Thursday, October 16, 2014

မျက်နှာချင်းဆိုင် စကားပြောဆိုခြင်းမှသည်

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ ပြီးခဲ့သော အောက်တိုဘာလ ၁၄ ရက်နေ့က နေပြည်တော်ကောင်စီ နယ်မြေ၊ ဘုရင့်နောင်ရိပ်သာတွင် ပထမဦးဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ခြင်းသည် တပ်မတော်နှင့် မီဒီယာတို့အကြား ပထမဦးဆုံးအကြိမ် နားလည်မှု တည်ဆောက်ရေး ခြေလှမ်းသစ်တစ်ရပ် အဖြစ် မှတ်တမ်းတင်ရမည် ဖြစ်သည်။


မြန်မာ့နိုင်ငံရေးသမိုင်းတွင် လက်ခံချင်သည် ဖြစ်စေ၊ လက်မခံချင်သည် ဖြစ်စေ အဓိက နိုင်ငံရေးအင်အားစု အင်စတီကျူးရှင်း တစ်ရပ်အဖြစ် ရှိနေသည့် တပ်မတော်၏ ခေါင်းဆောင်တစ်ဦး အနေနှင့် သတင်းမီဒီယာများကို ကိုယ်စားပြုသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အပေါ် အလေးအနက်ထားသည့် လက္ခဏာကို ယခုကဲ့သို့ လူသိထင်ရှား ပြသလိုက်ခြင်းမှာ များစွာ ထူးခြားလှသည်။

ပုံမှန်အားဖြင့် သတင်းအတည်ပြုချက် ရယူရန် ခက်ခဲသည့် တပ်မတော်နှင့် သက်ဆိုင်သော အရေးကိစ္စများတွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် ညှိနှိုင်းဖြေရှင်းရန် သတင်းစီးဆင်းမှု မြန်ဆန်ချောမွေ့ရန် ပူးပေါင်းဆောင်ရွက်ခြင်းကဲ့သို့ လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စမျိုးအပြင် တပ်မတော်၏ လက်ရှိ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများအပေါ် ထားရှိသည့် သဘောထားကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အလေးအနက်ထား ပြောဆိုခဲ့ခြင်းမှာ ပို၍ ထူးခြားသည်။

အာဏာရှင်စနစ်အောက်တွင် ရာစုနှစ်ဝက်ခန့် နေထိုင်လာခဲ့သူများချည်း ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် ရှိနေသည့် အင်အားစုအမျိုးမျိုး၊ နယ်ပယ်အရပ်ရပ်၊ လူထု၊ လူတန်းစား အသီးသီးထံတွင် မိမိတို့ ဖြတ်သန်းလာသော ပတ်ဝန်းကျင်အလိုက် ခံယူချက်၊ နယ်ပယ်မတူသူများ အကြားသော် လည်းကောင်း၊ အာဏာသုံးရပ်နှင့် တပ်မတော်အပေါ်တွင် လည်းကောင်း အမြင်သဘောထား အဖုံဖုံ ရှိနေသည်။

များသောအားဖြင့် ထိုသို့ ရှိနေတတ်သည့် အမြင်သဘောထားများမှာ အုပ်ချုပ်သူနှင့် အအုပ်ချုပ်ခံ သို့မဟုတ် ဖိနှိပ်သူနှင့် အဖိနှိပ်ခံ ရှုထောင့်မျိုးမှ ဖြစ်နေသည့်အတွက် သဘာဝကျသည်ဟု ဆိုနိုင်သော်လည်း နိုင်ငံတည်ဆောက်ရေး၊ ဒီမိုကရေစီ စအသွင်ကူးပြောင်းရေးနှင့် ငြိမ်းချမ်းမှု တည်ဆောက်ရေး လုပ်ငန်းများတွင်မူ ထိုရှုထောင့်အမြင်များဖြင့် ချဉ်းကပ်ဖြေရှင်း၍ မရနိုင်ပေ။

များစွာသော လူတို့သည် လူတစ်ဦးတစ်ယောက်၊ တစ်ဖွဲ့အပေါ်တွင် မိမိရရှိထားသော မပြည့်စုံသည့် သတင်းအချက်အလက်နှင့် အတွေ့အကြုံများအပေါ် မူတည်ကာ ပုံသဏ္ဌာန်တစ်ခု သရုပ်ဖော်ကြည့်ကာ ထင်မြင်ယူဆ သုံးသပ်လေ့ ရှိသည်။ များသောအားဖြင့် ထိုကဲ့သို့သော ထင်မြင်ယူဆချက်မျိုးမှာ မှန်ကန်လေ့ မရှိပေ။

မျက်နှာချင်းဆိုင် စကားပြောဆို ဆွေးနွေးကြည့်သောအခါ ယခင် ထင်မြင်ယူဆထားချက်များနှင့် ကွဲလွဲသွားတတ်သည်။ တစ်နည်းအားဖြင့် အထင်နှင့်အမြင် ကွာဟသွားတတ်သည်။ ဆိုလိုသည်မှာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အင်အားစုများအကြား ရှိတတ်သည့် မည်သည့်အရေးကိစ္စ၊ ပြဿနာ၊ အခက်အခဲမဆို မျက်နှာချင်းဆိုင် စကားပြောဆို ဆွေးနွေးကြည့်မှသာ နားလည်မှု တစ်စုံတစ်ရာ ရရှိလာနိုင်ခြင်းကို ဆိုလိုသည်။

ယနေ့ မြန်မာနိုင်ငံတွင် လိပ်ခဲတည်းလည်း ဖြစ်နေသော ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများ၊ ငြိမ်းချမ်းမှု တည်ဆောက်ရေး လုပ်ငန်းများတွင်လည်း နယ်ပယ်အသီးသီး၊ အဖွဲ့အစည်း၊ ပါတီအသီးသီးတို့၏ ခေါင်းဆောင်များ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးကို လိုလားသူ (ဝါ) ဒီမိုကရေစီပန်းတိုင်ကို သွားလိုရောက်လိုသူ အဓိက ပလေယာများအကြား တရားဝင်သော် လည်းကောင်း၊ အလွတ်သဘောသော် လည်းကောင်း မကြာခဏ တွေ့ဆုံစကားပြောဆိုရန်နှင့် ထိုသို့ စကားပြောဆိုရာတွင်လည်း ထိမ်ချန်ကွယ်ဝှက်ထားခြင်း မရှိသည့် ပွင့်လင်းရိုးသားမှု ရှိရန် အထူးအရေးကြီးကြောင်း ပြောလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၁၅-၁၀-၂၀၁၄)

-------------------------------
The Voice Daily Editorial, Vol-2/No-159 (#voiceeditorial)


Credit - The Voice Weekly

No comments:

Post a Comment