Wednesday, October 15, 2014

တစ်နပ်စား မြေစီးပွားရေးနှင့် နစ်နာနေသူများ

Written by - သစ်ထွဋ်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာဖို့ ဖိတ်ခေါ်လျက်ရှိတဲ့ မြန်မာနိုင်ငံမှာ မြေဈေးနှုန်းတွေ ကြီးမြင့်နေခြင်းဟာ ရင်းနှီးမြှုပ်နှံလိုသူများအတွက် ဆွဲဆောင်မှုအား နည်းစေတယ်လို့ စီးပွားရေးပညာရှင်များက ဝေဖန်နေကြပေမယ့် ယနေ့အချိန်အထိတော့ စီးပွားရေးမြို့တော် ရန်ကုန်မှာတော့ မြေဈေးနှုန်းတွေဟာ ခေါင်ခိုက်နေဆဲဖြစ်ပါတယ်။


  မြေ၀ယ်သိမ်းသူ

မြေဈေးတွေ ရှိသင့်တာထက်ကြီးမြင့်နေကြောင်း အစိုးရတာဝန်ရှိသူတွေကိုယ်တိုင် မကြာခဏ ထုတ်ဖော်ပြောကြားလေ့ ရှိပေမယ့်လည်း မြေတွေကို ဝယ်သိမ်းပြီး မတန်တဆဈေးနဲ့ အမြတ်တင်ရောင်းတဲ့ လုပ်ငန်းကတော့ မြန်မာပြည်မှာ တွက်ခြေကိုက်ဆုံး စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် ယနေ့အထိ တွင်ကျယ်နေဆဲ ဖြစ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ မြေရောင်းဝယ်ရေးလုပ်ငန်း ကြီးထွားလာမှုကို မထိန်းချုပ်နိုင်မှုကြောင့် မြေဈေးနှုန်းတွေကို ပိုပြီးမြင့်တက်စေတယ်လို့ စီးပွားရေးပညာရှင်တွေက ထောက်ပြနေကြပေမယ့် ငွေအရင်းအနှီး များစွာဖြင့် မြေဈေးကစားသူတွေကတော့ ပိုများလာတာ တွေ့ရပါတယ်။ အဲဒီလို မြေဈေးနှုန်းကို မထိန်းချုပ်နိုင်တဲ့ အတွက်လည်း မြေကို အရင်းအနှီးအဖြစ် အသုံးပြုလုပ်ကိုင်ရတဲ့ လုပ်ငန်းတွေအပေါ် အကျိုးသက်ရောက်မှုတွေ ရှိစေပါတယ်။ အထူးသဖြင့် နိုင်ငံရပ်ခြားက လာရောက်ရင်းနှီး မြှုပ်နှံသူတွေအတွက် လက်ရှိမြေဈေးနှုန်းများက လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ အတားအဆီးသဖွယ် ဖြစ်နေပါတယ်။ အခြေခံ အဆောက်အအုံဖြစ်တဲ့ မြေဈေးနှုန်းတွေ ရှိသင့်တာထက် မြင့်နေတာကြောင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်တဲ့ စက်ရုံ၊ အလုပ်ရုံများ ထူထောင်ဖို့အတွက် အခက်အခဲတွေ ရှိနေကြတာ ဖြစ်ပါတယ်။ မြေဈေးကြောင့် ရင်းနှီးမြှုပ်နှံလိုသူများ အခက်တွေ့ရချိန်မှာ စက်မှုဇုန်များမှာ လုပ်ငန်းမလုပ်ဘဲ မြေဝယ်သိမ်းထားတဲ့ သူတွေလည်း ရှိနေတာကြောင့်လည်း တကယ်လုပ်ငန်းထူထောင်မယ့် သူတွေအတွက် မြေရှာရခက်နေရတာ ဖြစ်ပါတယ်။

