေတယ်။ ဒါပေမဲ့ ဒီစာတွေ လောလောဆယ်တော့ ရပ်ထားရတာပေါ့။ ဒါတွေက ဆက်လုပ်ရမှာပဲလေ။ ပန်းဖလက်လည်း အခုတိုင် လုပ်လို့မရသေးဘူး။ သူတို့က ပီအာရ် စနစ်ဘာညာ ဆိုတာက ရှိနေတော့ အန်ကယ်လ်က ဒီပန်းဖလက်မှာကိုက ဘယ်ဟာ ဘယ်လိုလုပ်ရမယ်၊ ပီအာရ်ဆိုရင် ဘယ်လိုမျိုး၊ တစ်မျိုးနဲ့တစ်မျိုး မတူဘူးလေ။ အဲဒါကြောင့် လုပ်တော့ လုပ်နေတယ်။ တိတိကျကျ အစိုးရ ကလည်း မကြေညာသေးဘူး။ ဆုံးဖြတ်ချက်ကလည်း သေချာမရှိတော့ ဒီကြားထဲမှာ လုပ်နေရတဲ့သဘော ဖြစ်နေတယ်။

မေး – လာမယ့် ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေပြီးတော့ အသစ်ထုတ်ပြန် လိုက်တဲ့ ၄၁ မျက်နှာ စည်းမျဉ်းအသစ် ဘောင်ထဲကနေ လုပ်ရမှာဆိုတော့ အဲဒီအပေါ်မှာ အန်ကယ်လ်တို့ အနေနဲ့ ဘာများပြောဖို့ ရှိပါသလဲ။

ဖြေ – အန်ကယ်လ်တို့ အဲဒီစည်းမျဉ်းကနေပြီး ဥပဒေဆိုတဲ့ နေရာမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်ထောင်စု ကော်မရှင်မှာ အဲဒီလိုထုတ်ပြန်ဖို့ဟာ မရှိဘူးလို့ ယူဆတယ်။ ဒီဟာသည် အန်ကယ့်လ် သဘောထား သက်သက် ပြောနေတာ မဟုတ်ဘူး။ ပြည်ထောင်စု ကော်မရှင်ရဲ့ အစည်းအဝေး ကျင်းပတဲ့ အချိန်မှာ အန်ကယ်လ်တို့ အဲဒီလို တင်ပြတာ။ အဲဒီတော့ သူတို့ လက်မခံဘူးလေ။ ၁/၂၀၁၄ လေးတွေ ထုတ်တာလေ။ ဒီဟာတွေက ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်တဲ့ လူတွေရော၊ မဲပေးတဲ့လူတွေရော ကန့်သတ်တဲ့ ညွှန်ကြားချက်တွေ။ ဒီလို ကန့်သတ်ခွင့်မရှိဘူး။ ဒီလို ကန့်သတ်ခွင့်ကိုလည်း ပြည်ထောင်စု ကော်မရှင် က ဘယ်ဥပဒေကမှ ပေးမထားဘူး။ အန်ကယ်လ်က အဲဒီလို မြင်တယ်။

မေး – ဒီစည်းမျဉ်းတွေနဲ့ ပတ်သက်ပြီးတော့ ဒီထဲမှာ NLD ပါတီကို အဓိကထား ရည်ရွယ်ပြီးတော့ ကန့်သတ်ထား တဲ့ ကန့်သတ်ချက်တွေ ပါနေတယ်လို့ ဆိုကြတယ်ခင်ဗျ။ အဲဒီအပေါ်မှာလည်း ကျန်တဲ့ပါတီတွေက တစ်စုံတစ်ရာ ကန့်ကွက်တာမျိုး မကြားရဘူးခင်ဗျ။ အဲဒီအပေါ်မှာ ဘာများ ပြောချင်ပါသလဲ။

