(ဆောင်းပါးရှင် - ဒေါက်တာရန်မျိုးသိမ်း)
တိုင်းရင်းသားပြည်သူလူထု၏ နောက်ကျောတွင် ဓားတန်းလန်းနှင့် ဖြစ်နေဆဲဟု
သုံးသပ်ကြသည်။ ဆင်းရဲမွဲတေမှုနွံထဲ နစ်မြုပ်ဆဲ၊ ဒုက္ခသုက္ခ အဖုံဖုံကြား
ကျင်လည်ဆဲ၊ တိုင်းရင်းသားပြည်သူလူထု၏ နောက်ကျောတွင် ထိုးစိုက်ဝင်နေဆဲဓားကို
ဆွဲနုတ်၊ ဆေးဝါးကုသနိုင်မှသာ နိုင်ငံရေးအပြောင်းအလဲသည် နာလန်ထူမည်ဖြစ်သည်။
သို့မဟုတ်ပါက နောက်ကျောတွင် ဓားတန်းလန်းနှင့် သန်း ၅၀ ကျော်၏ ကံကြမ္မာသည်
အဆိုးသံသရာထဲ တ၀ဲလည်လည်ဖြစ်နေဦးမည် ဖြစ်သည်။
သန်း ၅၀ ကျော်၏
နောက်ကျောသို့ ဓားဖြင့်ထိုးသူများအကြောင်းနှင့် ဆက်စပ်၍
မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်ပြောင်းဆန်းစစ်မည်ဆိုလျှင် ၂၀၀၈ ခုနှစ်
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲသည် သန်း ၅၀ ကျော်၏ နောက်ကျောသို့
ထိုးစိုက်ဝင်နေသောဓားနှင့် တိုက်ရိုက်ပတ်သက်နေသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်၏
၂၀၀၈ ခုနှစ် မေ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်အမှတ် ၁၂/၂၀၀၈ အရ
ပြည်ထောင်စုမြန်မာနိုင်ငံတော် တစ်ဝန်းလုံး၌ ကျင်းပခဲ့သော ပြည်လုံးကျွတ်
ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၂၇၂၈၈၈၂၇ ဦးအနက် ၂၆၇၇၆၆၇၅
ဦးက လာရောက်ဆန္ဒမဲပေးခဲ့ကြပြီး၊ ၂၄၇၆၄၁၂၄ ဦးက ထောက်ခံဆန္ဒမဲ
ပေးခဲ့ကြသည့်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း၏ ၉၂ ဒသမ
၄၈ ရာခိုင်နှုန်းက အတည်ပြုပေးရန် ထောက်ခံခဲ့သည်။ ၂၀၀၈ ခုနှစ် မေ ၂၉ ရက်တွင်
နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ကြေညာချက်အမှတ်
၇/၂၀၀၈ ကို ထုတ်ပြန်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးက အတည်ပြုပြဋ္ဌာန်းလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
နောက်ကြောင်းပြန်ကြည့်လျှင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ
မူကြမ်းစာအုပ်ကို စတင်ဖြန့်ချိသောကာလနှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ
ကျင်းပသည့်ကာလအကြား အချိန်ကာလသည် တစ်လကျော်ကျော်သာရှိပြီး အခြေခံဥပဒေ
မူကြမ်းစာအုပ်များ ပျံ့နှံ့မှုသည်လည်း အားနည်းလွန်းခဲ့သည်။ အခြေခံဥပဒေ
မူကြမ်းစာအုပ်များကို နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့ အပါအ၀င်
မြို့ကြီးအချို့တွင် ၀ယ်ယူရရှိနိုင်ခဲ့သော်လည်း အခြားမြို့များ၊
ကျေးရွာများအထိ ပျံ့နှံ့ရောက်ရှိမှု မရှိခဲ့သည်မှာ သိသာမြင်သာသည်။
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မကျင်းပမီကတည်းကပင် တိုင်းရင်းသားပြည်သူလူထု
အများစုသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို
သိမြင်နားလည်ခွင့် မရရှိခဲ့သည့်မှာ လယ်ပြင်မှာ ဆင်သွားသလို
