Monday, October 13, 2014

အဆင့်အတန်းနိမ့်ကျလွန်းနေသည့်  တရားရုံးများ၏ ဥပဓိရုပ်ကို အများပြည်သူ ယုံကြည်ကိုးစားလာအောင် ဘယ်လိုပြန်ဖော်ထုတ်မလဲ

ကျော်မြတ်ဇံ

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းရှိ တရားရုံးချုပ်အ ဆောက်အအုံသို့ ကိုအေးဆောင်(အမည်လွှဲ)ရောက်ရှိ သွားသည့် အခါမြင်တွေ့ရသည့် မြင် ကွင်းက မလှမပ၊ မသပ်မရပ်ဖြင့် မပြုမပြင် မမွမ်းမမံဘဲ ထားသည်ကို မည်သို့မျှဖုံးကွယ် မရအောင် ပေါ်လွင်နေလွန်း လှသည်။

ကိုလိုနီခေတ်လက်ရာ အဆောက်အဦ တစ်ခုဖြစ်သည့် ထိုအဆောက်အအုံကြီး၏ သူ့နဂိုမူလအသွင်အပြင်သည် ထုထည်ခိုင် မာအားကောင်း၍ အရှိန်အဝါကောင်းလှ သည်ကို မြင်ဖူးသူတိုင်းလက်ခံထားကြသည်။ သို့ရာတွင် လက်ရှိအချိန်တွင်ထိုအဆောက် အအုံကြီး၏ကော်ရစ်ဒါများတွင် မိုးအခါရေ ယိုစိမ့်ကျ၍ တစ်စက်စက်စီးကျနေပြီး၊ အနံ့ အသက်များကလည်း မပြုမပြင်ဘဲပစ်ထား သည့် အဆောက်အအုံဟောင်းတို့၏ ထုံးစံ အတိုင်းထွက်ပေါ်နေသည်။

အရောင်အဆင်း များကလည်း အနီရောင်ပျက်ပြယ် စွန်းကွက် လျက် ညစ်ထေးထေးရှိနေသည်ကို တွေ့ရ သည်။ အဆောက်အအုံ၏ အလယ်ဗဟိုရှိ လေးဖက်လေးတန်မှ လူသွားလမ်းသည်လည်း ယခုအခါ မြက်ပင်များမင်းမူ၍ လမ်းပျောက် နေသည်ကိုတွေ့ရသည်။

သို့သော် ထိုအဆောက် အအုံကြီး၏ ခန့်ညားထည်ဝါသော မူလသွင် ပြင်လက္ခဏာသည် အကြောင်းတစ်စုံတစ်ရာ ကြောင့် ရောက်လာသူအပေါင်းကို ယုံကြည်မှု ရှိစေခဲ့နိုင်လည်း ယခုတွေ့မြင်ရသည့် ဟောင်း မြင်းနေသည့် လက်ရှိအဆောက်အအုံ၏ အသွင်အပြင်ကမူ ယင်းနှင့်ဆန့်ကျင်ဖက်ဖြစ် နေသည်ကို တွေ့ရသည်။

တရားရုံးဆိုသည်မှာ ပြည်သူလူထု၏ ယုံကြည်အားကိုးမှုနှင့် ရင်ဆိုင်နေရသော အခက်အခဲများကို ဖြေရှင်းပေးသည့် နေရာ တစ်ခုဖြစ်သည်။ သို့ရာတွင် မြန်မာနိုင်ငံရှိတရား ရုံးအများစုမှာ ပြည်သူလူထု၏ယုံကြည်ကိုး စားမှုကို အလုံးစုံမရရှိသကဲ့သို့ တရားရုံးများ၏ ရုံးတွင်း၊ ရုံးပြင်မြင်ကွင်းတချို့မှာလည်း အ ကြောင်း ကိစ္စအမျိုးမျိုးကြောင့် တရားရုံးသို့ ရောက်ရှိသွားသည့် သူများအဖို့စိတ်ရှုပ်စရာ ကောင်းနေပေသည်။