  မြေ၀ယ်ပြီး စက်ရုံမဆောက်သူ

ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပတဲ့ မြန်မ -ဂျပန် စီးပွားရေး ဟောပြောပွဲတစ်ခုမှာ ဂျပန်ပြင်ပ ကုန်သွယ်မှုအဖွဲ့ JETRO (ရန်ကုန်)ရဲ့ အကြီးတန်း အရာရှိတစ်ဦးက စက်မှုဇုန်တွေမှာ မြေတွေဝယ်ထားပြီး စက်ရုံမဆောက်တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ထောက်ပြပြောဆိုခဲ့ သတင်းကို သတင်းစာတစ်စောင်မှာ ဖတ်လိုက်ရပါတယ်။ အဲဒီသတင်းမှာ ဖော်ပြထားတာကို အကျဉ်းချုပ်ဖော်ပြရရင် ပြီးခဲ့တဲ့ နှစ် နှစ်ခွဲအတွင်း ဂျပန်နိုင်ငံက စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံကို လာခဲ့ကြပေမယ့် မြေနေရာရဖို့ အခက်အခဲကြောင့် လုပ်ငန်းမလုပ်နိုင်ခဲ့ကြောင်း၊ ဂျပန်စီးပွားရေး လုပ်ငန်းတွေဟာ လုပ်အားခ သက်သာဖွယ်ရှိတဲ့ မြန်မာနိုင်ငံမှာ အလုပ်အကိုင်များ ဖန်တီးပေးနိုင်တဲ့ အထည်ချုပ်လုပ်ငန်းကဲ့သို့ ကုန်ထုတ်လုပ်ရေး လုပ်ငန်းများ ရင်းနှီးမြှုပ်နှံလိုသော်လည်း မြေနေရာ မရတာကြောင့် ဝန်ဆောင်မှုလုပ်ငန်း များမှာသာ ရင်းနှီးမြှုပ်နှံခဲ့ရကြောင်း၊ ၂ဝဝ၂ ခုနှစ် မေလမှာ မြန်မာနိုင်ငံမှာ ဂျပန်ကုမ္ပဏီ ၅၃ ခုရှိခဲ့ပြီး၂ဝ၁၄ ခုနှစ်အရောက်မှာ ကုမ္ပဏီ ၁၈၅ ခုအထိ တိုးတက်လာပေမယ့် မြေနေရာ အခက်အခဲကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်း လုပ်ကိုင်တဲ့ကုမ္ပဏီ ၁ဝ ခုလောက်သာ ရှိကြောင်း၊ မင်္ဂလာဒုံစက်မှုဇုန်မှာဆိုရင် စက်ရုံတွေ မဆောက်ရသေးတဲ့ မြေကွက်အလွတ်တွေ အများကြီးရှိနေသော်လည်း ၂ဝ၁၂ ခုနှစ်ထဲက အကုန်ဝယ်ရောင်းချထားပြီးတဲ့ မြေကွက်တွေဆိုတာ သိခဲ့ရတာကြောင့် ကုန်ထုတ်လုပ်ငန်း လုပ်လိုတဲ့ ဂျပန်ကုမ္ပဏီတွေဟာ မြေနေရာရဖို့ အခက်အခဲ ရှိခဲ့တယ်လို့ အဆိုပါ အကြီးတန်း အရာရှိတစ်ဦး ပြောကြားချက်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားခဲ့ပါတယ်။

