Saturday, October 18, 2014

မြန်မာနိုင်ငံထဲ ခိုးဝင်လာတဲ့ တူရကီနိုင်ငံသားတွေကို ဖမ်းမိ

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ အောက်တိုဘာလ ၁၆ ရက်နေ့ မနက် ၁၁ နာရီလောက်က တရုတ်နိုင်ငံ ရွှေလီမြို့ နယ်စပ်ပေါက်မှ ဆိုင်ကယ်ကယ်ရီတွေနဲ့ ခိုးဝင်လာတဲ့ အထောက်အထားမဲ့ တူရကီ နိုင်ငံသားငါးဦးကို ဖမ်းမိခဲ့တယ်လို့ ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနဆီကနေ သိရပါတယ်။ တရုတ်နိုင်ငံ ရွှေလီမြို့တွင် နေထိုင်တဲ့ မြန်မာနိုင်ငံသား တောင်ငူမြို့ ဇာတိ ဆိုင်ကယ်ကယ်ရီ ခေါင်းဆောင် မြင့်နိုင်(ခေါ်) နူဒူး ဦးဆောင်တဲ့ ဆိုင်ကယ်ကယ်ရီ ငါးစီးနဲ့ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ နေတဲ့ အသက် ၁၇ နှစ်အရွယ်ကနေ အသက် ၂၉ နှစ်အရွယ်ကြား တူရကီနိုင်ငံသား ငါးဦးကို ကျိုင်းတုံမြို့ အမှတ်၂ ရပ်ကွက် လက်ဘက်ရည်ဆိုင်မှာ
မသင်္ကာဖွယ် တွေ့ရတာကြောင့် ခေါ်ယူစစ်ဆေးရာကနေ အထောက်အထားမဲ့ ခိုးဝင်လာကြောင်း သိရတာလို့ ပြည်နယ်လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနမှူး ဦးကိုကိုသော်က ဆိုပါတယ်။ “ကျွန်တော်တို့ ကတော့ နိုင်ငံတော်လုံခြုံရေးအတွက် အရမ်းအရေးကြီးလို့ သေချာ ဂရုတစိုက် စစ်မေးခဲ့ပါတယ်။ သူတို့ တွေမှာက ဘာအထောက်အထား စာရွက်စာတမ်းမှတော့ မတွေ့ရှိဘူး။ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေလား ဆိုတာကိုတော့ သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းတွေက ထပ်မံစစ်ဆေးပါလိမ့်မယ်။ တရားမဝင် ခိုးဝင်လာကြောင်း ထင်ရှားတဲ့အတွက် ကျွန်တော်တို့ အနေနဲ့ နိုင်ငံခြားသားတွေ အပြင် ခေါ်ယူလာတဲ့ ကယ်ရီသမားတွေကိုပါ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ အရ အရေးယူထားပါတယ်” လို့ ဦးကိုကိုသော်က ရှင်းပြပါတယ်။ တူရကီနိုင်ငံသား ငါးဦးကို အောက်တိုဘာလ ၁၁ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီကနေ တာချီလိတ်ကို တစ်ဦး ကျပ် ခုနစ်သိန်းနှုန်းနဲ့ ဆိုင်ကယ်ကယ်ရီခေါင်းဆောင် မြင့်နိုင်(ခေါ်) နူဒူးက ဦးဆောင်ခေါ်လာတာ ဖြစ်ပြီး မန္တလေးမြို့နဲ့ အေးသာယာ မြို့သစ်တွေကို ရောက်တဲ့အခါ မြို့ဝင်လမ်းဘေး တောတွင်းမှာသာ ညအိပ်ရပ်နားခဲ့ပြီး အေးသာယာကို ရောက်တဲ့အခါ ရွှေလီကနေ ငှားလာတဲ့ ဆိုင်ကယ်ကယ်ရီ လေးစီးကို တစ်စီး ကျပ် တစ်သိန်းခွဲနှုန်းနဲ့ တာချီလိတ်မြို့ဆီ ထပ်ငှားခဲ့တာကို တွေ့ရတယ်လို့ ကျိုင်းတုံမြို့မ ခေတ္တရဲစခန်းမှူး ရဲအုပ်ဝင်းမင်းသန့်က ဆိုပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တူရကီနိုင်ငံသားငါးဦးနဲ့ မြန်မာနိုင်ငံသား ဆိုင်ကယ် ကယ်ရီသမား တွေကို (ပ)၁၂၀/၂၀၁၄၊ ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဌာန်းချက်) အက်ဥပဒေ ပုဒ်မ ၁၃(၁)/၁၃(၅) အရ အမှုဖွင့် အရေးယူထားတယ်လို့ ကျိုင်းတုံမြို့မ ရဲတပ်ဖွဲ့စခန်း ဆီကနေ သိရပါတယ်။

Credit - The Voice

No comments:

Post a Comment