Written by - မောင်ကြည်
ဤယနေ့သည် ရာသီဥတုကြည်လင်ပြီး နေသာသော
နေ့တစ်နေ့။ ဝါတွင်းသုံးလ ကုန်ဆုံးခဲ့ပြီဖြစ်သော သီတင်းကျွတ် လပြည့်ကျော် ၃
ရက်၊ (၁၁-၁ဝ-၂ဝ၁၄) ရက်။ ကျွန်တော်တို့ တစ်ရပ်ကွက်လုံး ဆွမ်းသိမ်းပွဲတော်
တစ်ပြိုင်တည်း ကျင်းပသည့်နေ့။ ကျွန်တော်တို့ “အပ္ပမာဒ” အင်္ဂါပတ်ဆွမ်းလောင်း
အသင်းလေးအတွက် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသောနေ့တစ်နေ့ပါပဲ။
ဤနေ့မတိုင်ခင် ဝါတွင်းသုံးလအတွင်းမှာတော့ ကျွန်တော်တို့အပ္ပမာဒ
အဖွဲ့သားများသည် တနင်္ဂနွေနေ့တိုင်း တစ်အိမ်တက်ဆင်း အလှူခံလိုက်ကောက်ကြပါသည်။
တနင်္လာနေ့တိုင်း ဆွမ်းကိစ္စအတွက် လိုအပ်တာတွေ ဝယ်ခြမ်းကာ ချက်ပြုတ်ကြရပါသည်။
အင်္ဂါနေ့ အရုဏ်တက်မနက်ခင်းတိုင်း ကြွလာတော်မူကြကုန်သော သံဃာတော်များကို
ဆွမ်းလောင်းကြရပါသည်။ ဤသို့ဖြင့် ဝါတွင်းသုံးလကို ကုန်ဆုံးလွန်မြောက်
လာခဲ့ကြပါသည်။
ကျွန်တော်တို့ တစ်ဖွဲ့လုံးသည် ဆွမ်းသိမ်းပွဲ
ကျင်းပရန်အတွက် လွန်ခဲ့သော သုံးရက်ခန့်ကပင် ကြိုတင်ပြင်ဆင် ခဲ့ကြပါသည်။
ဝါတွင်းသုံးလ ဆွမ်းလောင်းခဲ့ကြသည့် မဏ္ဍပ်ထဲတွင် သံဃာတော်များကို ဆွမ်းကပ်ရန်
သံဃာစင်ထိုးရပါသည်။ ရာဇမက်ကွက် ကာရပါသည်။ သာသနာ့အလံများ ချိတ်ဆွဲရပါသည်။
သံဃာစင်ပေါ်သို့ ဘုရားဆင်းတု တော်တစ်ဆူကို ပင့်ဆောင်၍ ပန်း၊ ရေချမ်း၊
သစ်သီးဆွမ်းများ ဆက်ကပ်လှူဒါန်းကြပါသည်။ သံဃာတော်များနှင့်
ဧည့်ပရိသတ်များအတွက် ထမင်းဟင်းများ ချက်ပြုတ်ကြော်လှော်ရန် အတွက်လည်း
ဝယ်ကြခြမ်းကြစီမံ ဆောင်ရွက်ကြရပါသည်။
ဆွမ်းသိမ်းပွဲကျင်းပမည့် ဤယနေ့
မနက်ပိုင်းမှာတော့ သံဃာတော်များ ကြွမလာခင် လမ်းအတွင်းရှိ အိမ်အသီးသီးမှ
ပို့ဆွမ်းအဖြစ် ထမင်းနှင့်ဟင်းများကို မဏ္ဍပ်အတွင်းသို့ လာရောက်လှူဒါန်း
ကြပါသေးသည်။ တချို့က ထမင်းနှင့် ဟင်းအပြင် အချိုပွဲအတွက် ဖာလူဒါ၊
ကိတ်မုန့်၊ သစ်သီးမျိုးစုံနှင့် လက်ဖက်ရည် များကိုလည်း လာရောက်လှူဒါန်း
ကြပါသည်။ ဤသို့ဖြင့် မနက် ၁ဝ နာရီခွဲမှာ သံဃာတော်ငါးပါး ကြွတော်မူလာပါသည်။
ကျွန်တော်တို့သည် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပြီးနောက်
ဦးဆောင်ဆရာတော် ချီးမြ§င့်သည့် ဆွမ်းသိမ်းပွဲတရားတော်ကို ရိုသေစွာ
နာယူကြပါသည်။ ထို့နောက် ဝါတွင်းသုံးလ၊ ၁၃ ပတ်တိုင်တိုင် ပြုခဲ့ကြသော
ဒါနဝတ္ထုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်း ဝေခဲ့ကြပါသည်။
ဤသို့ဖြင့်
သံဃာတော်များ ပြန်လည်ကြွ ချီပြီးနောက်မှာတော့ တရားနာရန် ကြွရောက် လာကြသော
ဧည့်ပရိသတ်များကို ထမင်းဟင်းများဖြင့် ကျွေးမွေးဧည့်ခံကြပါသည်။ ထို့အပြင်
မဏ္ဍပ်အတွင်းသို့ တဖွဲဖွဲဝင်ရောက် လာကြသော ကျား၊ မ၊ လူကြီးလူငယ် ကလေးပါမကျန်