မြန်မာနိုင်ငံ၏ တရားရုံးများမှာ နိုင်ငံတ ကာတရားရုံးများနှင့် ယှဉ်လျှင်အခြေအနေ အဆင့်အတန်းကွာခြားသကဲ့သို့ နေရာရွေး ချယ်ထားမှုနှင့်လုံခြုံရေး၊ ရုံးတွင်း၊ ရုံးပြင်သန့် ရှင်းရေး၊ ပတ်ဝန်းကျင်အနေအထားနှင့် တရားခွင်တို့မှာ ယိုယွင်းနေသည့် အနေအထား များဖြစ်နေသည်။

မြန်မာနိုင်ငံရှိ တရားရုံးအများစု၏ အနေ အထားကို တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြင့် က''ကျွန်တော့် အတွေ့အကြုံအရပြောရရင် မြန်မာနိုင်ငံရဲ့ တရားရုံးတော် တော်တော်များ များက သန့်ရှင်းသပ်ရပ်မှုမရှိဘူး။ ပြောရရင် ညစ်ပတ်တယ်။ တရားခွင်ကအစညစ်ပတ် တာ။ တရားခွင်မှာအသုံးပြုတဲ့ခုံတွေ၊ စားပွဲတွေ၊ တရားခွင်အပြင်ဘက်အနေအထားစတာ တွေကအကြောင်း အမျိုးမျိုးကြောင့် ရုံးကို လာရတဲ့သူတွေအဖို့တော့ အတော်လေးကို စိတ်ပျက်ဖို့ကောင်းတယ်။ မြန်မာနိုင်ငံမှာ က အုပ်ချုပ်ရေး၊ တရားစီရင်ရေးအပိုင်း တင်အားနည်းနေတာမဟုတ်ဘူး။ တရားစီရင် နေတဲ့ ရုံးတွေကသွင်ပြင်အနေအထားကလဲ ဆိုးရွားနေတယ်။ အဆိုးဆုံးကို ပြောရရင် ရန်ကုန်မှာဆို အနောက်ပိုင်းခရိုင်တရားရုံးနဲ့ မြောက်ပိုင်းခရိုင်တရားရုံးဆို သန့်ရှင်းမှုနဲ့ တရားခွင်အတွင်းအပြင် အနေအထားက လုံးဝကိုညစ်ပတ်တာ။ ကျွန်တော်တို့ ရှေ့နေ တွေတောင် တော်တော်သည်းခံပြီး အလုပ် လုပ်ရတဲ့အခါတွေရှိတယ်''ဟု ပြောဆိုသုံး သပ်သည်။

မြန်မာနိုင်ငံ၏တရားရုံးများကို နိုင်ငံ တကာအဆင့်မီတရားရုံးများဖြစ်စေရန် ယခုနှစ် အတွင်း စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားရေး အသိုင်းအဝိုင်းမှ သိရသည်။ ယင်းကဲ့ သို့ နိုင်ငံတကာအဆင့်မီ တရားရုံးများဖြစ်စေ ရန်ဆောင်ရွက်မှု၏ ကနဦးအဖြစ် လှိုင်သာယာ၊ တောင်ငူ၊ ဘားအံမြို့နယ်ရှိ တရားရုံးများကို ရှေးဦးစွာ နိုင်ငံတကာအဆင့်မီပြုလုပ်သွား မည်ဖြစ်ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ကုန်ကျ စရိတ်များကို ပြည်ထောင်စုရန်ပုံငွေထဲမှ သုံး စွဲသွားမည်ဖြစ်ကြောင်း တရားရေးအသိုင်း အဝိုင်းမှ သိရသည်။
ယင်းကဲ့သို့ နိုင်ငံတကာအဆင့်မီတရား ရုံးများလုပ်ဆောင်မည့်အပေါ် တရားလွှတ် တော်ရှေ့နေဦးထွန်းအောင်က''တရားရုံးတွေ ကိုပြန်လည်ပြင်ဆင်ဖို့ဆိုရင် ဘယ်လိုစံနှုန်း တွေနဲ့သွားမလဲ ပြန်မေးရမယ်။ ပြောချင်တာ က အရင်တရားရုံးကတစ်ထပ်ဆို၊ အခုနှစ် ထပ်ဆောက်မယ့်ဟာကိုပြောတာဆိုရင် ဒါပြင် ရာမကျဘူး။

