Tuesday, October 14, 2014

အကြွေစေ့ကလေးများ

Written by: မောင်စံပေါ

(၁)
မကြာမတင် ကာလတစ်ခုတုန်းက ဘန်ကောက်ကို ခဏရောက်ခဲ့ပါတယ်။ ကားကျပ်လို့ အချိန်ဘယ်လောက်ကြာမလဲဆိုတာ မှန်းရခက်ပေမယ့် သုံးမိနစ်တစ်စီးလာနေတဲ့ မြေပေါ်ရထားတို့ မြေအောက်ရထားတို့နဲ့ သွားရင်တော့ အဆင်ပြေပါတယ်။ ကားနည်းနည်းရှင်းချိန်ဆိုရင် ဘတ်စ်ကားစီးပါတယ်။ တစ်ခါတလေတော့လည်း တက္ကစီနဲ့ သွားပါတယ်။


(၂)
တက္ကစီကားတွေက မီတာနဲ့ဆိုတော့ ကားခပေးစရာ ဈေးဆစ်စရာ မလိုပါဘူး။ စတက်တက်ချင်း ၃၅ ဘတ် (မြန်မာငွေ ၁၁၀၀ ကျပ်ခန့်) ကျပါတယ်။ ပြီးရင် နှစ်ဘတ်စီ တက်ပါတယ်။ တစ်ကီလိုမီတာကို ငါးဘတ်နှုန်းပါ။
ထိုင်းလူမျိုးတွေမှာ အိမ်နာမည် ရှိကြပါတယ်။ သူတို့ရဲ့ နာမည်ရင်းတွေက ရှည်လျားတတ်ကြလို့ အိမ်နာမည်ပဲ ခေါ်ကြတာများပါတယ်။ ‘၀က်ပုတ်’ ‘ခွေးကလေး’ ‘ကြောင်’ ‘ဆင်’ စသဖြင့် ခေါ်ကြတယ်။ တစ်ရက်မှာ ထိုင်းမိတ်ဆွေ ကိုဝက်ပုတ်နဲ့ တက္ကစီ စီးခဲ့ပါတယ်။

ပိုက်ဆံရှင်းတော့ ၉၇ ဘတ်ကျတာကို ကိုယ်ကပဲ ပေးလိုက်ပါတယ်။ ကားဆရာက အကြွေသုံးဘတ် ပြန်အမ်းပါတယ်။ မယူတော့ဘူးလို့ လက်ကာပြလိုက်တော့ ကားဆရာက လက်အုပ်ချီပြီး ကျေးဇူးတင်စကား ဆိုပါတယ်။ ၀က်ပုတ်ကတော့ ဘ၀င်မကျတဲ့မျက်နှာနဲ့ ကြည့်နေပါတယ်။

(၃)
ကော်ဖီဆိုင်ထိုင်တော့ ၀က်ပုတ်က စကားစလာခဲ့ပါတယ်။

“သူငယ်ချင်း၊ မင်းကို စကားနည်းနည်း ပြောလို့ရမလား”

“ရပါတယ်၊ ပြောလေ”

“မင်းစောစောက ကားခရှင်းတော့ ပြန်အမ်းတဲ့သုံးဘတ်ကို ဘာလို့မယူတာလဲ။ သိမ်းရမှာ အိတ်လေးတယ် ထင်လို့လား”

“မဟုတ်ပါဘူးကွာ။ ဘာမှရှိတဲ့ ပမာဏ မဟုတ်ဘူးလေ။ အလှူပေါ့”

ဝက်ပုတ် ခေါင်းကိုယမ်းပြီး စကားဆက်တယ်။

“သူ့အတွက် ကျသင့်တဲ့ကားခ ပေးတယ်ကွာ။ သူ့မှာလည်း အကြွေရှိတယ်ကွာ။ အမ်းရမှာပေါ့။ အမ်းတာကို မင်းက လက်ခံရယူရမှာပေါ့။ အပိုဆုချတယ် ပြောရအောင် သူက ဘာမှလုပ်ပေးတာမှ မဟုတ်တာကွာ။ အိတ်တွေ အလေးအပင်တွေ သယ်ပေးရင် ကူညီပေးရင် တစ်မျိုးပေါ့ကွာ”