အယုတ်အလတ် အမြတ်မရွေး ပျူငှာစွာ ကြိုဆိုဧည့်ခံ၍ ကျွေးမွေးလှူဒါန်းခဲ့ကြ
ပါသည်။ ကျွန်တော်တို့ အပ္ပမာဒအဖွဲ့သား များသည် မဏ္ဍပ်အတွင်းမှာ ထမင်းနှင့်
ဟင်းများကို အားရပါးရ သုံးဆောင်နေကြသော အဆိုပါ ဧည့်ပရိသတ်အပေါင်းကို
ကြည့်ပြီး ဝမ်းသာပီတိ ဖြစ်နေကြပါသည်။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည်
“အလှူရေစက် လက်နှင့်မကွာ” ဟု တင်စားခေါ်ဝေါ်ခံရသော လူမျိုးဖြစ်သည်။
မရှိဆင်းရဲသူကို သနားညှာတာ ပေးကမ်းစွန့်ကြဲတတ်သည့် လူမျိုး၊ ပစ္စုပ္ပန်၊
သံသရာနှစ်ဖြာသော အကျိုးကို မျှော်ကိုးကာ ကုသိုလ်ကောင်းမှုပြုတတ်
သည့်လူမျိုးဖြစ်သည်။ “မရှိလို့မလှူ မလှူလို့ မရှိ” မဖြစ်ရလေအောင်
မရှိသည့်ကြားထဲက ရှိသမျှလေးကို ခွဲခြမ်းဝေငှစွန့်ကြဲပေးကမ်း
လှူဒါန်းချင်သည့် လူမျိုးဖြစ်ပါသည်။
အမှန်အတိုင်းပြောရလျှင်
ကျွန်တော်တို့ ရပ်ကွက်အတွင်းရှိ လမ်းသွယ်အသီးသီးထဲမှာ ကျွန်တော်တို့
လမ်းကလေးသည် သူများလမ်းများနှင့်ယှဉ်လျှင် ဆင်းရဲချို့တဲ့ရှာပါသည်။
သို့သော် အလှူဒါနအရာမှာတော့ ကျွန်တော်တို့လမ်းသည် မဆင်းရဲမချို့တဲ့ပါ။
ဝါတွင်းသုံးလအတွင်း အလှူခံထွက်လေတိုင်း မရှိရှိတာရှာကြံပြီး
လှူဒါန်းကြပါသည်။ အင်္ဂါပတ် ၁၃ ပတ်ရှိရာ ၎င်းအင်္ဂါပတ်တိုင်း အတွက်
မ,တည်အလှူရှင်များအသီးသီး ပေါ်ထွက်လာခဲ့ကြပါသည်။ တချို့အပတ် များဆိုလျှင်
မ,တည်အလှူရှင်နှစ်ဦးပင် ရှိကြပါသည်။ ထို့အပြင် အင်္ဂါ ၁၃ ပတ်လုံးအတွက်
ဆန်အလှူရှင်၊ ဝေယျာဝစ္စ အဖွဲ့အတွက် အာဟာရအလှူရှင်နှင့် တခြားလိုအပ်တာများ
ထောက်ပံ့လှူဒါန်း ကြသူများလည်း ရှိကြပါသေးသည်။ ထို့ကြောင့်
“ငါတို့လမ်းကလေးက ရှိလို့ လှူတာမဟုတ်ဘူး၊ သိလို့လှူတာ။ ပိုက်ဆံဆင်းရဲပေမယ့်
အသိဥာဏ် မဆင်းရဲပါလား” ဟု ကျွန်တော် တွေးနေမိပါသည်။
လူတစ်ယောက်ဖြစ်စေ၊ လူ့အဖွဲ့အစည်း တစ်ခုဖြစ်စေ၊ တိုင်းပြည်တစ်ပြည်ဖြစ်စေ၊
ပိုက်ဆံဆင်းရဲခြင်းထက် အသိဥာဏ်မဆင်းရဲဖို့က ပိုအရေးကြီးသည်ဟု ထင်ပါသည်။
အဘယ့်ကြောင့်ဆိုသော် အသိဥာဏ် မဆင်းရဲသူသည် အခြားအရာများ
ကြွယ်ဝချမ်းသာလာအောင် အချိန်မရွေး ပြန်လည်ကြိုးစား
တည်ဆောက်ယူနိုင်သောကြောင့် ဖြစ်ပါသည်။ ထို့အပြင် ပိုက်ဆံချမ်းသာပြီး
အသိဥာဏ် ဆင်းရဲသူများသည် မိမိပတ်ဝန်းကျင်နှင့် မိမိတိုင်းပြည်ကို
အချိန်မရွေး အန္တရာယ်ပေးနိုင်လို့ပါပဲ။
နိုင်ငံတကာက မြန်မာနိုင်ငံကို
“ပိုက်ဆံဆင်းရဲသည့်နိုင်ငံ” ဟုအပြစ်ပြောမှာထက် “အသိဥာဏ်
ဆင်းရဲသည့်နိုင်ငံ” ဟု လက်ညှိုးထိုးကာ စွပ်စွဲမှာကို
ကျွန်တော်အကြောက်ဆုံးပါပဲ။ အဘယ့်ကြောင့်ဆိုသော် ပိုက်ဆံဆင်းရဲတာထက်
ကိုယ်ကျင့်သိက္ခာ ဆင်းရဲတာက ပို၍ရှက်စရာကောင်းသည် မဟုတ်ပါလော။
Credit - Eleven Media Group
No comments:
Post a Comment