ဖြေ – အန်ကယ်လ်တို့ကတော့ ဥပဒေတစ်ရပ် ထွက်လာမယ့် နိုင်ငံရေးနဲ့ ပတ်သက်တဲ့၊ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြောစရာရှိရင် ပြောမှာပဲ။ ဘယ်သူကိုမို့လို့ လုပ်လို့ပြောတယ်။ အဲဒီလို အဓိပ္ပာယ်မျိုးတော့ အန်ကယ်လ်တို့ မဟုတ်ဘူး။ ဥပဒေ တစ်ရပ်က အားလုံးနဲ့ ဆိုင်ပါတယ်။ ပြည်သူလူထုအားလုံးနဲ့ ဆိုင်ပါတယ်။ အဲဒါကြောင့် လိုအပ်ရင် ပြောမှာပဲ။ တခြားလူ မပြောတာကတော့ သူတို့အကြောင်းနဲ့ သူတို့ပဲ ဖြစ်ပါလိမ့်မယ်။

မေး – NLD ပါတီ အနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၁၅ နိုင်ငံရေး အခင်းအကျင်းအတွက် ဗျူဟာရှိရှိ၊ စီမံချက် ကျကျ သွားနေတဲ့ ပုံစံမျိုး မရှိဘူးလို့ ဝေဖန်သုံးသပ် နေကြတာမျိုး ရှိပါတယ်ခင်ဗျ။ အဲဒီအပေါ်မှာကော ဘာများ ပြောချင်ပါသလဲ။

ဖြေ – ဒါကတော့ ဆွေးနွေးတဲ့၊ ပြောတဲ့သူလည်း သူ့လည်း ချို့ယွင်းချက်ရှိမယ်။ ၂၀၁၄၊ ၂၀၁၅ ရွေးကောက်ပွဲကို ဘယ်ပုံစံနဲ့ လုပ်မှာလဲလို့ အရင်မေးကြည့်ရမှာ။ အဲဒါမှ မသိသေးဘဲ ဗျူဟာ ဘယ်လိုလုပ် ချလို့ရမှာလဲ။

မေး – လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့က နိုင်ငံရေး အခင်းအကျင်းမှာ အကွက် ကျကျ ဆောင်ရွက် နေတာ မျိုးတွေ့ရတဲ့အခါ အဲဒီအပေါ်မှာ အန်ကယ်လ်တို့ ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ – ပြည်ခိုင်ဖြိုးပါတီက အခုပြောင်းလဲမယ်ဆိုတဲ့ နိုင်ငံရေးစနစ်ကို သူတို့က ဦးဆောင်နေတာပဲ။ သူတို့ ဦးဆောင်ပြီး သူတို့ ရှေ့ကနေပြီးတော့ သူတို့အတွက် အကျိုးရှိအောင် သူတို့ကြိုးစားတာပေါ့။ အန်ကယ်လ် တို့ကတော့ စနစ်တကျ ပြောမယ်။ စနစ်တကျ ဝေဖန်မယ်။ အဲဒါဟာ သူတို့ ဘယ်လိုလုပ်တယ် ဆိုတာကို သိဖို့လိုတယ်။ သိရုံတင်မကပါဘူး။ တရားဝင်ထုတ်ပြန်တဲ့ စာတွေအပေါ်မှာပဲ အန်ကယ်လ်တို့ လုပ်လို့ရတယ်။

