ကိုယ့်အလုပ်အပေါ် ကိုယ်တာဝန်ယူစိတ် ရှိသူကို လူတိုင်းက ချစ်သည်။ မပြောပလောက်သည့် သေးဖွဲသော ကိစ္စလေးကိုပင် တာဝန်ယူလို စိတ်ရှိသူ၊ ခေါင်းမရှောင်တတ်သူကို ခေါင်းဆောင်အဖြစ် သတ်မှတ်လေ့ ရှိကြသည်။ တာဝန်ခံစိတ် ဆိုသည်မှာ အမှားတစ်ခုခုကို ကျူးလွန်လိုက်မိလျှင် ထိုအမှားမျိုး နောက်လူက ထပ်မမှားစေရန်၊ မှားယွင်းသော အပြုအမူများ နောက်ထပ် ဖြစ်ပွားခြင်း မရှိစေရန် တာဝန်ယူလိုက်ခြင်းလည်း ဖြစ်သည်။
တာဝန်ယူလိုစိတ် ရှိသူ၊ တာဝန်ခံစိတ် ရှိသူသည် ဥပဒေကို လေးစားလိုက်နာသူ ဖြစ်ကြောင်း ပြဆိုသူလည်း ဖြစ်သည်။ ခေါင်းရှောင်တတ်သူကို ကြည်ညိုလိုစိတ် နည်းကြသည်။ ခေါင်းဆောင် ဆိုသည်မှာလည်း အတင်းအဓမ္မ ခေါင်းဆောင်နှင့် နှလုံးသားထဲက ခေါင်းဆောင်ဟူ၍ နှစ်မျိုးရှိသည်။ နှလုံးသားထဲက ခေါင်းဆောင် ဆိုသည်မှာ အတင်းအဓမ္မ ရိုက်သွင်း၍ မရနိုင်ပေ။ ပြည်သူက တာဝန်ခံတတ်သည့် ခေါင်းဆောင်ဟု သတ်မှတ်လိုက်လျှင် သူတို့ ရင်ထဲ နှလုံးသားထဲတွင် ပုံရိပ်ထင်သွားပြီး ဖြစ်သည်။
ကိုယ်ကျင့်တရားကို အလေးထားသည့် လူ့ဘောင်တွင် အချက်သုံးချက်ကို အလေးအနက် ထားသင့်သည်။ အခြေအနေနှင့် အချိန်အခါကို အသိဉာဏ်ဖြင့် သုံးသပ် ဆင်ခြင်တတ်ခြင်း၊ မည်သည့်အရာက အဓိကကျပြီး မည်သည့်အရာက အဓိက မကျသည်ကို သိခြင်းနှင့် ဆက်စပ်သည့် အကြောင်းကိစ္စ မှန်သမျှကို ရုတ်ခြည်းဆုံးဖြတ် သိမြင်နိုင်စွမ်း ရှိခြင်းတို့ ဖြစ်သည်။ တာဝန်ယူ တတ်ခြင်း ဆိုသည်မှာလည်း ယင်းအချက် သုံးချက်နှင့် ဆက်စပ်နေသည်။
ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တိုင်းပြည်အတွက် အသက်ကိုပင် စွန့်လွှတ်ရန် အဓိဋ္ဌာန် ပြုထားသူ တစ်ဦးသည် တာဝန်ခံလိုစိတ်ကို လျစ်လျူမရှုသင့်ဟု ထင်ပါသည်။ တိုင်းပြည်ကို အုပ်ချုပ်ခြင်း ဆိုသည်မှာ စွန့်လွှတ်ရန် တာဝန်ယူခြင်းလော၊ ရယူသိမ်း ပိုက်ရန် တာဝန်ယူခြင်းလောဟု ပြန်လည် ဆင်ခြင်သင့်သည်။ စွန့်လွှတ်လိုစိတ် ရှိသူများသည် မိမိတို့အပေါ်တွင် သမိုင်းကြွေးများကို အပိမခံသူများ ဖြစ်သောကြောင့် လွတ်လပ်ပေါ့ပါးကာ စိတ်သံသယ ရှင်းကြသည်။ ရယူ သိမ်းပိုက်လိုသူများမှာ တစ်သက်စာ ဝန်ပိကာ သမိုင်းကြွေးတင် သွားတတ်ကြသည်။ သမိုင်းကြွေး ဆိုသည်မှာ လူသားဖြစ်တည် နေသမျှ ဆပ်မကုန်သည့် ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုဖြစ်သည်။
သမိုင်းတွင်လောက်အောင် အပြစ်မြင်သူ အဖြစ်ခံမည်လော၊ သမိုင်းဝင် လောက်အောင် ပြည်သူ့မေတ္တာကို ခံယူသွားမည်လော ဆိုသည်ကို ဆုံးဖြတ်ရန်မှာ အချိန် သိပ်မကျန်တော့ပေ။
အယ်ဒီတာ (၁၄-၁၀-၂၀၁၄)
--------------------------
The Voice Daily Editorial, Vol-2/No-158 (#voiceeditorial)
Credit - The Voice Weekly

No comments:
Post a Comment