“ဟုတ်ပါပြီကွာ”

“မင်း အဲဒါ သူ့ကို ဖျက်ဆီးတာပဲ။ ဒါမျိုးရတာ၊ ကြုံတာများလာရင် ဒီလိုပေးမယ့်လူကို မျှော်လာမယ်။ အကြွေရှိနေရင်တောင်မှ မရှိဟန်ဆောင်တော့မယ်။ ဒါမှမဟုတ် အကြွေစေ့တွေ မယူလာဘဲနေမယ်။ နောက်ပြီးတော့ မင်းကိုယ်မင်းလည်း ဖျက်ဆီးတာပဲ။

“ဘုရားရေ”

“ဘုရားမရေနဲ့ ဟေ့ကောင်၊ မင်းခုလိုမျိုး ၁၀ ခါလောက်ဆိုရင် တက္ကစီတစ်ကြောင်း ခရီးတိုစီးလို့ ရတယ်ကွ။ ကြက်ဆီထမင်း တစ်ပွဲကောင်းကောင်း စားလို့ရတယ်ကွ။ ကြာရင် ပိုက်ဆံကို တန်ဖိုးမထားတတ်တဲ့ အကျင့်ပါသွားမယ်။ အေး.. လှူချင်သပဆိုရင် လိုအပ်နေတဲ့နေရာတွေ မင်းတို့တိုင်းပြည်မှာ အများကြီး ထိထိရောက်ရောက် သွားလှူ ချေ”

(၄)
ဝက်ပုတ်ရဲ့ စကားအဆုံးမှာ တခြားရောက်ခဲ့ဖူးတဲ့ နိုင်ငံတွေက အကြွေစေ့ကလေးတွေ မြင်ယောင်လာတယ်။ သူတို့ငွေနဲ့ဆိုရင် ပြားဂဏန်းတွေ၊ ယူနစ်သေးသေးလေးတွေပေါ့။ သူသူငါငါ အကြွေစေ့လေးတွေ ဆောင်ထားတတ်ကြတာ အတိအကျပေးချေတာ၊ အမ်းတာ သတိရမိတယ်။

“အဲဒီ အကြွေစေ့တစ်စေ့ သွန်းလုပ်ဖို့ ကုန်ကျတဲ့စရိတ်က အကြွေစေ့ငွေတန်ဖိုးရဲ့ ၁၀ ဆမကရှိတယ်ကွ။ ဒါပေမဲ့ လိုအပ်လို့ အစိုးရက အရှုံးခံပြီး ထုတ်ပေးနေတာ”

ဟုတ်ပေမပေါ့။ ကိုယ်တွေ ငယ်ငယ်တုန်းက ငါးပြား၊ ဆယ်ပြား၊ တစ်မတ်၊ ငါးမူး အကြွေစေ့လေးတွေ သုံးခဲ့ဖူးတာ အမှတ်ရမိတယ်။ အဲဒီ အကြွေစေ့တွေကို စုပြီး အရည်ကျိုတယ်။ ပန်ကားလက်လုပ်တယ် ဘာညာကြားခဲ့ဖူးတာ သတိရမိတယ်။

“ပြောရရင်ကွာ အကြွေစေ့တွေဆိုတာ ငါတို့ နေ့စဉ်လည်ပတ် သုံးစွဲရာမှာ ငွေကြေးဖလှယ် အပေးအယူလုပ်ရာမှာ မရှိမဖြစ်လို့ အဆင်ပြေအောင် ထုတ်ပေးထားတာကွ။ အဲဒါကို တချို့လူတွေက စုဘူးနဲ့ စုကြသေးတယ်။ အဲဒီတော့ အကြွေစေ့တွေ ရှားပါးကုန်ရော။ နိုင်ငံတော်မှာလည်း မလိုအားအပ်ဘဲနဲ့ အကြွေသွန်းလုပ်ရတဲ့စရိတ်က တက်လာရော”