နိုင်ငံတကာကတရားရုံးတွေအနေ နဲ့ ဘယ်လိုတရားစီရင်ကြသလဲ။ ဘယ်လို ဘက်လိုက်မှုမရှိဘဲ လွတ်လွတ်လပ်လပ်တရား စီရင်ခွင့် ရလဲဆိုတာတွေကိုလဲ မြန်မာနိုင်ငံ အနေနဲ့ အများကြီးလေ့လာဖို့၊ လိုက်နာကျင့် သုံးဖို့လိုအပ်တယ်။ နောက်တစ်ခုရှိတာက တရားရုံးတွေ နိုင်ငံတကာအဆင့်မြှင့်မယ်ဆို ရင်အားလုံးကို တစ်ပြိုင်နက်လုပ်ဆောင်ရ မှာဖြစ်လျက်နဲ့ ဘာလို့ဒီတရားရုံးသုံးရုံးကိုမှ စလုပ်ရတာလဲ''ဟု သုံးသပ်ပြောသည်။

အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးအနောက်ပိုင်းခရိုင်တရားရုံး၏ ရုံးတွင်း၊ ရုံးပြင် အနေအထားများသည် ယိုယွင်းပျက်စီးနေ ပြီးမဖြစ်မနေပြန်လည် ပြင်ဆင်ရမည့် အခြေ အနေတစ်ခုသို့ ရောက်ရှိနေပြီး ယင်းအပြင် အချုပ်ခန်းထားရာနေရာ၊ အချုပ်သားစား သောက်သည့် နေရာများနှင့်မိသားစု၊ ဆွေမျိုး များနှင့်တွေ့ရသည့် နေရာများကိုသီးသန့် သတ်မှတ်ပေးသင့်ကြောင်း အနောက်ပိုင်း ခရိုင်တရားရုံးတွင် တရားမမှုရင်ဆိုင်နေရ သူအမျိုးသားတစ်ဦးက ပြောသည်။

ယင်းက''တခြားတရားရုံးတွေတော့ မသိ ဘူး။ အနောက်ပိုင်းခရိုင်တရားရုံးကတော့ တော်တော်လေး အိုဟောင်းနေတဲ့ အနေအ ထားတော့ ဖြစ်နေပြီ။ တရားခံ၊ တရားပြိုင်နဲ့ အကျိုးဆောင်ရှေ့နေတွေ၊ တရားသူကြီးတွေ ကတော့ ဘယ်လိုမှတ်ချက်ပေးလဲမသိဘူး။ ကျွန်တော့်အမြင်အရပြောရင် တော်တော်ကို ညစ်ပတ်တယ်။ ရုံးတွင်းမှာလဲ ထမင်းကျန်၊ ဟင်းကျန်၊ ကွမ်းတံထွေးနဲ့ ဆေးလိပ်တိုတွေ ပြန့်ကျဲလို့။ ရုံးအပြင်မှာဆိုလဲ ဈေးသည် တွေ၊ အမှိုက်တွေ၊ အနံ့၊ အသက်ကလဲ မ ကောင်းဘူး။ ရုံးကိုကိစ္စရှိလို့လာတဲ့သူတော် တော်များများ ဒီအနောက်ပိုင်းခရိုင်တရား ရုံးရဲ့ ပုံစံကိုကြည့်ကတည်းက ဃသည်ငိနညခန ကို ကျသွားစေတယ်။ တကယ်ဆိုတရားရုံးရဲ့ အ နေအထားအပြင်အဆင်က သူများနိုင်ငံတွေ လိုမဟုတ်တောင်ရုံးတွင်းနဲ့ ပတ်ဝန်းကျင်သန့် ရှင်းဖို့နဲ့ လုံခြုံရေးအရ သေချာဆောင်ရွက်ပေး ရမှာ။ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုကို အပြည့်အဝရရှိအောင်၊ ကြည့်လိုက်ကတည်း ကတရားစီရင်တဲ့ ရုံးဆိုတာဒီလိုမျိုးအနေအ ထားတစ်ခုရှိပါလားဆိုတာကို မြင်သာအောင် လုပ်ဆောင်ထားဖို့လိုတယ်။ ပြီးတော့အမှုစစ် နေတဲ့တရားခွင်ထဲမှာလဲ အသုံးအဆောင် ပစ္စည်းတွေကအစပြုပြင်ရမှာတွေ အများကြီး ပဲ။ ပြီးတော့တရားရုံးရဲ့လုံခြုံရေးကိုလဲ အထူး ဂရုစိုက်ပြီး လုပ်ဖို့လိုအပ်တယ်။ နိုင်ငံတကာ အဆင့်မီအောင်ဆိုရင်ပြောတာပါ''ဟု ယင်း က ပြောသည်။

