Thursday, October 16, 2014

အရေးပေါ် ကျောင်းသားထု အစည်းအဝေး ဆရာနှင့် ကျောင်းသားများ ပါဝင်ပေးရန် NNER တိုက်တွန်း

ရန်ကုန်၊ အောက်တိုဘာ ၁၅

  နိုင်ငံတစ်ဝန်း ကျောင်းသားသမဂ္ဂများ ပူးပေါင်းကျင်းပမည့် နိုင်ငံလုံးဆိုင်ရာ အရေးပေါ် ကျောင်းသားထု အစည်းအဝေးကို ကျောင်းသားနှင့် ဆရာအင်အားစုများ ပူးပေါင်းပါဝင်ပေးကြရန် နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲရေးကွန်ရက် (NNER) က တိုက်တွန်းလိုကြောင်း NNER ခေါင်းဆောင် ဒေါက်တာသိန်းလွင်က ပြောကြားသည်။
နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပမည့် ယင်းအရေးပေါ် အစည်းအဝေးတွင် ဒေသအသီးသီးမှ ကျောင်းသား၊ ကျောင်းသူအသံများ ပြည့်ပြည့်စုံစုံ ရရှိစေရန် ရည်ရွယ်ထားသောကြောင့် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် မဟုတ်သော်လည်း ပူးပေါင်း ပါဝင်ပေးကြရန် ယခုကဲ့သို့ ၎င်းက တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

“ဆရာတွေကလည်း ပညာရေး ပြုပြင်ပြောင်းလဲမှု အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါတဲ့အတွက် ဆရာတွေ အကြံဉာဏ် ရချင်ပါတယ်။ ဒါကြောင့်မို့ ဒေသအသီးသီးက ဆရာတွေကလည်း သူတို့အသံကို ထုတ်ဖော်နိုင်ဖို့ ဝိုင်းဝန်း ဆောင်ရွက်ပေးစေလိုတယ်” ဟု ဒေါက်တာသိန်းလွင်က ပြောကြားသည်။
အတည်ပြုပြီးဖြစ်သော အမျိုးသားပညာရေး ဥပဒေတွင် ဗဟိုချုပ်ကိုင်မှုစနစ် များပြားနေသောကြောင့် ကျောင်းသားနှင့် ဆရာထု ပူးပေါင်းပြီး ပညာရေး ဝန်ကြီးဌာနနှင့် အစိုးရ တာဝန်ရှိသူများထံ ပြောကြားခြင်းက ပိုထိရောက်နိုင်ကြောင်း၊ ယင်းအစည်းအဝေးမှ ထွက်ပေါ်လာမည့် အကြောင်းအရာများသည်သာ ကျောင်းသားများ၏ ဆန္ဒအမှန်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေး ပထမနေ့တွင် ကျောင်းသားများ၊ ဆရာများ၊ ပညာရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အမျိုးသားပညာရေး ဥပဒေအပေါ် သုံးသပ်ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးရှိ ကျောင်းသားများနှင့် ဆရာများ မည်သူမဆို တက်ရောက် ဆွေးနွေးနိုင်ကြောင်း ကျောင်းသားထု အရေးပေါ်အစည်းအဝေး ဖိတ်ကြားရေးအဖွဲ့ တာဝန်ရှိသူ ကျောင်းသားတစ်ဦးက ဆိုသည်။
ကျောင်းသားထု ညီညွတ်၍ အခြေခိုင်မာလာစေရန် နှင့် ပညာရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ တိုးတက်စေရန် အရေးပေါ် အစည်းအဝေးကို ကျောင်းသားများနှင့် ဆရာအားလုံး ပါဝင်သင့်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာမများအဖွဲ့ချုပ် (ယာယီ) အနေနှင့်လည်း ကျောင်းသားသမဂ္ဂများနှင့် ပူးပေါင်းထားကြောင်း အရှေ့တိုင်းပညာ လက်ထောက်ကထိက ဦးအာကာမိုးသူက ပြောကြားသည်။
နိုဝင်ဘာ ၁၂ ရက်မှ ၁၃ ရက်အတွင်း ကျင်းပမည့် အရေးပေါ် အစည်းအဝေး၏ ရလဒ်များကို အောက်တိုဘာလ ၁၆ ရက်နေ့ (အမျိုးသားနေ့) တွင် အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း ကျောင်းသားသမဂ္ဂများထံမှ သိရှိရသည်။

Credit - The Voice Weekly

No comments:

Post a Comment