Wednesday, October 15, 2014

သမ္မတဦးသိန်းစိန် အာရှ-ဥရောပဆွေးနွေးပွဲတက်ရန် အီတလီသို့ ယနေ့သွားမည်


နိုင်ငံတော်သမ္မတဦးသိန်းစိန်(ဓာတ်ပုံ − ရဲအောင်သူ/အေအက်ဖ်ပီ)

 ဥရောပခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံ၍ မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အခွင့်အရေးများရရှိနိုင်သော အာရှ- ဥရောပ ဆွေးနွေးပွဲ (ASEM)သို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ ၁၅ ရက် (ယနေ့)တွင် အီတလီနိုင်ငံ မီလန်မြို့သို့ ထွက်ခွာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နှစ်နှစ်တစ်ကြိမ် အာရှနှင့် ဥရောပတွင် အလှည့်ကျကျင်းပရ သည့် ယင်းအေဆမ်အစည်းအ ဝေးကို ၂၀၁၂ ခုနှစ်က လာအိုနိုင်ငံ၌ ပြုလုပ်ခဲ့စဉ်က သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့ပြီးနောက် မြန်မာအစိုးရအဖွဲ့ခေါင်းဆောင်အနေဖြင့် ဥရောပတိုက်တွင်ပြုလုပ်မည့် အစည်းအဝေးသို့ ပထမဆုံးအကြိမ် တက်ရောက်ခြင်းလည်း ဖြစ်သည်။
ဥရောပနိုင်ငံ ၃၀ နှင့် အာရှ ဒေသ ၁၉ နိုင်ငံ၊ ဥရောပသမဂ္ဂနှင့်အာဆီယံတို့အဖွဲ့ဝင်အဖြစ် ပါဝင်သော အေဆမ်အစည်းအဝေးကို ၁၉၉၆ ခုနှစ်တွင် ဘန်ကောက်မြို့ ၌ ပထမဆုံးအကြိမ်ကျင်းပခဲ့ပြီး ၁၉၉၈ နောက်ပိုင်းတွင် အီးယူက မြန်မာကို အေဆမ်အစည်းအဝေး တက်ရန် လက်မခံခဲ့ပေ။ သို့သော် အာဆီယံနိုင်ငံများက ဆယ်နိုင်ငံလုံးမတက်ရပါက အာဆီယံအဖွဲ့မတက်ရောက်ဟု သဘောထားထုတ်ပြန်ခဲ့သဖြင့် ၂၀၀၆ ခုနှစ် ဖင်လန်နိုင်ငံတွင်လုပ်သည့် အစည်းအဝေးမှစ၍ မြန်မာနိုင်ငံခြားရေးဝန်ကြီးအဆင့် တက်ရောက်ခဲ့သည့် အစည်းအဝေးလည်း ဖြစ်သည်။
‘‘အခုအကြိမ်မှာတော့ ဥရောပမှာလုပ်တဲ့ အေဆမ်အစည်းအဝေးကို မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အကြီးအကဲ ပထမဆုံးတက်ရောက်ခြင်း ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေးအရ လေးနက်မှုရှိပါတယ်။အာရှ-ဥရောပ ပူးပေါင်းဆောင်ရွက်ရေးမူဘောင်ထဲကနေ မြန်မာ နိုင်ငံအတွက် အကျိုးရှိမယ့် ကိစ္စတွေကို ဆောင်ရွက်နိုင်တဲ့ အကျိုး ရပါတယ်။ ဒုတိယအကျိုးဆက်ကတော့ အစည်းအဝေးကာလအတွင်းမှာ အချို့နိုင်ငံခေါင်းဆောင်တွေနဲ့ သီးခြားတွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်နိုင်ခွင့်ရပါတယ်’’ဟု သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ခရီးစဉ်နှင့်ပတ်သက်၍ ပြောကြားသည်။
အေဆမ်အစည်းအဝေးမှာ အာရှဥရောပခေါင်းဆောင်များကြား စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး စသည့် ဘာသာရပ်ပေါင်းစုံ အမြင်ဖလှယ်သည့် အစည်းအဝေးဖြစ်သည့်အတွက် ကဏ္ဍအားလုံး ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးကြမည် ဖြစ်သည်။
အီတလီနိုင်ငံ မီလန်မြို့တွင် အေဆမ်အစည်းအဝေးအတွက် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို အောက်တိုဘာ ၁၃ ရက်နေ့မှစ၍ ကျင်းပနေပြီး သမ္မတ ဦးသိန်းစိန်နှင့် မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့တို့သည် အောက်တိုဘာ ၁၆ နှင့် ၁၇ ရက် အစည်းအဝေးများသို့ နှစ်ရက်တာ တက်ရောက်မည် ဖြစ်သည်။

Credit - 7DAY DAILY

No comments:

Post a Comment