Wednesday, October 15, 2014

တပ်မတော်သတင်းများ ထုတ်ပြန်ရန် ကာချုပ်က ဗိုလ်ချုပ်သုံးဦးအား တာဝန်ပေး

တပ်မတော်နှင့် ပုဂ္ဂလိကသတင်းမီဒီယာများကြား ရေရှည် နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ရေးနှင့် တပ်မတော်သတင်းများ ပုံမှန်ထုတ်ပြန်ပေးရန် ဗိုလ်ချုပ်သုံးဦးအား ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးအပ်လိုက်ပြီး တပ်မတော်သတင်းများ ပုံမှန်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

အောက်တိုဘာ ၁၄ ရက်က နေပြည်တော်တွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ကစထ(၆) ကစထမှုး ဒုတိယဗိုလ်ချုပ်ကြီး မြတ်ထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်း အပါအ၀င် ဗိုလ်ချုပ် ခုနစ်ဦးနှင့် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ)တို့ တွေ့ဆုံအပြီး ယင်းသို့ သဘောတူလိုက်ခြင်းဖြစ်သည်။

တပ်မတော်သတင်းများ ပုံမှန်ထုတ်ပြန်ရေးအတွက် Spokesperson သုံးဦးအဖြစ် ကကပြည်မှဗိုလ်ချုပ်အောင်ရဲဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်အောင်သော်နှင့် ဗိုလ်ချုပ်စိုးနိုင်ဦးတို့အား ကာကွယ်ရေးဦးစီးချုပ်က ကောင်စီထံ အမည်စာရင်းပေးခဲ့ပြီး ၎င်း တို့ထံ ဆက်သွယ်ရမည့် ဖုန်းနံပါတ်နှင့် လိပ်စာများကို မကြာမီ ရက်ပိုင်းအတွင်း မီဒီယာများထံ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း တွေ့ ဆုံမှုတွင် ပါဝင်သော ကောင်စီ အဖွဲ့ဝင် ဦးသီဟစောက ပြောကြားသည်။

‘‘တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းတွေကို သူတို့ဝက်ဘ်ဆိုက်မှာလည်း Update တင်မယ်။ ဒီဗိုလ်ချုပ်သုံးယောက်ကလည်း ပုံမှန်သတင်းထုတ်ပြန်ပေးဖို့ ကျွန်တော်တို့က တောင်းဆိုတယ်။ တပ်မတော်ဘက်က စိုးရိမ်မှုတွေကိုလည်း ကျွန်တော်တို့ကို ပြောပြတယ်။ ဥပမာ ရှမ်းနဲ့ ကချင်နဲ့ ဖြစ်တဲ့ကိစ္စမျိုးဆို သူတို့မှာ ချက်ချင်း သတင်းထုတ်ပြန်ဖို့ အခက်အခဲရှိတယ်ပေါ့။ သတင်းထုတ်ပြန်လိုက်ရင် သူတို့ ရဲဘော်ရဲဘက်တွေရဲ့ အသက်အန္တရာယ် စိုးရိမ်ရတယ်ပေါ့’’ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီယာယီသည် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံရန် စက်တင်ဘာကတည်းက ခွင့်တောင်းထားခြင်းဖြစ်သည်။ တွေ့ဆုံမှုတွင် ကောင်စီမှ ဦးသီဟစော၊ ဦးဇော်သက်ထွေး၊ ဦးရဲမင်းဦးနှင့် ဒေါ်နန်းကလျာဝင်းတို့ ပါဝင်ကြောင်း သိရသည်။
ယူနတီဂျာနယ် အပါအ၀င် တပ်မတော်နှင့် ပတ်သက်သည့် သတင်းများရေးသားဖော်ပြသော သတင်းသမားအချို့ကို တပ်မတော်က တရားလိုပြုလုပ်ကာ တရားစွဲဆိုခြင်းနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးမှုများ ရှိခဲ့သော်လည်း အမှုတစ်ခုချင်းကို အသေးစိတ်ပြောချင်းထက် အဖွဲ့အစည်း နှစ်ရပ်ကြား ရေရှည်ကြုံတွေ့နေရသည့် အခက်အခဲများကိုသာ အဓိကဦးစားပေး ဆွေးနွေးခဲ့သည်ဟု ၎င်းကဆိုသည်။

‘‘တပ်မတော်ဘက်က သတင်း ချက်ချင်း မရရင်လည်း ကျွန်တော်တို့ဘက်မှာ ဘယ်လို အခက်အခဲတွေရှိတယ်။ အဆင်မပြေဘူးဆိုတာကို ကျွန်တော်တို့ဘက်က တင်ပြပါတယ်။ သူတို့ကလည်း လက်ခံတယ်။ ဒီနေ့တွေ့ဆုံမှုက တော်တော်လေးအဆင်ပြေပြီး အကျိုးလည်းရှိပါတယ်’’ဟု ဦးသီဟစောကဆိုသည်။

ပေါက်မြို့ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံကို ဓာတုလက်နက်စက်ရုံဟု ရေးသားခဲ့ခြင်းကြောင့် ယူနတီ သတင်းထောက်လေးဦးနှင့် CEO တို့ကို ကပစ စက်ရုံးမှူး ဒုဗိုလ်မှူးကြီး ကျော်ကျော်ဦးက တရားစွဲဆိုပြီး နောက် ပခုက္ကူခရိုင်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဆယ်နှစ် ချမှတ်ခဲ့သည်။ ယခုနောက်ဆုံး အယူခံပြင်ဆင်မိန့်အရ သတင်းထောက်များအား ထောင်ဒဏ်သုံးနှစ်လျှော့ချထားပြီး ယင်းအယူခံအမိန့်ကိုပင် ပြည်ထောင်စု တရားလွှတ်တော်သို့ အယူခံထပ်မံတင်သွင်းထားသည်။
ထို့အပြင် လှိုင်သာယာမြို့ နယ်အတွင်း တပ်က သိမ်းဆည်းထားသည့် လယ်မြေပေါ်တွင် ကျူးကျော်တည်ဆောက်ထားသည်ဆိုသော အိမ်များကို ဖယ်ရှားစဉ် သတင်းရယူသည့် ဧရာဝတီဂျာနယ်မှ သတင်းထောက် ကိုကျော်ထွန်းနှင့် တပ်မတော်အရာရှိများ အချင်းများခဲ့ပြီး လှိုင်သာယာ ရဲစခန်းတွင် နှစ်ဖက် အပြန်အလှန် အမှုဖွင့်ထားဆဲဖြစ်သည်။
 Credit - 7DAY DAILY

No comments:

Post a Comment