[ Opinion ]
ဆန္ဒ
လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးခံမည်ဟူသော လူလတ်ပိုင်း အမျိုးသားတစ်ဦးနှင့် သိကျွမ်းရပါသည်။ ထိုသူမှာ စီးပွားရေးအရ အထိုက်လျောက် အောင်မြင်နေသည်ဟု ဆိုနိုင်ပါသည်။
သူသည် “….” ပါတီဝင်တစ်ဦး ဖြစ်ပါသည်။ စကားစပ်မိ၍ဖြစ်စေ၊ စကား မစပ်မိဘဲဖြစ်စေ ထိုသူနှင့် ကျွန်မ သိလိုသည်များ မေးမြန်းရန်အတွက် စကားပြောကြည့်ပါသည်။
“အစ်ကို လာမည့် ရွေးကောက်ပွဲမှာ ဝင်ဖို့အစီအစဉ် ရှိတယ်ဆိုတော့ အဲဒီအတွက် ဘာတွေ ပြင်ဆင်ထားလဲ၊ အခု လောလောဆယ်ရော ဘာတွေလုပ်နေလဲ၊ ဒီပါတီကို အစ်ကို ဘာလို့ ဝင်ဖြစ်တာလဲ၊ အစ်ကို့ ပါတီအတွင်းမှာရော ဘာတွေ လုပ်ဖြစ်လဲ” စသည်ဖြင့် မေးလိုသော မေးခွန်းအချို့ကို အလျဉ်းသင့်သလို မေးမြန်းမိပါသည်။
“ကျွန်တော် ဘာရယ်မဟုတ်ဘူး၊ ပါတီထဲကိုတော့ ဒီလိုပဲ ဝင်ဖြစ်လိုက်တာပါပဲ။ လောလောဆယ်တော့ “……” လုပ်ငန်း လုပ်ပါတယ်။ လူမှုရေးတွေ လုပ်ပါတယ်။ တခြားအထွေအထူး ပြင်ဆင်တာမျိုးတော့ မရှိပါဘူး” တဲ့။
လက်ရှိ နိုင်ငံရေး အခြေအနေ၊ အမြင်၊ သုံးသပ်ချက် အချို့ကိုလည်း မေးမိပါတယ်။ ဘယ်လိုအဖြေ၊ ဘယ်လိုသုံးသပ်ချက်မှ ထွက်မလာပါ။ ၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ လောက်ကိုတောင် မလေ့လာဖူးတာမျိုး၊ ကိုယ်နေထိုင်တဲ့မြို့၊ ပြည်နယ်၊ မြို့နယ်တွေရဲ့ အရေးကိစ္စ အချို့နဲ့တောင် အတော့်ကို အလှမ်းဝေးနေတာမျိုး၊ ရွေးကောက်ပွဲ ဝင်မယ့်သူအနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ အခန်း(၄)၊ (၅)၊ (၆)၊ (၈)၊ (၉)၊ (၁၀) တို့ကိုတောင် မလေ့လာ ထားဖူးတာ မျိုးတွေကိုလည်း ကြုံဖူးပါတယ်။ နိုင်ငံရဲ့ အဓိက မဏ္ဍိုင်ကြီးများထဲမှာ အဓိက ပါဝင် ပတ်သက်နေသူ တချို့မှာလည်း အခြေခံ သိနားလည် ထားသင့်တဲ့ အရာတွေကို မလေ့လာ ထားတာမျိုးတွေလည်း တွေ့ရတတ်ပါတယ်။
နိုင်ငံကိုဖွံ့ ဖြိုးစေချင်တဲ့စိတ်၊ တစ်စုံတစ်ရာကို တတ်နိုင်တဲ့ ဘက်ကနေ တစ်ခုခု လုပ်ပေးချင်တယ် ဆိုတဲ့စိတ်၊ အဲဒီစိတ်တွေ ရှိနေတာကိုတော့ လေးစားပါတယ်။ လေ့လာ ထားသင့်တာတွေကို လေ့လာထားပြီး လုပ်ပေးချင်တဲ့စိတ်၊ ဖြစ်ချင်တဲ့ စိတ်ကလေးနဲ့ ပေါင်းလိုက်ရင် ဘယ်လောက် ကောင်းမလဲ။ အဲဒီအစ်ကိုနဲ့ စကားပြောမိတိုင်း ကျွန်မ အားမလိုအားမရ ဖြစ်မိတာ အမှန်ပါ။ ဒီလိုပြောလို့ ကျွန်မကိုယ် ကျွန်မလည်း သိနေတတ်နေတယ်လို့ မဆိုလိုပါ။ လေ့လာသင့်တာတွေ အားနည်းနေတာက ကာယကံရှင်ကပဲ အခွင့်အလမ်းကို မရှာလေသလား၊ အခွင့်အလမ်းကပဲ မရှိလေသလား စဉ်းစားမိခြင်းသာ ဖြစ်ပါတယ်။
(ရွေးကောက်ပွဲ ဝင်မည်ဆိုသူအား တစ်စုံတစ်ရာ ထိခိုက်စေလိုသော ဆန္ဒအလျှင်း မရှိပါ။ ဖြည့်သင့်သည်များကို ဖြည့်စေလိုသော ဆန္ဒသာ ပြင်းပြင်းပြပြ ဖြစ်မိပါသည်။)
(ဝေလင်းလင်းထက်)
(ဤကဏ္ဍတွင် ဖော်ပြချက်များသည် စာရေးသူ၏ အာဘော်သာဖြစ်ပြီး The Voice Daily ၏အာဘော် မဟုတ်ပါ)
Credit - The Voice Weekly

No comments:
Post a Comment