Monday, October 13, 2014

မင်းမှာသစ္စာ ပြည်သူမှာမချိ

Written by: မောင်တင်ဦး (မြောင်းမြ)

အသက်ကိုပင် ကယ်နိုင်တဲ့ သစ္စာ

ကတိသစ္စာ တည်သောအခါဝယ် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏...လို့ စကားရှိခဲ့ပါတယ်။ လူတစ်ယောက်ယောက်ရဲ့ သေလုမြောပါး ဝေဒနာကို တည့်မယ့်ပျောက်မယ့်ဆေးဝါး ရှာဖွေရတာဟာ တောထဲ၊ တောင်ထဲမှာ ဘယ်လိုလုပ် ရနိုင်မှာလဲ။ ဒီအခါ အားကိုးစရာက ကတိသစ္စာသာလျှင် ဖြစ်လာပါတယ်။ ဒါကြောင့် မိမိရဲ့ တည်ကြည်ခိုင်မြဲခဲ့တဲ့ သစ္စာကို တိုင်တည်ရင်း လူ့အသက်ကိုပင် ကယ်နိုင်ခဲ့တဲ့ သာဓကတွေ ရှိပြီးသားပါ။ ဆိုတော့ ကတိတည်တဲ့လူ၊ သစ္စာတည်တဲ့မင်း(ဘုရင်)တွေက သူတစ်ပါးအသက်၊ သူတစ်ပါးအကျိုးကို သယ်ပိုးနိုင်စွမ်းရှိသူများ ဖြစ်တယ်ဆိုတာ အစဉ်အလာအရ ယုံကြည်လက်ခံ ထားခဲ့ကြပါတယ်။ ဘုရားအလောင်း

သုဝဏ္ဏသာမခမျာ မြားမှန်ပြီး သေအံ့မူးမူး ဖြစ်နေချိန်မှာ သစ္စာကတိ တည်ကြည်ခဲ့လို့ သားရွှေအိုးထမ်းလာတဲ့ကိန်း ဆိုက်ခဲ့တာ မြန်မာတိုင်းသိကြတဲ့ ဇာတ်ကြီးဆယ်ဘွဲ့ဝင် ၀တ္ထုကြီးဖြစ်ပါတယ်။ ဒီလိုယဉ်ကျေးမှု ပတ်ဝန်းကျင်မှာ ကြီးပြင်းယဉ်ပါးလာတဲ့ မြန်မာတွေဟာ လူမှုဆက်ဆံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်မှာလည်း ကတိတည်တဲ့လူကိုသာ လေးစားကြည်ညိုကြသလို ထိုသူနဲ့သာ ဆက်ဆံပေါင်းသင်း စီးပွားရှာ၊ ပညာရှာကြတာပါ။ ကတိမတည်တဲ့သူကို ထုတ်မပြောရဲလို့ မပြောရင်သာနေကြမယ်။ စိတ်ထဲက မသတီကြပါဘူး။ ဝေးဝေးက ရှောင်ရှားကြပါတယ်။

မျက်မှောက်ခေတ်ရဲ့ သစ္စာ

မျက်မှောက်ခေတ်၊ ယနေ့ကာလဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီ နိုင်ငံတော်အဖြစ် တည်ဆောက်ဖို့ အစိုးရကရော ပြည်သူကပါ ၀ိုင်းဝန်းကြိုးပမ်းနေတဲ့ကာလ ဖြစ်ပါတယ်။

ဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းလာတဲ့အညီ အစိုးရ၊ နိုင်ငံရေးပါတီ၊ NGO, INGO, Institutions စတဲ့ အဖွဲ့အစည်းများဟာ မိမိရဲ့လုပ်ငန်းစဉ်၊ ဆောင်ရွက်ချက်၊ မူဝါဒ၊ ရည်ရွယ်ချက် စတာတွေကို ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း ချပြလာပါတယ်။ ယခင်က မသိခဲ့တဲ့ သိခွင့်မရခဲ့တဲ့ အဆိုပြုချက်တွေ၊ ကတိက၀တ်တွေကို ပြည်သူတွေ သိခွင့်ရလာကြပါတယ်။ သိခွင့်ရလာတဲ့အတွက် နောက်ဆက်တွဲဖြစ်ရပ်က ပေးထားတဲ့ အဖွဲ့အစည်းနဲ့ ပေးထားတဲ့ကတိတွေအပေါ် လွန်စွာအားထားမိကြပါတော့တယ်။ ပေးမယ်လို့ပြောထားတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်ဟာ ယမင်းရုပ်လေးကို မျှော်လင့်မိတာ မျှော်လင့်သူရဲ့ အပြစ်လား။ ဘကြီးအောင်ရဲ့အပြစ်လား။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေကတော့ မိမိကို ပေးထားတဲ့ ကတိအတိုင်း မျှော်လင့်နေတာ အမှန်ပါ။ ဘကြီးအောင် ညာတတ်တာတော့ ရှေးကတည်းက ကြားဖူးနားဝ ရှိကြပါတယ်။ ထို့အတူ နိုင်ငံရေးပါတီတွေကလည်း ကတိတွေ ပေးလာကြပြန်ပါတယ်။ သူတို့ပါတီဝင်ရင် ချေးငွေထုတ်ချေးမယ်ဆိုတဲ့ ကတိ။ သူတို့ ကိုယ်စားလှယ်လောင်းကို ထောက်ခံရင် ကွန်ကရစ်လမ်း ခင်းပေးမယ့် ကတိ။ ဒီလိုကတိတွေပေးပြီး ခင်းပေးခဲ့တဲ့ လမ်းတွေရဲ့ဘေးမှာ အကျအန အခိုင်အခံ့ ကမ္ပည်းဆိုင်းဘုတ်တောင် စိုက်ထူထားကြပါသေးတယ်။ လမ်းကောင်းပြီး မိုးရေမစီးတာ၊ ရေတင်နေတာတော့ သူတို့ပေးတဲ့ ကတိထဲမှာ မပါလို့ မတတ်နိုင်ဘူးပေါ့။ ရှိပါစေ။ ခုတော့ လမ်းပျက်စပြုပါပြီ။ ဆိုင်းဘုတ်က ခိုင်မြဲဆဲပါ။ ကတိမြဲမမြဲတော့ မသေချာသေးပါဘူး။

သမ္မတကြီးရဲ့ သစ္စာ

အခုဆို နိုင်ငံတော်သမ္မတကြီးရဲ့ သက်တမ်းဟာ ထက်ဝက်ကျော်လာပါပြီ။ ပြည်သူဗဟိုပြုစနစ် ကျင့်သုံးမယ်။ ဒီမိုကရေစီစနစ် ဖော်ဆောင်မယ်။ ဆင်းရဲမွဲတေမှု တိုက်ဖျက်မယ်။ ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်မယ်။ လခစား ၀န်ထမ်းတွေအတွက် တန်ဖိုးနည်းအိမ်ရာတွေ ဆောက်ပေးမယ်။ လာဘ်ပေးလာဘ်ယူသူ အဂတိလိုက်စားသူတွေကို တိုက်ဖျက်မယ်။ သစ်ခိုးထုတ်သူများနှင့် တရားမ၀င် သစ်ခုတ်မှုများအပေါ် ပြင်းထန်စွာ အရေးယူမည့် ကတိ။ လယ်ယာမြေများ လယ်လုပ်သူလက်ထဲ ပြန်လည်ပေးအပ်မည့် ကတိ။ ဒီကတိတွေက သမ္မတနှင့်တကွ အစိုးရ အဆင့်မြင့်ပုဂ္ဂိုလ်များပေးထားတဲ့ ကတိများဖြစ်ပါတယ်။ လူကြီးတွေပေးတဲ့ကတိ ဖြစ်လေတော့ ကတိလို့ ခေါ်ဆိုတာထက် သစ္စာလို့ခေါ်တာက ပိုမိုထိုက်တန်မယ် ထင်ပါတယ်။

