ရန်ကုန်၊ အောက်တိုဘာ ၁၃
ထိုင်းနိုင်ငံ လိပ်ကျွန်းတွင်
ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ထိုင်းအစိုးရ ဥပဒေအဖွဲ့က
တရားလိုပြ သက်သေအဖြစ် မြန်မာအလုပ်သမား သုံးဦးကို ဆူရတ်ဌာနီခရိုင်
ကော့စမွီတရားရုံး၌ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကြိုတင် သက်သေထွက်ဆို
ခိုင်းမည်ဖြစ်ကြောင်း ထိုင်းအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများကွန်ရက်
(MWRN) ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောကြားသည်။
အဆိုပါ အလုပ်သမားများသည်
အမှုတွင် အရေးကြီး သက်သေများဖြစ်ပြီး ၎င်းတို့မှာ ရွှေ့ပြောင်းအလုပ်သမားများ
ဖြစ်ကြသဖြင့် သက်သေထွက်ချက် မပေးခင်
အခြားနေရာသို့ ပြောင်းရွှေ့မည်
စိုးရိမ်၍ ယခုကဲ့သို့ ကြိုတင်ထွက်ဆိုခိုင်းခြင်း ဖြစ်သည်ဟု အစိုးရ
ဥပဒေအရာရှိက အကြောင်းပြကြောင်း ၎င်းကဆိုသည်။
အစိုးရက တရားလိုပြ
သက်သေအဖြစ် မောင်မောင်၊ အောင်ဇော်လင်း၊ နီနီအောင် ဆိုသူတို့ကို စစ်ဆေးမည်
ဖြစ်ကြောင်း ထိုင်းဥပဒေအရာရှိ တရားရုံးသို့ လျှောက်ထားချက်တွင်
ဖော်ပြချက်ကို ကိုးကားကာ ဦးစိန်ဌေးက ရှင်းပြသည်။
သက်သေထွက်ဆိုမည့် သုံးဦးအနက် မောင်မောင်ဆိုသူမှာ ထိုင်းရဲတပ်ဖွဲ့က အစိုးရသက်သေ အဖြစ် ကော့စမွီတွင် ထိန်းသိမ်းထားသူ ဖြစ်သည်။
MWRN၊ Human Right and Development Foundation (HRDF)၊ Cross-Cultural
Foundation (CrCF)၊ ထိုင်းလူ့အခွင့်အရေး ကော်မရှင်တို့ကလည်း အောက်တိုဘာလ ၁၀
ရက်နေ့ကပင် ကော့စမွီကျွန်းကို သွားရောက်ပြီး အဆိုပါအမှုအတွက်
လုပ်ပါဆောင်ရွက်နေကြောင်း ဦးစိန်ဌေးက ဆိုသည်။
အဆိုပါအမှုအတွက်
တရားလိုပြသက်သေ ကြိုတင်ထွက်ဆိုရာတွင် လိုက်ပါဆောင်ရွက်ရန်
ထိုင်းရှေ့နေများကောင်စီထံမှ ထိုင်းရှေ့နေ နှစ်ဦးဖြစ်သည့် Mr Thanu
Aekchot နှင့် Ms Supunsa Marem တို့ကို မြန်မာသံရုံးက ငှားရမ်းထားကြောင်း
မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့မှ အဖွဲ့ဝင် ဦးမင်းဦးက ပြောကြားသည်။
“တကယ် အမှုရင်ဆိုင်ရတယ့်အခါ ဒီထက် စီနီယာကျတဲ့ ရှေ့နေတွေကို ငှားမယ်ထင်တယ်” ဟု ၎င်းကဆိုသည်။
မြန်မာနှစ်ဦးအတွက် ရှေ့နေလိုက်ရန် နာမည်ကျော်ကြားသည့် ထိုင်းနိုင်ငံသား
ရှေ့နေတစ်ဦးဖြစ်သူ Nakhon Chom phuchat ကို MWRN၊ HRDF၊ CrCF တို့
ပူးပေါင်း ငှားရမ်းထားကြောင်း ဦးစိန်ဌေးက ဆိုသည်။
အထက်ပါ
ထိုင်းနိုင်ငံသားရှေ့နေ Nakhon Chom phuchat သည် မြန်မာနှစ်ဦးကို
စစ်ဆေးစဉ်က ရှေ့နေမသုံးဘဲ စစ်ဆေးခဲ့သဖြင့် ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးမှုနှင့်
ပတ်သက်၍ ရဲတပ်ဖွဲ့ထံ ဖြေရှင်းချက်များ တောင်းနေကြောင်း Bangkok Post
သတင်းတစ်ရပ်တွင် ဖော်ပြသည်။
Credit - The Voice Weekly
No comments:
Post a Comment