နစ်နာသူ

ဂျပန်ကုမ္ပဏီတွေလို လုပ်ငန်းလုပ်ချင်ပေမယ့် မြေနေရာမရတဲ့ ဖြစ်ရပ်တွေဟာ မြန်မာနိုင်ငံမှာ လုပ်ငန်းလာလုပ်လိုသူတိုင်း ကြုံကြရတဲ့ ဖြစ်ရပ်ပါပဲ။ တကယ်တော့ စက်မှုဇုန်တွေမှာ လုပ်ငန်းမလုပ်ဘဲ မြေတွေဝယ်သိမ်း ထားတဲ့သူတွေကြောင့် ဂျပန်တွေ မြေရှာမရတာ ဖြစ်ပါတယ်။ စက်မှုဇုန်ဆိုတာ စက်ရုံအလုပ်ရုံတွေ တည်ဆောက်ပြီး လုပ်ငန်းတွေလုပ်ဖို့ စီမံချက်နဲ့ ချထားပေးတဲ့ စီမံကိန်းတွေ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ကိုယ်တိုင်လုပ်ငန်းမလုပ်ဘဲ လုပ်ငန်းလုပ်လိုသူတွေ လာဝယ်ရင် မတန်တဆဈေးနဲ့ ရောင်းဖို့မြေတွေ ဝယ်သိမ်းထားသူတွေကြောင့် တကယ်လုပ်ငန်းမယ့်သူတွေ အခက်တွေ့နေကြရတာ ဖြစ်ပါတယ်။ ဂျပန်တွေ မြေနေရာမရလို့ လုပ်ငန်းလာမလုပ်တော့ ဘယ်သူတွေ နစ်နာသလဲ စဉ်းစားကြည့်မယ်ဆိုရင် နစ်နာတဲ့သူက လုပ်ငန်းမလုပ်ရတဲ့ ဂျပန်တွေ မဟုတ်ပါဘူး။ တကယ်နစ်နာရတဲ့ သူတွေကတော့ မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေ ဖြစ်ပါတယ်။ ဂျပန်က ရင်းနှီးမြှုပ်နှံမှုတွေ လာမလုပ်တဲ့အတွက် နိုင်ငံအနေနဲ့ ရရှိမယ့် အခွန်တွေ မရတော့ပါဘူး။ ပိုဆိုးတာက အလုပ်အကိုင် အများကြီးပေးနိုင်မယ့် ကုန်ထုတ်လုပ်ငန်း လုပ်တွေလုပ်ကိုင်ဖို့ အဟန့်အတား ဖြစ်စေတာက နိုင်ငံသားတွေ လိုအပ်နေတဲ့ အလုပ်အကိုင် မရတော့တဲ့ ဖြစ်ရပ်ပါပဲ။ ဒီအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ထိခိုက်စေတဲ့ လုပ်ငန်းမလုပ်ဘဲ မြေတွေဝယ်သိမ်းပြီး ဈေးတင်ပြီး ရောင်းတဲ့ဖြစ်ရပ်တွေကို တားဆီးဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

  ဈေးကစားသူများရဲ့ဂယက်

အထူးသဖြင့် ရန်ကုန်မြို့က စက်မှုဇုန်တွေမှာ လုပ်ငန်းမလုပ်ဘဲ မြေဝယ်ထားကြတာတွေကို တွေ့နေရပါတယ်။ လုပ်ငန်းမလုပ်ဘဲ စက်မှုဇုန်မြေ ဝယ်ထားသူတွေကို စက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်လုပ်ကိုင်ဖို့ သက်ဆိုင်ရာက သတိပေးချက်တွေ မကြာခဏ ထုတ်ပြန်နေပေမယ့် မြေဝယ်ထားသူ တွေကတော့ ဂရုမစိုက်ကြပါဘူး။ ဆက်ပြီး အရောင်းအဝယ်မပျက် ရှိနေကြတာကြောင့် စက်မှုဇုန်မြေကွက်တွေကို ဘယ်သူတွေ ပိုင်ဆိုင်ထားကြသလဲ၊ သူတို့ဘာကြောင့် အတင့်ရဲစွာ လုပ်ကိုင်နေကြတာလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ရပါတယ်။ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဝယ်ရတဲ့ စက်မှုဇုန်မြေကွက်များကို ဝယ်ပြီး ဈေးကစားမှုတွေကို မတားဆီးနိုင်တာကြောင့် ယနေ့ ရန်ကုန်မြို့ရဲ့ အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ ဈေးကစားသူတွေ ကြီးစိုးနေတာဟာ မဆန်းတဲ့ဖြစ်ရပ်လို့ ဆိုနိုင်ပါတယ်။ ဈေးကစားသူတွေက ကိုယ်ကျိုးသာကြည့်ပြီး ဈေးကစားနေကြပေမယ့် ထိန်းချုပ်နိုင်မယ့် အစီအမံတွေကိုတော့ အာဏာပိုင်တွေ မလုပ်ဆောင် နိုင်သေးပါဘူး။ ပြည်တွင်းအခွန်များ ဦးစီးဌာန ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အိမ်၊ ခြံ၊ မြေဈေးနှုန်းများရဲ့တစ်ပေပတ်လည် ဈေးနှုန်းများကို အောက်တိုဘာလ ပထမပတ်အတွင်း ထုတ်ပြန်ခဲ့ရာ စက်မှုဇုန်များရဲ့ မြေဈေးနှုန်းကို အမြင့်ဆုံး တစ်ဧက ကျပ်သိန်း ၂ဝဝဝ နီးပါး သတ်မှတ်ပေးခဲ့သော်လည်း တကယ်တမ်း ပြင်ပပေါက်ဈေးမှာ သတ်မှတ်နှုန်းထက် နှစ်ဆမှ လေးဆအတွင်း ဈေးပေါက်လျက် ရှိနေတာကြောင့် စက်မှုဇုန်မြေကွက်တွေကို ဝယ်ယူဈေးကစားသူများရဲ့ ဂယက်ကို မှန်းဆနိုင်ကြမှာ ဖြစ်ပါတယ်။ အထက်မှာ ဆိုခဲ့သလို စက်မှုဇုန်တွေမှာ မြေကစားမှုတွေဟာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေအပေါ် သက်ရောက်မှုရှိနိုင်တာကြောင့် အဲဒီဖြစ်ရပ်တွေကို မဖြစ်မနေတားဆီးဖို့ လိုအပ်ပါတယ်။