ဘယ်ကတိတွေ ဘာသစ္စာတွေ လက်တွေ့ဘ၀ထဲမှာ အကောင်အထည် ပေါ်လာပြီလဲ။ ပြည်သူမည်မျှ ဖွံ့ဖြိုးတိုးတက်လာပြီလဲ။ တိုင်းပြည်ကြီး မည်မျှ ကမ္ဘာ့အလယ်မှာ ၀င့်ထည်စွာ ရပ်တည်နိုင်ပြီလဲ။ အဆင်းရဲဆုံးနိုင်ငံ (LDC) မှ လွတ်မြောက်လာပြီလား။

လူကြီးကတိ

ရပ်ကွက်ထဲမှာ နှုတ်နဲ့ကတိပေးရင် ကတိကို ပိုမိုလေးနက် တည်ကြည်စေဖို့ “လူကြီးကတိ” နော်။ “ယောက်ျားကတိ” နော်...လို့ ဆိုတတ်ကြပါတယ်။ ဒီလိုပြောရတာက ကတိရဲ့တန်ဖိုးအပြင် ကတိပေးသူရဲ့ တန်ဖိုးကိုပါ ထည့်သွင်းတန်ဖိုးထားလိုက်တာပါ။

ထိုထိုသော ကတိမျိုးကို ပြည်သူတွေက အပြည့်အ၀ ယုံကြည်သလို အကြီးအကျယ်လည်း မျှော်လင့်နေမိတာပါ။ ဘာဖြစ်လို့ မျှော်လင့်သလဲ၊ ယုံကြည်သလဲ မေးစရာမလိုပါဘူး။ သူတို့က လူကြီးတွေပါ။ ဒါ့အပြင် လူကြီးလူကောင်းတွေပါ။ ပြည်သူတွေ ကြည်ညိုရသူ၊ လေးစားရသူ၊ အားကိုးရသူတွေ ဖြစ်နေလို့ပါ။ သူတို့ပြောတဲ့ စကားတစ်ခွန်း၊ ကတိတစ်လုံးဟာ သာမန်ပြည်သူတွေ ထောင်သောင်းပြောတဲ့ စကားများနဲ့ ညီမျှပါတယ်။ ပြည်သူဆိုတာ ပြောပဲပြောနိုင်တာ။ လုပ်နိုင်စွမ်းရည်၊ လုပ်ပိုင်ခွင့်အခြေအနေ၊ ဘတ်ဂျက်အင်အား စတာတွေက လူကြီးတွေကို ဘယ်လိုလုပ် မီမှာပါလဲ။ ဒီလို မမီနိုင်လေ လုပ်နိုင်စွမ်းရည်ရှိတဲ့ လူကြီးတွေ၊ ၀န်ကြီးတွေ၊ ၀န်ကလေးတွေ၊ အကြီးအကဲတွေကို ပစ်အားကိုးရလေပေါ့။