မေး – ရွေးကောက်စနစ် ပုံစံပြောင်းလဲဖို့ ဆောင်ရွက်နေကြ တာတွေကိုရော ခင်ဗျ။

ဖြေ – ဒီလိုရှိတယ်။ ပီအာရ်စနစ် ပတ်သက်ရင် အန်ကယ်လ်တို့ အဲသလောက် ပြောနေတာနဲ့တင် သိပ်ပြန် မပြောချင်ဘူး။ ပီအာရ်စနစ်က နည်းလမ်းပေါင်း မြောက်မြားစွာရှိ တယ်။ ပီအာရ်လို့ ပြောလိုက်ရင် နည်းလမ်း ပေါင်း မြောက်မြားစွာ ထဲက ဘာကိုသုံးမှာလဲ။ နောက်ပြီးတော့ အဖွင့်လား။ အပိတ်လား။ ၁၊ ၂၊ ၃ ကနေ ၄ ကနေ ၁ ကို သွားမှာလား။ ဒါတွေက နိုင်ငံအလိုက် သူတို့ လေ့လာကြည့်တော့ အများကြီး ကွဲကွဲပြားပြား ရှိတယ်။ အဲဒါကို စောင့်ပြီးတော့ ကြည့်ဖို့ လိုအပ်နေတယ်လို့ အန်ကယ်လ်ထင်တယ်။

မေး – ပြည်ခိုင်ဖြိုးဆိုရင် ပါတီ တော်တော်များများနဲ့ မဟာမိတ် ပုံစံမျိုး ပြုလုပ်နေတာ တွေ့ရတယ်ခင်ဗျ။ NLD ပါတီအနေနဲ့ရော အခြားပါတီတွေနဲ့ မဟာမိတ်အသွင် ဆက်ဆံလျက်ရှိတဲ့ အနေအထားက ဘယ်လိုများ ရှိပါသလဲခင်ဗျ။

ဖြေ – ပါတီတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် မူဝါဒမတူလို့ ပါတီတွေ အရေအတွက် များနေတာ။ မူဝါဒတူရင် ဒီလောက်များစရာမှ မလိုဘဲ။ အဲဒီတော့ မူဝါဒမတူတဲ့ လူချင်းတော့ တူတာကို ပေါင်းလို့ပဲရမယ်။ အားလုံး မဟာမိတ် ဆိုတဲ့ စကားလုံးတော့ သုံးလို့မရဘူး။ အခုလက်ရှိလည်း တိုင်းရင်းသား ပါတီတွေနဲ့ လစဉ် အစည်းအဝေး ရှိပါတယ်။ တခြားပါတီတွေနဲ့ လိုအပ်ရင် အချိန်အခါမရွေး တွေ့မှာပါ။ အခုနပြောသလို မဟာမိတ် ဆိုတဲ့ စကားလုံးက ဥပမာ ပြည်ခိုင်ဖြိုးလို သိပ်ပြည့်စုံတဲ့၊ ချမ်းသာတဲ့ ပါတီတွေက လူနည်းနည်း လေးတွေနဲ့ မွေးပြီးတော့ ပါတီတွေ အများကြီး ဖွဲ့ထားရင်ရော အဲဒါတွေက မဟာမိတ်လို့ ခေါ်မလား။ အဲဒါမျိုး တွေလည်းရှိတယ်။ ပါတီ နာမည်တပ်ပြီးတော့ ဘယ်သူ့ကိုမှ မပြောပါဘူး။ ဒါပေမဲ့ ဒီလို အခြေအနေကို တွေ့နေ ကြမှာပါ။ အများကြီးရှိပါတယ်။

မေး – နောက်တစ်ချက် ပေါ့လေ။ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ လက်ရှိ NLD ပါတီအနေနဲ့ တိုင်းရင်းသား အင်အားစုတွေနဲ့ ပေါင်းစည်းမှုမှာ အားနည်းနေတယ်လို့လည်း သုံးသပ်မှုတွေရှိကြတယ်။ UNA နဲ့ ပူးပေါင်း ဆောင်ရွက်တွေ ရှိတယ် ဆိုသော်လည်းပဲ ဒီ့ထက်ပိုပြီးတော့ အင်အား ကောင်းကောင်းနဲ့ စည်းရုံး ဆောင်ရွက်မှု တွေလုပ် သင့်တယ်လို့ သုံးသပ်နေတာ ရှိပါတယ်ခင်ဗျ။ အဲဒီအပေါ်မှာရော ဘာများ ပြောချင်ပါသလဲခင်ဗျ။