ယင်းကဲ့သို့ တရားရုံးနှင့်ပတ်သက်သည့် အခြင်းအရာများ နှိမ့်ကျနေခြင်းများသည် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးအတွက် ဘတ်ဂျက်များသုံးစွဲရာတွင် တရားစီရင်ရေး၊ တရားရုံးကိစ္စများတွင် အသုံးပြုခြင်းမှာ များ စွာနည်းပါးနေသောကြောင့် ဖြစ်ကြောင်းအရှေ့ပိုင်းခရိုင်တရားရုံးမှ တွဲဖက်တရားသူကြီး တစ်ဦးက ပြောသည်။

ယင်းက''ရန်ကုန်တိုင်းမှာရှိတဲ့ တရားရုံး တော်တော်များများ အဆင်းသွင်ပြင်အားနည်း တာတော့အမှန်ပဲ။ သူ့နေရာနဲ့ သူရှိရမယ့် အရည်အချင်းတွေမရှိဘူး။ တချို့တရားရုံး တွေဆို ဆိုင်းဘုတ်တောင်မမြင်ရတာတွေရှိ သေးတယ်။ အရှေ့ပိုင်းခရိုင်တရားရုံးတောင် အခုနောက်ပိုင်းမှ သင်္ဃန်းကျွန်းဘက်ကိုပြောင်း သွားလို့ နည်းနည်းကောင်းသွားတာ။ နိုင်ငံတော် အနေနဲ့ ဘတ်ဂျက်ခွဲဝေသုံးစွဲတဲ့အခါ တရား ရုံးအပိုင်းမှာ သုံးစွဲတာတွေအားနည်းနေသေး တယ်။ ရန်ကုန်မှာ ပြန်ပြင်ဆင်ရမယ့်မြို့နယ်၊ ခရိုင်၊ တရားရုံးတွေအများကြီးရှိပါတယ်''ဟု သုံးသပ်ပြောဆိုသည်။