ခုတော့

ခုတော့ ဆင်းရဲတွင်းထဲကလည်း ထွက်မလာနိုင်သေးဘူး။ ကျန်းမာရေးကလည်း မပြည့်ဝသေးဘူး။ ပညာရေးကလည်း ရေးကြီးခွင့်ကျယ်တွေလုပ်ပြီး workshop တွေ ဘာတွေလုပ်ပြီး နောက်ဆုံး အစိုးရလက်တံက ပါဝင်နေတုန်း။ အိမ်ပိုင်အိုးပိုင် နေရတော့မလိုလို၊ အိုးပစ်အိမ်ပစ် ထွက်ပြေးရတော့မလိုလို။ ဒီနေ့ပဲ ရွှေပင်ကြီး ထပေါက်တော့မလိုလို၊ မနက်ဖြန်ပဲ ဆင်းရဲတွင်းထဲ ခုန်ချရတော့မလိုလို။ လက်တွေ့ တရားဝင်ရထားတဲ့ သတင်းတွေက ဒီလိုပါ။ ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီမှ ပြည်သူ့လွှတ်တော်သို့ စက်တင်ဘာ ၂၇ ရက်က အစီရင်ခံစာ တင်သွင်းလာပါတယ်။ ပြည်သူများ၏ လိုလားချက်များဖြစ်သော ဆေးရုံ၊ ကျောင်း၊ လမ်းတံတားများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်မှတစ်ဆင့် အစိုးရထံ တောင်းခံရာ အစိုးရမှ ဆောင်ရွက်ပေးမည်ဟု ကတိပြုသည့် လုပ်ငန်းစုစုပေါင်း ၁၈၃၂ ခုရှိခဲ့ပြီ။ အမှန်တကယ် ဆောင်ရွက်ပြီးသည့် လုပ်ငန်းစုစုပေါင်းမှာ ၁၀၇၉ ခုသာ ရှိခဲ့ကြောင်း သိခဲ့ရပါတယ်။ ဒါကြောင့် ပြည်သူကိုပေးထားတဲ့ ကတိရဲ့ စုစုပေါင်း တစ်ဝက်ကျော်သာ လက်ရှိအချိန်မှာ အမှန်တကယ် ပြီးစီးနေတာသာ ဖြစ်ပါတယ်။ ဒါဟာ ကတိပျက်တာ မဟုတ်ပါလား။ အစိုးရကပေးတဲ့ကတိ ဖြစ်လေတော့ လူကြီးပေးတဲ့ကတိလို့ ပြည်သူတွေက သတ်မှတ်ပါတယ်။ သာမန်လူတွေပေးတဲ့ ကတိထက် ပိုမိုလေးနက် တည်ကြည်ရပါမယ်။ ပြည်သူ့လွှတ်တော်ရဲ့ ကြွေးကြော်သံက ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒလို့ အတိအလင်း ဖော်ပြထားတာပါ။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က အတည်ပြု ဖွဲ့စည်းပေးထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် သက်တမ်းခြောက်လအတွင်းမှာ တိုင်ကြားစာ ၅၃၃ စောင် လက်ခံရရှိပြီး သုံးစောင်သာ စစ်ဆေးအရေးယူနိုင်သေးကြောင်း သိရှိရပါတယ်။ ဒါဟာ သုညဒသမ ငါးရာခိုင်နှုန်းသာ စုံစမ်းစစ်ဆေး အရေးယူနိုင်သေးကြောင်း မြင်သာနေပါတယ်။ တိုင်ကြားစာ ၅၃၃ စောင်များထဲမှာ မြေယာကိစ္စ တိုင်စာ ၁၇၀၊ တရားစီရင်ရေးကိစ္စ ၉၅၊ အုပ်ချုပ်ရေးဆိုင်ရာကိစ္စ ၂၃၈ နဲ့ အထွေထွေကိစ္စ အစောင် ၃၀ လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ တိုင်တယ်ဆိုတာ အားကိုးတာပါ။ တကယ်ဆို သမ္မတက ဖွဲ့စည်းပေးထားပြီး အဖွဲ့ဝင်များကလည်း သမ္မတက တိုက်ရိုက်ခန့်ရုံသာမက သူတို့ရဲ့ လစာခံစားခွင့်များကအစ ပြည်သူ့ငွေမှ ကျခံပေးထားတာ ဖြစ်လေတော့ ပြည်သူ့တိုင်ကြားချက်ကို ကတိတည်ကြည်စွာ တက်တက်ကြွကြွ ဆောင်ရွက်ပေးသင့်ပါတယ်။

ယနေ့ပြည်သူဟာ အစိုးရမင်းများရဲ့ ပေးထားတဲ့ကတိကို ကြည့်ပြီး ပြည်သူကို ကိုယ်စားပြုတဲ့ အစိုးရလား။ ပြည်သူကို ကိုယ်စားမပြုတဲ့ အစိုးရလားဆိုတာ အကဲဖြတ်နေကြတာပါ။ ပြည်သူတွေကို လေးစားတဲ့တုံ့ပြန်မှု အနေနဲ့ အစိုးရမင်းများကလည်း ပေးထားတဲ့ ကတိတွေကို အပြည့်အ၀ ဆောင်ရွက်ပေးကြရမှာပါ

Credit - Eleven Media Group

 
 (အခြေခံလူတန်းစားများ၏ စားဝတ်နေရေး ရုန်းကန်လှုပ်ရှားမှု မြင်ကွင်း )

No comments:

Post a Comment