ဖြေ – ဒါကတော့ အပြင်ကမြင်တာပါ။ အန်ကယ်လ်တို့က အတွင်းထဲမှာ ကိုယ့်အလုပ်လည်း အများကြီး။ ပါတီချင်း ဆက်ဆံရေး ကလည်း အများကြီးပါ။ အန်ကယ်လ် ခုနပြောတဲ့ တစ်လတစ်ကြိမ် အစည်းအဝေး ဆိုတာအပြင် အန်ကယ်လ်တို့မှာ တိုင်းရင်းသား ပါတီတွေ၊ တခြားပါတီတွေနဲ့ ဆက်သွယ်မှုတွေ အများကြီးရှိပါတယ်။ ဒါတွေက နိုင်ငံရေး အလုပ်ဆိုတာ သိပ်ပြီးတော့ လူသိမှ နိုင်ငံရေး မဟုတ်ပါဘူး။ မသိဘဲနဲ့လည်း လုပ်နေရ တာတွေ အများကြီးပါ။

မေး – ရွေးကောက်ပွဲကလည်း တစ်နှစ် ကျော်ကျော်လောက်ပဲ လိုတော့တာပေါ့နော်။ အခု အခြေအနေမှာ ပါတီပေါ် လူထုထောက်ခံမှု အနေအထားက ၁၉၉၀ လို၊ ပြီးခဲ့တဲ့ ၂၀၁၂ လို ထောက်ခံမှု အနေအထား ရှိနေသေးတယ်၊ လူထုရဲ့ ထောက်ခံမှု အားကောင်းကောင်း ရှိနေသေးတယ်လို့ သုံးသပ်ပါသလားခင်ဗျ။

ဖြေ – သုံးသပ်ပါတယ်။ အန်ကယ်လ်တို့ ဒီဥစ္စာက ဒီအတိုင်းထိုင်ပြီး ပြောတာ မဟုတ် ပါဘူး။ အန်ကယ်လ်တို့မှာ Research Team တွေရှိပါတယ်။ အဲဒါတွေအပေါ် မူတည်ပြီးတော့ အန်ကယ်လ်တို့ရဲ့ နိုင်ငံရေး စည်းရုံးရေး အင်အားက အရင်ထက်ကို မနိမ့်ဘူးဆိုတာကို သိပါတယ်။

မေး – အချို့သော သံဃာ့ အဖွဲ့အစည်းတွေနဲ့ ပါတီနဲ့ကြားထဲမှာ နားလည်မှုလေးတွေ ကွာဟနေတာ ရှိတယ်လို့ သုံးသပ် ကြပါတယ် ခင်ဗျ။ အဲဒီအပေါ်မှာရော အန်ကယ့်လ် အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ – အဲဒါကတော့ ကွာဟနေတယ်ဆိုတာ အကြောင်းအရာပေါ်မှာ တည်လိမ့်မယ် ထင်တယ်။ ဘာသာရေး အကြောင်းအရာ ဖြစ်မလား၊ လူမှုရေး အကြောင်းအရာ ဖြစ်မလား အကြောင်းအရာပေါ် မူတည်တယ်။ နိုင်ငံရေး အကြောင်းအရာဆိုတော့ ဥပဒေက သံဃာတော်တွေကို ဗုဒ္ဓဘာသာတင် မကပါဘူး တခြားဘာသာ၊ ဘာသာရေး ခေါင်းဆောင်တွေကို နိုင်ငံရေး လုပ်ခွင့် မပေးထားဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေက။ အဲဒါကြောင့် ကွဲပြား နေတယ်ဆိုရင် ပိုကောင်းပါတယ်။ ဒါဥပဒေနဲ့ ညီတာပေါ့။ ပေါင်းသွားတယ်ဆိုရင် ဒါဥပဒေနဲ့ မညီ တော့ဘူး။ ပြဿနာက အဲဒါကိုး။