(၅)
အကြွေစေ့သွန်းလုပ်တာ ကုန်ကျတဲ့စရိတ်က ယူနစ်သေးသေးနဲ့ ငွေထုတ်ရတဲ့ စရိတ်စကဟာ နိုင်ငံတစ်နိုင်ငံအတွက် မနည်းလှပါဘူး။ ယူနစ်သေးသေးလေးတွေဟာ များများလည်ပတ်ရတာမို့ ကြာကြာခံအောင် အကြွေစေ့အနေနဲ့ သွန်းလုပ်ကြတာပေါ့။ အကြွေစေ့မရှိရင် မရဘူးလားဆိုတော့ ရတော့ရတာပေါ့ဗျာ။ ဒါပေမဲ့ အဆင်မပြေတာတွေ အများကြီးကြုံရပါတယ်။

(၆)
“ငါတို့ငယ်ငယ်တုန်းက ငါးပြား၊ ဆယ်ပြားနဲ့ ဈေးရောင်းစားခဲ့တာပေါ့အေ။ အဆင်လည်း ပြေပါတယ်။ အခု ငါးဆယ်တစ်ရာ ခေတ်ကျမှ ဒုက္ခရောက်တော့တာ။ မှတ်ရသားရ မလိုချင်တာ ယူရ၀ယ်ရနဲ့”

ဈေးကလေးမှာ ဟင်းသီးဟင်းရွက်ရောင်းတဲ့ အဒေါ်ကြီး ညည်းပြောပြောနေတာ တစ်ပိုင်းတစ်စ ကြားရတယ်။

“အစ်မ ဘာယူမလဲ”

“ကုလားအော်သီးလေး လေးငါးတောင့်လောက်”

“လေးငါးတောင့်တော့ မရဘူး အစ်မရေ.. တစ်ပုံ တစ်ရာ။ သုံးပုံ နှစ်ရာ”

ဈေးဝယ်အမျိုးသမီးက တစ်ထောင်တန် ထုတ်ပေးတယ်။

“အတန်သေးပေးပါ အစ်မရယ်။ ကျွန်မ ရှိတာလေးတွေ စောနကပဲ အမ်းလိုက်လို့ပါ”

“ဒါဆိုလည်း နောက်နေ့မှယူတော့”

ဈေးသည်အဒေါ်ကြီး မျက်နှာပျက်သွားတယ်။ ချက်ချင်းပဲ မျက်နှာဆည်ပြီး ဈေးဆက်ရောင်းတယ်။

“ဒီလိုလုပ်ပါလား အစ်မရယ်။ ကန်စွန်းရွက်တွေ လတ်တယ် တစ်စီးနှစ်ရာ၊ ငါးရာဖိုး သုံးစီး။ နောက်ပြီး ဘူးသီးလေးလည်း နုတယ် အစ်မရဲ့။ ဟင်းချိုချက်ဖို့ တစ်စိတ်လောက်ယူသွားလေ။ တစ်ထောင်ဖိုးပြည့်အောင် ယူလိုက်ပါနော်”

“အဲဒါပဲ။ ရှင်တို့ကို အားနာတာနဲ့ သနားတာနဲ့ ယူလိုက်ရ၀ယ်လိုက်ရနဲ့။ အိမ်ပြန်ရောက်ရင် အလုပ်က ရှုပ်သေးတယ်။ ဘယ်သူမှမစားလို့ ပိုနေပြန်တော့ အလဟဿဖြစ်ပြန်ရော။ ရေခဲသေတ္တာထဲ သိမ်းထားရအောင်ကလည်း မီးကမလာတစ်ချက်၊ လာတစ်ချက်နဲ့ ပျက်စီးကုန်တာ များလှပြီ”

သြော် ဒုက္ခ၊ ဒုက္ခ။ ဈေးသည်လည်း ဈေးသည်ဒုက္ခ၊ ဈေးဝယ်လည်း ဈေးဝယ်ဒုက္ခ။

(၇)
“အဘ ဘာမှမ၀ယ်တော့ဘူးလား။ အင်ဥတွေပေါ်ပြီ အဘရဲ့၊ ၀ယ်သွားဦးလေ”

