#emg_editorials
အမှန်တရားမှလွဲ၍ မှန်တဲ့အရာ ဘာမျှမရှိ
“Truth Nothing but the Truth” “အမှန်တရားမှလွဲ၍ မှန်တဲ့အရာဘာမျှမရှိ”
ကွယ်လွန်သွားပြီဖြစ်သော ဆရာလူထုစိန်ဝင်း မကြာခဏ ပြောကြားရေးသားခဲ့ဖူးပြီး
အမှန်တရားကို မြတ်နိုးသူတိုင်း သုံးစွဲလေ့ရှိသော စကားလုံးတစ်လုံးဖြစ်သည်။
ဤစကားလုံးအတိုင်းပင် အမှန်တရားဟူသည် ထိုအမှန်တရားမှလွဲ၍ မည်သည့်အရာကမျှ
အမှန်တရားအား ပြောင်းလဲနိုင်စွမ်း ရှိမည်မဟုတ်ပါ။ သို့သော် အခြေအနေ
အချိန်အခါများက အမှန်တရားအား ဖုံးကွယ်သွားခဲ့ပါလျှင် အမှန်တရားအတိုင်း
ရဲရဲဝံ့ဝံ့ ရပ်တည်လုပ်ဆောင်မည့် သူများရှိရန်
အရေးကြီးပါသည်။ ထို့ကြောင့်
စတုတ္ထမဏ္ဍိုင်အဖြစ် မဏ္ဍိုင်ကြီးသုံးရပ်အား စောင့်ကြည့်ထောက်ပြရမည့်
ဂျာနယ်လစ်များ အမှန်တရားအပေါ်တွင် ရပ်တည်ရန် ထိုကဲ့သို့ ဆရာလူထုစိန်ဝင်းက
မကြာခဏ ပြောကြားခဲ့ခြင်းဖြစ်သည်။
အကောင်းအဆိုးများ ဒွန်တွဲတတ်သည့်
လူ့သဘာဝအတိုင်း မြန်မာနိုင်ငံတွင်လည်း တရားမှု၊ မတရားမှုများ ရှိနေဆဲဖြစ်သည်။
ထို့အတွက် အမှန်တရားပေါ်ပေါက်ရန်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊
ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင်တို့၏ မှန်ကန်စွာ
ရပ်တည်နိုင်မှုအား မကြာခဏ ထောက်ပြပြောဆိုမှုများ ပြုလုပ်နေကြခြင်းဖြစ်သည်။
အများပြည်သူနှင့် အနီးဆုံးထိတွေ့ ဆက်ဆံနေရသည့် တရားစီရင်ရေးမဏ္ဍိုင်နှင့်
တရားဥပဒေစိုးမိုးရေးအပေါ် လူထုကအားကိုးလို၍ ဝေဖန်နေကြခြင်းဖြစ်သည်။
ထို့အတူ “အပြစ်ရှိသူကို အပြစ်မပေးမိခြင်းထက် အပြစ်မရှိသူကို
အပြစ်မပေးမိရန်” ဟူသော စကားအတိုင်း သေချာစွာ စိစစ်လုပ်ဆောင် ပေးသင့်ကြောင်း
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်
နိုင်ငံခြားရေး ဝန်ကြီးအား လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ခိုထောင်ကျွန်း လူသတ်မှုအတွက် တရားခံများအဖြစ် စွပ်စွဲဖမ်းဆီး
ခံထားရသော မြန်မာနိုင်ငံသားနှစ်ဦး အရေးနှင့်ပတ်သက်၍ ရည်ရွယ်ပြောကြား
ခဲ့ခြင်းဖြစ်သည်။
“လူအားလုံးတို့သည် ဥပဒေအရာ၌ တူညီကြသည့်အပြင် ဥပဒေ၏
အကာအကွယ်ကို ခြားနားခြင်းမခံရစေဘဲ တူညီစွာ ခံစားပိုင်ခွင့်ရှိသည်” ဟူ၍
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အတည်ပြုကြေညာခဲ့သည့် လူ့အခွင့်အရေး
ကြေညာစာတမ်း အပိုဒ်(၇) တွင်ပါဝင်သည့် အချက်နှင့် “အခွင့်အရေးများနှင့်
တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင် လည်းကောင်း၊ ရာဇဝတ်ကြောင်းဖြင့်
တရားစွဲဆိုခြင်း၌ အဆုံးအဖြတ်ခံရာတွင် လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍
အဂတိ မလိုက်စားသော တရားရုံးတော်၏ လူအများရှေ့မှောက်တွင် မျှတစွာ
ကြားနာစစ်ဆေးခြင်းကို တူညီစွာ ခံစားပိုင်ခွင့်ရှိသည်” ဟူသည့် လူ့အခွင့်အရေး
ကြေညာစာတမ်း အပိုဒ် (၁ဝ)မှ ဖော်ပြချက်များမှာ သတိပြုစရာ ဖြစ်သည်။
ယင်းမာပင် တရားရုံးတွင် အမှုရင်ဆိုင်နေရသော ဗကသကျောင်းသူ မဖြူနှင်းထွေးအား
အောက်တိုဘာ ၁၅ ရက် ပဉ္စမမြောက်ရုံးချိန်းတွင် တရားရှင် လွှတ်ပေးခဲ့ကြောင်း
သိရသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တရုတ်နိုင်ငံသား နှစ်ဦးကို
ပြန်ပေးဆွဲရာတွင် ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲဆို ခံခဲ့ရခြင်းဖြစ်သည်။
နှစ်နိုင်ငံ မိတ်ဆွေမပျက် ဆက်ဆံလိုခြင်း အပါအဝင်
ဆွေးနွေးညှိနှိုင်းမှုများကို အလေးထားခြင်း၊ ငယ်ရွယ်သည့် တက္ကသိုလ်ကျောင်းသူ
ဖြစ်ခြင်းများ စသည်တို့ကြောင့် အမှုအား ရုပ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်းလည်း
သိရသည်။
မည်သို့ပင်ဖြစ်စေ ကောင်းမွန်မှန်ကန်သည့်
လုပ်ဆောင်မှုများအပေါ် ကြိုဆိုရမည်ဖြစ်ပြီး အမှန်တရားမှလွဲ၍ မှန်သည့်အရာ
ဘာမျှမရှိဟူသည့် စကားအတိုင်း မည်သူမဆို အမှန်တရားပေါ်တွင် ရပ်တည်လုပ်ဆောင်
သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
Credit - Eleven Media Group
No comments:
Post a Comment