  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တာဝန်ထမ်းဆောင်မှု သက်တမ်းသုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြီးခဲ့တဲ့မတ်လအတွင်းက ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာတော့ ၂ဝ၁၂ ခုနှစ်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံ ဝင်ရောက်ခဲ့ပြီး ၂ဝ၁၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံအထိ တိုးတက်ဝင်ရောက်လာခဲ့ပြီး ယခုနှစ်မှာ တယ်လီကွန်းကဏ္ဍ၊ လေဆိပ်စီမံကိန်းတွေနဲ့ အထူးစီးပွားရေးဇုန်တွေ၊ အထည်ချုပ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုပြီးစီးဝင်လာဖို့ရှိတယ်လို့ ထည့်သွင်းပြောကြား ခဲ့ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေဟာ ယခင် သယံဇာတ ထုတ်ယူရေးနယ်ပယ်မှာပဲ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ခဲ့တဲ့ အနေအထားကနေ ဝန်ဆောင်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံလာကြပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာဖို့အတွက် အခွင့်အလမ်းနဲ့ ဆွဲဆောင်မှုရှိစေမယ့် ဥပဒေများကို ပြဋ္ဌာန်းပေးခဲ့တယ်လို့ သမ္မတက ထည့်သွင်း ပြောကြားခဲ့ပါသေးတယ်။ ဒီလိုနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်ဝင်ရောက်ခဲ့ပေမယ့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်တဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် မြေဈေးတွေကြီးမြင့်ပြီး နေရာရှာမရတာကြောင့် ရင်းနှီးမြှုပ်နှံမှု မလုပ်တော့ဘဲ ပြန်သွားရတဲ့ ဖြစ်ရပ်တွေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်နေတဲ့ မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုတစ်ခုလို့ ဆိုချင်ပါတယ်။

ဒီအတွက် ဈေးကွက်စီးပွားရေး ကျင့်သုံးနေတဲ့ နိုင်ငံတစ်ခုမှာ ရေရှည်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုကို ထိခိုက်စေပြီး ကိုယ့်အကျိုးအမြတ် တစ်ခုကိုသာကြည့်ပြီး ကိုယ်တိုင်လုပ်ငန်း မလုပ်ဘဲ လုပ်ငန်းလုပ်မယ့်သူတွေ လာဝယ်မှ ဈေးတင်ရောင်းမယ်ဆိုတဲ့ တစ်နပ်စား မြေစီးပွားရေး သမားတွေကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ဖို့ လိုအပ်နေပါပြီ။ ဘယ်သူတွေက မြေဈေးတွေ မတန်တဆဖြစ်အောင် နည်းအမျိုးမျိုးနဲ့ လှည့်ဖြားပြီး မမှန်ကန်တဲ့ စီးပွားရေးလုပ်ငန်း ပုံစံတွေ လုပ်နေသလဲဆိုတာ ဖော်ထုတ်သင့်ပါပြီ။ နိုင်ငံတွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးလို့ ကိုယ့်နိုင်ငံသားတွေ သန်းနဲ့ချီပြီး သူများနိုင်ငံတွေမှာ ပင်ပန်းဆင်းရဲစွာ သွားလုပ်နေကြချိန်မှာ အိုးမကွာ အိမ်မကွာ လုပ်နိုင်မယ့် အလုပ်တွေ ဖန်တီးပေးနိုင်မယ့် ကုန်ထုတ်လုပ်ငန်းတွေ မထူထောင်နိုင်အောင် စက်မှုဇုန်မြေတွေဝယ်သိမ်း ဈေးကစားမှုတွေကို ထိရောက်စွာ နှိမ်နင်းဖို့ လိုအပ်နေပါကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။

Credit - Eleven Media Group

No comments:

Post a Comment