Tuesday, October 14, 2014

သံလွင်မြစ် အနောက်ခြမ်းရှိ SSPP/SSA တပ်များ ဆုတ်ခွာပေးရန် ရှမ်းပြည်နယ်အစိုးရနှင့် တိုင်းစစ်ဌာနချုပ် စာပို့

ရန်ကုန်၊ အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်နယ်မြောက်ပိုင်း သံလွင်မြစ် အနောက်ဘက်ခြမ်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်များ ဆုတ်ခွာပေးရန် ရှမ်းပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူနှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့က အကြောင်းကြားစာများ ပေးပို့ထားသော်လည်း နယ်မြေ ပိုင်းခြားထားခြင်း မရှိသောကြောင့် ဆုတ်ခွာမပေးရန် SSPP/SSA က ဆုံးဖြတ်ကြောင်း SSPP/SSA အထွေထွေအတွင်းရေးမှူး ဦးစပ်ခွန်စိုင်းက ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း သံလွင်မြစ် အနောက်ဘက်ခြမ်းရှိ တန့်ယန်းမြို့နယ် မိုင်းကောဝ်တိုက်နယ် အတွင်းရှိ လွယ်လန်း၊ နမ့်ဆီကျိန်းနှင့် ကွန်ပန်ကွန်ခုံး ဒေသများအတွင်း တပ်စွဲထားသော SSPP/SSA တပ်များကို ဆုတ်ခွာပေးရန် အတွက် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး
ဗိုလ်မှူးကြီး အောင်သူက SSPP/SSA ဆက်ဆံရေးရုံးမှ တစ်ဆင့် စာပေးပို့ အကြောင်းကြားထားခြင်း ဖြစ်ပြီး အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကလည်း တပ်မတော် စစ်ကြောင်းများ သွားလာသော လမ်းကြောင်းနှင့် သုံးမိုင်အကွာတွင် SSPP/SSA တပ်များ ဆုတ်ခွာနေပေးရန် အောက်တိုဘာ ၁၃ ရက်နေ့တွင် အကြောင်းကြားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“ကျုပ်တို့ကို မြို့ပေါ်မှာလည်း မနေနဲ့။ သူတို့သွားတဲ့ လမ်းကြောင်းမှာလဲ မနေနဲ့၊ အခု နောက်ဆုံး တောထဲမှာ ကိုယ့်ဟာကို တပ်စွဲထားတာတောင် မနေနဲ့ဆိုတော့ ကျုပ်တို့က ဘယ်လိုလုပ်ရတော့မလဲ၊ ကိုယ့်ဘက်သူ့ဘက် ကြည့်ပြီး လုပ်ကြဖို့ တောင်းဆိုပါတယ်။ ကိုယ့်နေရာကိုတော့ ကာကွယ်ရပါလိမ့်မယ်” ဟု ဦးစပ်ခွန်စိုင်းက ပြောကြားသည်။
အဆိုပါ သံလွင်မြစ် အနောက်ဘက်အခြမ်းရှိ ဒေသများတွင် SSPP/SSA တပ်စခန်းများသည် နှစ်ပေါင်း သုံးဆယ်ကျော်အကြာ တပ်စွဲထားခြင်း ဖြစ်သောကြောင့် တပ်မတော်မှ စစ်ရေးလှုပ်ရှားမှု မပြုလုပ်ရန် ရှမ်းပြည်နယ် အစိုးရထံသို့ ကန့်ကွက်စာ ပေးပို့မည်ဖြစ်ကြောင်း SSPP/SSA ထံမှ သိရသည်။
အောက်တိုဘာ ၂ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြို့နယ် အတွင်းရှိ တာဖောင်ဆောင် တံတားအနီး အရှေ့အလယ်ပိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း စစ်ဆင်ရေးတာဝန် လဲလှယ်သော တပ်မတော်စစ်ကြောင်း သွားလာခြင်းကို SSPP/SSA က စတင်ပစ်ခတ်ခြင်းကြောင့် တပ်မတော်သားငါးဦး ကျဆုံးကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
ယင်းနောက် အစိုးရတပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ တိုက်ပွဲအရှိန် မြှင့်တင်လာသောကြောင့် အောက်တိုဘာ ၃ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း လွယ်လင်ခရိုင် ကျေးသီးမြို့နယ် တာဖာဆောင် တံတားအနီးရှိ SSPP/SSA တပ်စခန်းကို ဆုတ်ခွာပေးလိုက်ရကြောင်း SSPP/SSA ထံမှ သိရသည်။
သို့သော်လည်း တာဖောင်ဆောင် တိုက်ပွဲသည် မမျှော်လင့်ဘဲ ရုတ်တရက် ဖြစ်လာသော တိုက်ပွဲမဟုတ်ဘဲ လက်နက်ကြီး ပစ်ကူနှင့် ခြေလျင်တပ်များဖြင့် ထိုးစစ်ဆင် တိုက်ခိုက်သောကြောင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း အောက်တိုဘာ ၁၀ ရက်နေ့တွင် SSPP/SSA က သတင်းထုတ်ပြန်ထားသည်။
ယင်းသို့ တာဖောင်ဆောင်မှ SSPP/SSA တပ်များ ဆုတ်ခွာပေးခဲ့သော်လည်း အစိုးရတပ်မတော်က ဆုတ်ခွာခြင်းမရှိဘဲ ဆက်လက်တပ်စွဲထားကြောင်း SSPP/SSA ထံမှ သိရသည်။ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA သည် အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ရေးထိုးထားသည်။

Credit - The Voice Weekly

No comments:

Post a Comment