Tuesday, October 14, 2014

ရဲဘက်စခန်းများကို မဖျက်သိမ်းပေးနိုင်ကြောင်း ပြည်ထဲရေးဒုဝန်ကြီးပြော

ရန်ကုန်၊ အောက်တိုဘာ ၁၃

လက်ရှိ တွင် အကျဉ်းသားများ၏ ဂုဏ်သိက္ခာ ကိုညှိုးနွမ်းစေရန် အကျဉ်းဦးစီးဌာန မှ လုပ်ဆောင်နေခြင်းမရှိ၍ မြန်မာ နိုင်ငံတစ်ဝန်းရှိ ရဲဘက်စခန်းများ အား ဖျက်သိမ်းမပေးနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက အောက်တိုဘာ ၁၃ ရက် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပြော ကြားခဲ့သည်။

မြန်မာနိုင်ငံရှိ ရဲဘက်အကျဉ်း စခန်းများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ-၄၄ အရ လူ့ဂုဏ်သိက္ခာ ကိုညှိုးနွမ်းစေသည့် ပြစ်ဒဏ်များ ပေးသည့် နေရာမျိုး သဘောသက် ရောက်နေ၍ အဆိုပါရဲဘက်စခန်း များကို ပြည်ထဲရေး ဝန်ကြီးဌာနအနေ ဖြင့် ဖျက်သိမ်းပေးရန် အောက်တိုဘာ ၁၃ ရက်၌ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးသိန်းညွန့်က လွှတ်တော် ၌ မြန်မာနိုင်ငံရဲဘက်အကျဉ်းစခန်း များရှိအကျဉ်းသားများနှင့် စပ်လျဉ်း သည့် မေးခွန်းမေးမြန်းစဉ်ထည့်သွင်း တင်ပြခဲ့ခြင်းကို အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန် ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ''လက်ရှိအနေအထားအရ အကျဉ်း သားတွေရဲ့ ဂုဏ်သိက္ခာကိုညှိုးနွမ်း စေမယ့် ဖြစ်စဉ်မျိုး၊ ဒီလိုမျိုးဖြစ်အောင် အကျဉ်းဦးစီးဌာနအနေနဲ့ဆောင် ရွက်နေတဲ့ အနေအထားမျိုးမရှိပါ ဘူး။ ဒါကြောင့် အခုလက်ရှိဖွဲ့စည်း ထားတဲ့ အသက်မွေးမှု အတတ်သင် စခန်းတွေ၊ ကုန်ထုတ်စခန်းတွေ စုစုပေါင်း ၄၆ ခုကို လက်ရှိအနေ အထားမှာ ဖျက်သိမ်းဖို့အတွက်အစီ အစဉ်မရှိသေးပါဘူး''ဟု ပြန်လည် ဖြေကြားခဲ့သည်။
ဖျက်သိမ်းရန်မရှိသော်လည်း အဆိုပါ စခန်းများနှင့်ပတ်သက်၍ အကျဉ်းထောင်ဥပဒေသစ်တွင် ထည့် သွင်းရေးဆွဲထားကြောင်း၊ နည်းဥပဒေ ထုတ်ပြန်သည့်အခါတွင်လည်း စခန်း များနှင့်ပတ်သက်သည့် အသေးစိတ် လိုက်နာရမည့် အချက်များ၊ ရပိုင်ခွင့် များ၊ အခွင့်အရေးများကိုထည့်သွင်း ပြုစုဆောင်ရွက်သွားမည်ဟု ဗိုလ်မှူး ချုပ်ကျော်ကျော်ထွန်းက လွှတ်တော် တွင် ပြောကြားခဲ့သည်။
ဦးသိန်းညွန့်က လွှတ်တော်၌ မေးမြန်းရာတွင် ''သူတို့တွေ(အကျဉ်း သားများ)ဟာ ပြစ်မှုကျူးလွန်ခြင်းကတစ်ပိုင်းပါ။ သို့သော်ကိုယ့်နိုင်ငံ သားတွေဖြစ်ပါတယ်။ အဲဒီအပြင် ဒီအောက်တိုဘာလအတွင်းမှာ ထုံး ဘိုကျောက်ထုစခန်းမှာ ပေ ၁၅ဝ မြင့်တဲ့ တောင်ပေါ်ကိုကျောက်ထု ခိုင်းတဲ့အတွက် ပေ ၁၃ဝကနေခြေ ချော်ပြီးသေဆုံးခဲ့တဲ့ သတင်းတွေ လည်း ပူပူနွေးနွေးထွက်ပေါ်နေပါ တယ်။ ဒါကြောင့် ခုနက ၃၆ ခု ရဲဘက် စခန်းတွေဖျက်သိမ်းခဲ့သလို ကျန်တဲ့ ရဲဘက်စခန်းများကို ဖျက်သိမ်းဖို့ အခြေခံဥပဒေပြဋ္ဌာန်းချက်နဲ့ ညီညွတ် မှုရှိဖို့ပြန်လည် သုံးသပ်စဉ်းစားဖို့ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ အစီ အစဉ်ရှိပါသလား''ဟု မေးမြန်းခဲ့သည်။
ထို့ပြင်ရဲဘက်စခန်းများနှင့် ပတ်သက်သည့် အချက်အလက်များ ကိုလည်း ယခုလွှတ်တော်သက် တမ်းအတွင်းတင်သွင်းရန် အသစ် ရေးဆွဲနေသော အကျဉ်းထောင် ဥပဒေသစ်တွင် ထည့်သွင်းဆောင် ရွက်ရန်ရှိမရှိကိုလည်း ယင်းက ဆက် လက်မေးမြန်းခဲ့သည်။
ရဲဘက်အကျဉ်းစခန်းများကို ၁၉၇၈ ခုနှစ် ဧပြီလကစတင်ဖွင့် လှစ်ခဲ့ခြင်းဖြစ်ပြီး၂ဝဝ၄ ခုနှစ်တွင် အကျဉ်းစခန်း ၃၆ ခုကို ဖျက်သိမ်းခဲ့ ပြီးဖျက်သိမ်းခဲ့သည့် အချိန်အထိသေ ဆုံးခဲ့သူအကျဉ်းသား ၄၁၈၇ ဦးရှိ ခဲ့သည်။
ရဲဘက်အကျဉ်းစခန်းများကို ၂ဝ၁၄ ခုနှစ်မှစ၍ စိုက်ပျိုးမွေးမြူ ရေးနှင့် အသက်မွေးမှုအတတ်သင် စခန်းများ၊ ကုန်ထုတ်စခန်းများအ ဖြစ်စုစုပေါင်း ၄၆ခု ဖွင့်လှစ်ခဲ့ပြီး သေဆုံးခဲ့သူအကျဉ်းသားများသည် တစ်နှစ်လျှင်ပျမ်းမျှ ၃၆ ဦးရှိခဲ့ကြောင်း သိရသည်။
ZYMZ
‪#‎Democracytoday‬
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Credit - Yangon Media Group

No comments:

Post a Comment