သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို မနက်ဖြန် နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ အမိန့် ချမှတ်တော့မှာ ဖြစ်ပါတယ်။ ပြစ်ဒဏ် လျော့ပေါ့ပေးရေးအတွက် သမ္မတဆီ တင်ပြတောင်းဆိုမှုတွေ လုပ်နေကြပါတယ်။ ဘယ်သူတွေ ကြိုးပမ်းနေကြပါသလဲ။
ဦးဆန်းဆင့်ရဲ့အမှုကို နိုင်ငံတော်က ပြန်လည်သုံးသပ် ဖြေလျော့ပေးဖို့ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ တရားသူကြီးချုပ်ထံ အောက်တိုဘာလ ၁၅ ရက်နေ့က သဝဏ်လွှာ ပေးပို့လိုက်တယ်လို့ အလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးခိုင်မောင်ရည်က ပြောပါတယ်။
အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၅၁ ဦးက ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းထံ လက်မှတ်ရေးထိုး တင်ပြခဲ့ကြပါတယ်။ သူရဦးရွှေမန်းက အောက်တိုဘာ ၁၅ ရက်နေ့မှာ သမ္မတနှင့် ပြည်ထောင်စု တရားသူကြီးချုပ်ထံ ကိုယ်စားလှယ်တွေရဲ့ တင်ပြစာကို ပူးတွဲပြီး သဝဏ်လွှာပေး ပို့လိုက်တာလို့ သူက ရှင်းပြပါတယ်။
အဲဒီ အကြောင်းကြားစာမှာ လွှတ်တော် ကိုယ်စားလှယ် ၅၁ ဦး အပါအဝင် ဧရာဝတီတိုင်းဒေသကြီးက သံဃာတချို့နဲ့ ပြည်သူတွေက ဦးဆန်းဆင့် အပေါ်စွဲဆိုထားတဲ့ ပြစ်မှုတွေကို လျော့ပေါ့ပေးဖို့ ပူးတွဲ တောင်းဆိုထားတာလို့ ဦးခိုင်မောင်ရည်က ပြောပါတယ်။
လက်မှတ်ထိုးတဲ့ ကိုယ်စားလှယ် ၅၁ ဦးစာရင်းမှာ ပါဝင်သူ ဒဂုံမြို့သစ် မြောက်ပိုင်း မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးကတော့ “လွှတ်တော်မှာ သစ္စာဆိုတဲ့ စကားတွေ၊ အချက်တွေနဲ့ တရားစွဲထားတဲ့ အချက်တွေ မညီလို့ လက်မှတ် ထိုးလိုက် တာပါ” လို့ ရှင်းပြပါတယ်။
ငွေကြေးအလွဲသုံးစားမှုနဲ့ ဝန်ကြီး ဦးဆန်းဆင့်ကို စွဲဆိုချက်ဟာ ပုဂ္ဂိုလ်ရေးဆန်တယ်။ သာသနာရေးဝန်ကြီးအဖြစ် ပြည်ထောင်စုအဆင့် ဂုဏ်သိက္ခာ အပါအဝင် နိုင်ငံတော်မှာ အဆင့်ဆင့် ထမ်းဆောင်ခဲ့တဲ့ တာဝန်နဲ့ ဘွဲ့ဂုဏ်တံဆိပ်တွေကို လက်ရှိ တရားစွဲဆိုထားတဲ့ ပုဒ်မနဲ့ နှိုင်းယှဉ်ရင် မသင့်လျော်တဲ့ အခြေအနေဖြစ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ၅၁ ဦး လက်မှတ်ရေးထိုးထားတဲ့ တင်ပြစာမှာ ဖော်ပြပါတယ်။
ဦးဆန်းဆင့်ကို ယုံကြည်အပ်နှံမှု ဖောက်ဖျက်မှုပြစ်မှု ၄၀၉ နဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) တွေနဲ့ အောက်တိုဘာလ ၁၇ ရက်နေ့မှာ အမိန့်ချမှတ်ဖို့ ဒက္ခိဏခရိုင်(နေပြည်တော်) တရားရုံးမှာ ချိန်းဆိုထားပါတယ်။
ပြစ်မှု ပြစ်ဒါဏ်လျော့ပေါ့ပေးဖို့ လက်မှတ်ထိုးထားတဲ့ လွှတ်တော်ကိုယ်စားလှယ် စာရင်းတွေမှာ တိုင်းရင်းသားပါတီ အများစုဖြစ်ပြီး USDP နဲ့ NLD ပါတီက အနည်းစုပါဝင်ပါတယ်။
Credit - The Voice
No comments:
Post a Comment