ထင်ရှားပြီးဖြစ်သည်။ မြန်မာနိုင်ငံ တစ်နံတစ်လျားတွင် ၂၀၀၈ ခုနှစ်
ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းစာအုပ်ကို မမြင်မတွေ့ဖူးသူဦးရေမှာ
သန်းပေါင်းများစွာ ရှိခဲ့သည်ဟု သုံးသပ်နိုင်သည်။ ထို့ကြောင့်
တိုင်းရင်းသားပြည်သူလူထု အများစုသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို
သိရှိနားလည်ခြင်းမရှိ၊ ထောက်ခံခဲ့ကြရသည့်သဘော သက်ရောက်ခဲ့သည့်အလျောက်၊ သန်း
၅၀ ကျော်၏ နောက်ကျောကို ဓားဖြင့်ထိုးခြင်းဟု မှတ်ချက်ပြုမည်ဆိုလျှင်
လွန်လွန်ကဲကဲဖြစ်မည် မထင်မိပါ။
၂၀၀၇ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့၌
အမျိုးသားညီလာခံကို အပြီးသတ်ခဲ့ပြီးနောက် နိုင်ငံတော်ဖွဲ့စည်းပုံ
အခြေခံဥပဒေ ရေးဆွဲရာတွင် အခြေခံရန် အမျိုးသားညီလာခံ စုံညီအစည်းအဝေးများက
ချမှတ်သည့် အခြေခံမူများနှင့် အသေးစိတ်အခြေခံရမည့် မူများစာအုပ်ကို
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းက
ပုံနှိပ်မှတ်တမ်းအုပ်ရေ ၅၀၀၊ ၂၀၀၇ ခုနှစ် စက်တင်ဘာဖြင့်
ပုံနှိပ်ထုတ်ဝေခဲ့သည်။ အခြေခံမူများနှင့် အသေးစိတ်အခြေခံရမည့်
မူများစာအုပ်၊ အုပ်ရေ ၅၀၀ သည် မြန်မာနိုင်ငံ၏ လူဦးရေ သန်းငါးဆယ်ကျော်နှင့်
နှိုင်းယှဉ်လျှင်၊ မည်၍မည်မျှ အချိုးအစားကိုက်ကြောင်း မတွက်ချက်ရဲအောင်
ဖြစ်ခဲ့ရသည်။ အဆိုပါဖြစ်စဉ် ဖြစ်ရပ်များသည်လည်း တိုင်းရင်းသားပြည်သူလူထု
သန်း ၅၀ ကျော်၏ နောက်ကျောကို ဓားဖြင့်ထိုးခြင်းဟုပင် ရိုးရိုးသားသား
သတ်မှတ်ရမည်ဖြစ်သည်။
၂၀၀၇ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင်
ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး
ဒီဇင်ဘာလတွင် ပထမဆုံးအစည်းအဝေးကို ကျင်းပခဲ့သည်။ ၂၀၀၈ ခုနှစ် မေလတွင်
ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပမည်ဟု
ကြေညာခဲ့သော ဖေဖော်ဝါရီ ၉ ရက်တွင် အခြေခံဥပဒေမူကြမ်းကို လက်စသတ်နိုင်ခြင်း
မရှိသေးပေ။ ဖေဖော်ဝါရီ ၁၉ ရက်တွင် အခြေခံဥပဒေ မူကြမ်းရေးဆွဲရေး
ကော်မရှင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ရေးဆွဲပြီးဖြစ်ကြောင်း
အတည်ပြုခဲ့သည်။ ထို့နောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်ကို
ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖွဲ့စည်းခဲ့သည်။
သို့ရာတွင်
ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရာ၌ ပြည်သူလူထုကို
ပွင့်လင်းမြင်သာမှုရှိရှိ ပါဝင်ခွင့်မပြုခဲ့သည့်အပြင် အခြေခံမူများ၊
အသေးစိတ်အခြေခံရမည့်မူများနှင့် အခြေခံဥပဒေ မူကြမ်းအပေါ်
ဝေဖန်သုံးသပ်မှုများနှင့် ပတ်သက်၍ ဖမ်းဆီးထောင်ချနိုင်သည့်
နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနှင့်
အမျိုးသားညီလာခံလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရေးတို့ကို
နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့်ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ရေးအဖွဲ့၊ ဥပဒေအမှတ် ၅/၉၆)ကို ရုပ်သိမ်းခဲ့ခြင်း မရှိသည်မှာလည်း
အထင်အရှားဖြစ်သည်။
၂၀၀၈ ခုနှစ် မတ်လကုန်ပိုင်းတွင် အခြေခံဥပဒေ
မူကြမ်းစာအုပ်များကို ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော်တို့တွင်
စတင်ရောင်းချခဲ့သော်လည်း မြန်မာနိုင်ငံအနှံ့ မြို့များ၊ နယ်များ၊
ကျေးလက်များအထိ နှံ့နှံ့စပ်စပ် မရောက်ရှိခဲ့သည်မှာ သိသာမြင်သာသည်။
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မေ ၁၀ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ဧပြီ ၉
ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းစာအုပ်သည်
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမတိုင်မီ တစ်လစွန်းစွန်းအလိုမှသာ
ဈေးကွက်ထဲရောက်ရှိခဲ့ပြီး ပြည်သူလူထုအနေဖြင့် ဖတ်ရှုလေ့လာခွင့်ကို
အနိမ့်ဆုံးသာ ရရှိခဲ့သည်မှာ ဖုံးမရ၊ ဖိမရ ကိစ္စများထဲတွင် တစ်ခုဖြစ်သည်။
သို့ဖြစ်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုသော ပြည်လုံးကျွတ်
ဆန္ဒခံယူပွဲသည် ချည်ပြီးတုပ်ပြီး အခင်းအကျင်းတွင် သန်း ၅၀
ကျော်၏နောက်ကျောသို့ ဓားဖြင့်ထိုးခြင်းဟု သုံးသပ်မည်ဆိုလျှင်
လွန်မည်မထင်ပါ။ ပြည်သူလူထု အများစုကြီးအနေဖြင့် တစ်ကြိမ်တစ်ခါမျှပင်
မဖတ်ဖူးသော၊ အတန်အသင့်သာ ကြားဖူးနားဝရှိသော အခြေခံဥပဒေအား အလျင်စလို
အတည်ပြုခဲ့ခြင်းကို ရိုးသားမှု၊ နားလည်မှု၊ ယုံကြည်မှု ထောက်တိုင်သုံးခုကို
အခြေပြု စဉ်းစားကြည့်မည်ဆိုလျှင် အရုပ်ဆိုး အကျည်းတန်လွန်းသည်ဟု
သုံးသပ်နိုင်သည်။
အချုပ်အားဖြင့်ဆိုသော် သန်း ၅၀ ကျော်
တိုင်းရင်းသားပြည်သူလူထု၏ နောက်ကျောတွင် ဓားတန်းလန်းထိုး စိုက်ဝင်နေသည်မှာ
ဖုံးကွယ်မရသော စိန်ခေါ်မှုကြီးပင် ဖြစ်သည်။ တိုင်းရင်းသားပြည်သူလူထု
အများစုအနေဖြင့် သိရှိပူးပေါင်းပါဝင်မှု နည်းပါးလွန်းချိန်တွင်
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့်အတူ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို
အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းသည် သန်း ၅၀ ကျော်၏နောက်ကျောကို
ဓားဖြင့်ထိုးစိုက်ခြင်းဟုပင် သုံးသပ်နိုင်သည်။ ဓားတန်းလန်းနှင့် သန်း ၅၀
ကျော်၏ နိုင်ငံရေးထွက်ရပ်လမ်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြန်လည်ကျင်းပလျက် ဆန္ဒသဘောထားရယူခြင်းမှတစ်ပါး
အခြားမရှိနိုင်ပါကြောင်း မီးမောင်းထိုး ဆော်သြလိုက်ရပါသည်။
Credit - Eleven Media Group
No comments:
Post a Comment