ယခုအခါ ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ်တရားရုံးပေါင်း ၄ဝဝ ကျော်ခရိုင်တရားရုံး ၄ ရုံးရှိကြောင်း၊ ယင်းတို့အထဲတွင် အနောက်ပိုင်းခရိုင်၊ တရား ရုံးနှင့် မြောက်ပိုင်းခရိုင်တရားရုံးများသည် မဖြစ်မနေ ပြင်ဆင်ရန်လိုအပ်သည့် အခြေ အနေတစ်ခုတွင်ရှိပြီး အပေါ့အပါးသွားရန် နေရာများပင် လုံလောက်အောင်မရှိသော ကြောင့် အကြောင်းအမျိုးမျိုးကြောင့် တရားရုံး သို့ ရောက်လာသူများအဖို့ စိတ်အနှောင့်အ ယှက်များစွာဖြစ်ရကြောင်း အင်းစိန်မြို့နယ် တွင်ရှိသော မြောက်ပိုင်းခရိုင်တရားရုံးတွင် ပြစ်မှုတစ်ခုတွင် တရားလိုလုပ်ထားသူတစ်ဦး က ''တော်တော်စိတ်ပျက်ဖို့ကောင်းတယ်။ အင်းစိန်မှာရှိတဲ့ မြောက်ပိုင်းခရိုင်တရားရုံးက အင်းစိန်မြို့နယ်တရားရုံးနဲ့ တွဲဖွင့်ထားတာ။ တစ်နေ့တစ်နေ့လူတွေလည်းအရမ်းများတယ်။ ပတ်ဝန်းကျင်အနေအထားကလည်း လုံးဝမ သန့်တဲ့အပြင် အိမ်သာတောင် လုံလောက် အောင်မရှိဘူး။ အမှုရင်ဆိုင်ရတာကတစ်မျိုး၊ ဒီလိုညစ်ပတ်နံစော်နေတဲ့ အနံ့တွေကိုရှူနေ ရတာကတစ်မျိုးနဲ့ ကြာရင် ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။တရားရုံးဆိုပေမယ့် တရား ရုံးသွင်ပြင်လုံးဝကိုမရှိတဲ့ နေရာတစ်ခုလိုပဲ။ ရုပ်ရှင်တွေထဲမှာ ကြည့်ရတဲ့ နိုင်ငံခြားက တရားရုံးတွေနဲ့တခြားစီပဲ''ဟု ၄င်း၏ထင်မြင် ချက်ကိုသုံးသပ်ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် သာမက မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ တရားရုံးများကိုပါ လိုအပ်သလိုပြင်ဆင်မှုများမပြုလုပ်ပါက နိုင်ငံခြားသား အမြောက်အမြားဝင်ရောက်မှု များရှိနေသော မြန်မာနိုင်ငံသည်နိုင်ငံခြား ဧည့်တချို့၏ အထင်မြင်သေးမှုကိုခံရနိုင် ကြောင်း အထက်တန်းရှေ့နေ တစ်ဦးဖြစ်သူဦးစိုးမိုးကပြောသည်။

အထက်တန်းရှေ့နေ ဦးစိုးမိုးက ''အခု ဆိုရင်နိုင်ငံခြားသားအမြောက်အမြား မြန်မာ နိုင်ငံကိုလာတယ်။ သူတို့အကြောင်းအမျိုး မျိုးကြောင်း တရားရုံးတွေကိုကိစ္စတစ်ခုခုနဲ့ ရောက်တဲ့အခါ မြန်မာနိုင်ငံရဲ့တရားရုံးက ဒီလိုကြီးပါလားဆိုပြီး ကဲ့ရဲ့ရှုတ်ချစရာတွေ ဖြစ်ကုန်လိမ့်မယ်။ ဒါကို နိုင်ငံတော်တာဝန်ရှိ သူတွေအနေနဲ့ ဂရုပြုနိုင်ဖို့လိုတယ်။ မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြန်လည်ပြုပြင်မှရတော့ မဲ့ တရားရုံးတွေကို မဖြစ်မနေပြုပြင်ဖို့ လို အပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် နိုင်ငံတကာ ဧည့်သည်တွေရဲ့ လက်ညှိုးထိုးအပြစ်ပြောစ ရာတစ်ခု ဖြစ်လာလိမ့်မယ်။ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ တရားရုံးတွေအခြေအ နေလောက်ဆိုရင်ပဲ အဆင်ပြေနေပါပြီ''ဟု ပြောသည်။ မြန်မာနိုင်ငံတွင် တရားရုံးအများ စု၏သွင်ပြင်အနေအထားမှာ နှိမ့်ကျနေသည့် အပြင် တရားစီရင်ရေးပိုင်းနှင့် လုံခြုံရေး ဆောင်ရွက်ရာတွင်လည်း အားနည်းမှုများ ရှိကြောင်း တရားရေးအသိုင်းအဝိုင်းက သုံး သပ်ပြောကြားသည်။