“သြော် အေးအေး၊ ခဏလောက် လျှောက်ကြည့်လိုက်ဦးမယ်ကွယ်”

ဈေးကလေးထဲ ဆက်လျှောက်ကြည့်မိတယ်။ အမ်းစရာမရှိလို့ မှတ်ထားတဲ့ ဈေးကြွေးတောင်းတာ စကားများနေကြတဲ့ ဈေးသည်နဲ့ ဈေးဝယ်လည်း တွေ့ရတယ်။

“ဟဲ့ ပိုက်ဆံလေးနှစ်ရာနဲ့ ငါက လိမ်ရမှာလား”

“ဟုတ်ပါတယ် အစ်မရယ်။ ကျွန်မလည်း မရှိလို့ ဈေးရောင်းစားရတာပါ။ မလိမ်ပါဘူးတော်။ ကျွန်မလည်း မအမ်းနိုင်ခဲ့တာလေ။ သုံးရက်လောက် ရှိရောပေါ့။ အဲဒီနေ့က အစ်မ ကြက်သွေးရောင် ပါတိတ်ဝမ်းဆက်လေး ၀တ်လာလို့ လှလိုက်တာလို့တောင် ကျွန်မပြောခဲ့သေးတယ်လေ”

“ကောင်မက အပြောကောင်း၊ အေးပါအေ။ ငါ့ကိုလှတယ်ဆိုတော့လည်း လက်ခံရမှာပေါ့။ ဒီနေ့လည်း တစ်ထောင်တန်ပဲ ပါတယ်ဟဲ့”

“အစ်မရယ် တစ်ထောင်ပြည့်အောင် ၀ယ်ပေါ့။ ဒါလေးများ”

(၈)
ဘုရား၊ ဘုရား။ ဒါလေးများတဲ့ ဒါလေးတွေ များများလာရင် ဒါကြီးဖြစ်တော့မယ်။ ထိုင်းကမိတ်ဆွေ ‘၀က်ပုတ်’ ကို သတိရမိတယ်။ သူတွက်ပြတဲ့ ဂဏန်းသင်္ချာ ရိုးရိုးလေးကို ဈေးတွက်တွက်မိတယ်။

တစ်နေ့မှာ ဈေးဝယ်သူတစ်သန်းက ငွေပြန်အမ်းရေးပြဿနာကြောင့် တစ်ယောက်တစ်ရာဖိုးစီ မလိုဘဲ ၀ယ်ရတာမျိုးရှိရင် သန်းတစ်ရာ။ သိန်းတစ်ထောင်ဆိုတဲ့ငွေ လေလွင့်ပြီပေါ့။ သိန်းတစ်ထောင်ဆိုတာ စာသင်ကျောင်းတစ်ဆောင် ဆောက်လို့ရတယ်။

ဟိုစဉ်းစား၊ ဒီစဉ်းစားနဲ့ ခေါင်းတွေ နောက်လာတယ်။

(၉)
“ခေါင်းနောက်မှာပေါ့။ ဈေးက မုန့်ဟင်းခါး စားလာခဲ့တယ် မဟုတ်လား။ အချိုမုန့်နဲ့ ကိုယ်နဲ့ မတည့်တဲ့ဟာကို ဒီလောက်အသက်ကြီးတာတောင် လိုက်ပြောနေရတုန်း”

အိမ်ရောက်တော့ မီးဖိုချောင်ဝန်ကြီး အဟောက်ခံရတယ်။ ကယောက်ကယက် အိပ်မက်လို့ ချွေးဒီးဒီးကျပြီး နိုးလာတယ်။

အကြွေစေ့ပိခြင်းတဲ့။ ကောင်းဗျာ

Credit - Eleven Media Group

 
 (ရန်ကုန်မြို့ရှိ ဈေးတစ်ခုမြင်ကွင်း)

No comments:

Post a Comment