မေး – ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း ပါတီညီလာခံ လုပ်ဖို့ဆောင်ရွက်နေစဉ် ကာလမှာပေါ့လေ၊ ပါတီတွင်း အောက်ခြေပိုင်းမှာ တော်တော်လေးကို ပဋိပက္ခတွေ ကြုံတွေ့ရတာမျိုး ရှိပါတယ်ခင်ဗျ။ အခုရော အဲလိုမျိုး ပြဿနာတွေ ရှိပါသေးလား ခင်ဗျ။

ဖြေ – ပြဿနာကတော့ ရှိပါတယ်။ ဒါပေမဲ့ အများကြီး နည်းသွားပါပြီ။ ဒါကလည်း ဖြစ်ရိုးဖြစ်စဉ်ပဲ။ ပါတီက ညီလာခံကို ပါတီစတင် ဖွဲ့စည်းတဲ့နေ့တည်းက လုပ်ဖို့ ကြိုးစားလာတာ နှစ်အစိတ်ကြာမှ လုပ်ခွင့်ရတယ်။ ဒီလို အခြေအနေမှာ ဒီလောက်တော့ ရှိမှာပဲလို့ ပြောချင်တယ်။

မေး – နောက်ဆုံး မေးချင်တာက လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ် မြို့နယ်တွေမှာ လွှတ်တော် နေရာတွေအတွက် ကိုယ်စားလှယ်တွေ ရွေးချယ်မှုကို ဘယ်လို ပုံစံမျိုးနဲ့ ရွေးချယ်သွားမလဲ ခင်ဗျ။ အဲဒါလေး သိပါရစေခင်ဗျ။

ဖြေ – ကျွန်တော်တို့က Constituency ကြေညာပြီးရင် မဲဆန္ဒနယ်တိုင်း၊ နယ်တိုင်းမှာရှိတဲ့ NLD အဖွဲ့အစည်းတွေက မိမိတို့ ကြိုက်တဲ့လူကို တင်လို့ရတယ်။ တစ်ယောက်လည်း တင်လို့ရတယ်။ နှစ်ယောက်လည်း တင်လို့ရတယ်။ ဒါကို ဘယ်ကိုတင်ရမလဲ။ ခရိုင်ကိုတင်ရမယ် မြို့နယ်က။ ခရိုင်ကနေ တစ်ခါ တိုင်းကိုတင်ရမယ်။ ခရိုင်ကလည်း မြို့နယ်ကဟာကို ပယ်ခွင့်မရှိဘူး။ မကြိုက်ရင် မကြိုက်ဘူး ပြောခွင့်ရှိတယ်။ သူ့ဟာသူလည်း ထပ်တင်ခွင့် ရှိတယ်။ ဒါတွေအားလုံးကို တင်လာပြီး ဗဟိုမှာစုတဲ့အခါမှာ ဗဟိုမှာ နိုင်ငံရေးပါတီနဲ့ မဆက်စပ်တဲ့ လူကြီး လူကောင်း အဖွဲ့တစ်ဖွဲ့ အန်ကယ်လ်တို့ ဖွဲ့မယ်။ သူတို့ကဒါကို စိစစ်မယ်။ ဒါပေမဲ့လို့ နောက်ဆုံး အဆုံးအဖြတ် ကတော့ CEC ပါပဲ။ ဗဟို အလုပ်အမှုဆောင်သာ အဓိက ဖြစ်ပါလိမ့်မယ်။ စိစစ်တဲ့ အဆင့်မှာ အထိတော့ ကျွန်တော်တို့ ရပ်ရွာတွင်း၊ မြို့ရွာတွင်း လူကြီးလူကောင်းတွေနဲ့ အန်ကယ်လ်တို့ လုပ်မှာပါ။

အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျ။

  မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald


 

No comments:

Post a Comment