ထိုသို့ တရားရုံးများကို အဆင့်မြှင့်မည့် ကိစ္စရပ်နှင့်ပတ်သက်၍ ဟိုက်ကုတ်တရားရုံး ကြီးအား ပုဂ္ဂလိက ကုမ္ပဏီကိုငှားရမ်းရောင်း ချမည့် အစားယင်းနေရာကိုမွမ်းမံပြင်ဆင်ပြီး နိုင်ငံတကာအဆင့်မီ တရားရုံးဖြစ်အောင်ကြိုး စားခြင်းကပိုမိုအဆင်ပြေနိုင်မည်မဟုတ်ပါလား ဟု ဝေဖန်ပြောဆိုနေကြသည်ကိုလည်း ကြား သိနေရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင် တရားရုံးများအားလုံးက ဟိုက်ကုတ်တစ်နေ ရာတည်းတွင် ပြောင်းလဲထားရှိပါက အမှု သည်၊ ရှေ့နေ၊ တရားသူကြီးများအနေဖြင့် သွား လာမှုအခြေအနေ၊ အချိန်ကုန်သက်သာခြင်း၊ ငွေကြေးကုန်ကျမှု၊ ခရီးပန်းမှုများသက်သာ နိုင်မည့်အပြင် နိုင်ငံတကာအဆင့်တရားရုံး များအဖြစ် ပြန်လည်မြင်တွေ့ရနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးထွန်းအောင်က သုံးသပ်ပြောကြားသည်။

ဦးထွန်းအောင်က''ဒီလိုသာခရိုင်လေး ခရိုင်ကတရားရုံးတွေကို ဟိုက်ကုတ်တစ်နေ ရာတည်းမှာသာ ပေါင်းထားလိုက်ရင် အရမ်း ကိုအဆင်ပြေတယ်။ အချိန်ကုန် ငွေကုန်သက် သာမယ့်အပြင် နိုင်ငံတကာအဆင့်မီ တရား ရုံးကြီးတစ်ခုလို တွေ့မြင်လာနိုင်မှာပါ။အခု တော့ ဟိုက်ကုတ်တစ်ခြမ်းကိုပြတိုက်ဖွင့်မယ် ဆိုပြီး ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက စီစဉ်နေ တယ်လို့တော့ သိရတယ်။ အခုအကောင် အထည်မဖော်ရသေးဘူးလား။ ဘယ်လိုလဲ တော့မသိဘူး''ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင်တရား ရုံး၊ မြို့နယ်တရားရုံးတချို့တွင် သန့်ရှင်းသပ် ရပ်မှုအားနည်းနေခြင်းများကြောင့် အချုပ် သား၊ အမှုသည်၊ ရှေ့နေတချို့၏လူမှု၊ စီးပွား၊ ကျန်းမာရေးတို့ကို အနည်းနှင့်အများထိခိုက် စေမည့်အပြင် နိုင်ငံတော်၏ဂုဏ်သိက္ခာလည်း ညှိုးနွမ်းစေသည်။

တရားရုံးဆိုသည်မှာ မဖြစ် မနေလာရောက်ရသောနေရာ တစ်ခုသာဖြစ် ပြီး လူအများစုမှာ အမှုကိစ္စအရှုပ်အရှင်းများ နှင့် အတတ်နိုင်ဆုံးကင်းဝေးလိုသည့် သဘော သဘာဝရှိသည့် အလျောက်တရားရုံးသို့ မသွားချင်ကြသည့် သူများလေသည်။

''တရားရုံးဆိုတာ အမှုကိစ္စအရှုပ်အရှင်း တွေရှင်းပေးတဲ့ နေရာဆိုပေမယ့် လူအများစု ကတော့ တရားရုံးကိုမသွားချင်ကြဘူး။ ရဲ၊ တရားရုံးစတာတွေနဲ့ ပတ်သက်ဆက်နွှယ်မှု တွေ မရှိလေကောင်းလေဆိုပြီးဖြစ်ကြတယ်။

