အတွင်းဝန်နှင့် လက်ထောက်အတွင်းဝန် ရာထူးများကို ယခုအစိုးရသက်တမ်းအတွင်း
ခန့်အပ်ထားနိုင်ဖွယ် မရှိတော့ဘဲ ဖွဲ့ စည်းပုံရေးဆွဲခြင်းများ ရပ်နားထားရန်
ဝန်ကြီးဌာနများသို့ အကြောင်းကြားထားကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲသော်လည်း မူဝါဒမ ပြောင်းလဲဘဲ
လုပ်ကိုင်ဆောင်ရွက်နိုင်ရန် လိုအပ်သော ရာထူးများဖြစ်သည့် အတွင်းဝန်၊
လက်ထောက်အတွင်းဝန်ရာထူးများကို ခန့်အပ်သွားရန် ပြည်ထောင်စုအစိုးရအဖွဲ့မှ
ပြီးခဲ့သည့် သြဂုတ်လအတွင်းပိုင်းမှ စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင် ယင်းရာထူးများကို ခန့်အပ်ရန်ကိစ္စနှင့် စပ်လျဉ်း၍
ဆိုင်းငံ့ထားရန် အကြောင်းကြားစာကို သမ္မတရုံးမှပေးပို့လာခဲ့ခြင်းဖြစ်ကြောင်း
နေပြည်တော်ဝန်ကြီးဌာန အသိုင်းအဝိုင်းမှ သတင်းရရှိသည်။
‘‘လက်ရှိအစိုးရသက်တမ်းအတွင်းမှာ ရပ်ဆိုင်းထားဖို့ပေါ့။ ပြီးခဲ့တဲ့အပတ်က
ဝန်ကြီးဌာနတွေကို အကြောင်းကြားစာ ပေးပို့ပါတယ်’’ဟု
နေပြည်တော်ဝန်ကြီးဌာနတစ်ခုမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် အတွင်းဝန်ရုံးများ
ဖွဲ့စည်းပုံကို မူလက ရေးဆွဲနေခဲ့ခြင်းဖြစ်သည်။ ယခု ရပ်ဆိုင်းထားရန်
အကြောင်းကြားစာပေးပို့ခဲ့သော်လည်း မည်သည့်အကြောင်းပြချက်ကြောင့်ဆိုသည်ကို
မသိရှိရကြောင်း ဝန်ကြီးဌာန အသိုင်းအဝိုင်းနှင့် နီးစပ်သူများကဆိုသည်။
ဖဆပလအစိုးရခေတ်တွင် အတွင်းဝန်ရာထူး တာဝန် ထမ်းဆောင်ဖူးသူတစ်ဦးက
ယင်းအတွင်းဝန်ရုံး ပြန်လည်ကျင့်သုံးပါက ကောင်းမွန်သော်လည်း
အင်မတန်အရေးပါသည့် ရာထူးဖြစ်သည့်အတွက် အမှန်တကယ် အရည်အချင်းရှိပြီး
ပညာတတ်ဖြစ်ရန်လိုအပ်ကြောင်း ထောက်ပြထားသည်။
လက်ရှိအစိုးရအဖွဲ့တွင် ဝန်ကြီးဌာန (၃၆)ခု ရှိပြီး ပြည်ထောင်စုအဆင့် ဝန်ကြီး ၉၀ ကျော် ရှိကြောင်း သတင်းရရှိသည်။
Credit - 7DAY DAILY
No comments:
Post a Comment