မဖြစ်မနေအမှု ကိစ္စရှိလို့လာကြရင်လည်း အဆင်ပြေပြေ၊ စိတ်ချမ်းချမ်းသာသာနဲ့ပဲရင် ဆိုင်ဖြေရှင်းကြတာကြိုက်ကြတယ်။ အခုအမှု သည် တချို့တရားရုံးကိုရောက်သွားရင် အဓိက ကတော့ တရားရုံးတချို့ တရားခွင်တွေမှာ ရှိတဲ့ ထိုင်ခုံတွေကရှင်းလင်းမှုတွေ မလုပ်တာ ကြာလို့ကြမ်းပိုးတွေတောင်ရှိတယ်။ တချို့ တရားခွင်တွေဆို အိမ်သာအနံ့အသက်တွေ၊ ပတ်ဝန်းကျင်ကမကောင်းတဲ့ အနံအသက် တွေရတာတွေရှိ တယ်။ တချို့အမှုသည်ဆိုရင် ကိုယ့်အမှုအလှည့်မရောက်ဘဲ စောင့်နေ ရတဲ့ အချိန်တွေမှာ ရုံးထဲမှာထိုင်မစောင့်ချင် ဘူး။ အပြင်က ဆိုင်တစ်ဆိုင်ဆိုင်မှာပဲ ထွက် ထိုင်ကြတာရှိတယ်။ တရားရုံးတွေရဲ့တည် ဆောက်မှုနဲ့ နေရာချထားမှုအနေအထား တွေမှာ မြန်မာနိုင်ငံကတော်တော်ညံ့တယ်လို့ သုံးသပ်ချင်တယ်။ တရားရုံးတွေကိုအဆင့် မြှင့်တင်ဖို့တော့ လိုအပ်နေပါပြီ''ဟု တရား လွှတ်တော်ရှေ့နေတစ်ဦးဖြစ်သူ ဦးစိန်ထွေး သုံးသပ်ပြောကြားသည်။

အချုပ်အားဖြင့်ဆိုရပါက မြန်မာနိုင်ငံ ၏ တရားစီရင်ရေးစနစ်ကို ပြုပြင်မည်ဆိုပါက ပထမအဆင့်အနေဖြင့် တရားရုံးများ၏အသွင်သဏ္ဌာန်ကို လူအများယုံကြည်ကိုးစား မှုရှိစေမည့် အဆင့်တစ်ခု ရှိနေစေရန်ပြုပြင်မွမ်းမံတည်ဆောက်ရမည်ဖြစ်သည်။

သို့မှ သာ မြန်မာပြည်သူများ၏ တရားရုံးများအပေါ် ယုံကြည်ကိုးစားမှုများ ပြန်လည်သက်ဝင် လာစေနိုင်မည်ဖြစ်သည်။ သို့မှသာအများ ပြည်သူတို့နှင့် မြန်မာနိုင်ငံ၏တရားစီရင်ရေး စနစ်အကြား အလှမ်းကွာဝေးနေသော ယုံ ကြည်မှုကိုးစားမှုကွာဟချက်ကို ကျဉ်းမြောင်း လာအောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက မြန်မာနိုင်ငံတရားစီရင်ရေး မဏ္ဍိုင်ကို ပြုပြင်ပြောင်းလဲနိုင်ရေးသည်များစွာ အလှမ်းဝေးနေဦးမည်ဖြစ်သည်။
ထိုသို့မဖြစ်ပေါ်စေရန် တစ်ဆင့်ချင်းနိုင် သည့်နေရာမှ စတင် လုပ်ဆောင်သင့်လှပေ ကြောင်း ဖော်ပြလိုက်ရပေသည်။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Credit - Yangon Media Group

 
 

No comments:

Post a Comment