တစ်နည်းအားဖြင့် ဆိုရသော် ဆင်ခြေပေးခြင်းသည် ရည်ရွယ်သည် ဖြစ်စေ၊ မရည်ရွယ်သည် ဖြစ်စေ မိမိတာဝန်ကို ရှောင်လွှဲသည့်သဘော သက်ရောက်သည်။ ဆင်ခြေများများ ပေးတတ်သူသည် တာဝန်များများ မယူလို၊ ရှောင်လွှဲလိုသူဟုလည်း အဓိပ္ပာယ် ကောက်ယူနိုင်သည်။
များသောအားဖြင့် ဆင်ခြေပေးသူများသည် ထိုကဲ့သို့ ပျက်ကွက်မှုအတွက် ၎င်းတို့ထံတွင် တာဝန်မကင်းကြောင်း မသိစိတ်က လက်ခံထားခြင်းကြောင့် ပျက်ကွက်မှုအတွက် ဆင်ခြေပေးကြခြင်း ဖြစ်သည်။ ဤသည်မှာလည်း မိမိကိုယ်ကိုယ် ဦးတည်စဉ်းစားလေ့ ရှိသော အတ္တနှင့် ဖွဲ့စည်းထားသည့် လူ့သဘာဝရှိသူ သာမန်အမျိုးအစား လူပုဂ္ဂိုလ်များအတွက် မထူးဆန်းသည့် သဘာဝ ဖြစ်သည်။
များစွာသော လူတို့သည် သာမန်လူများသာ ဖြစ်သည့်အတွက် သာမန်လူတို့ ပြုမြဲပြုနေကျ အတိုင်းသာ နေ့စဉ်ဘဝများကို ဖြတ်သန်းနေကြသော်လည်း လူ့အဖွဲ့အစည်း အသီးသီးရှိ နေရာဌာန အသီးသီးမှ အနည်းငယ်သာ ရှိသော ခေါင်းဆောင် တာဝန်ယူနေသူများ တစ်နည်းအားဖြင့် သာမန်လူ မဟုတ်သူများမှာမူ ၎င်းတို့ ရောက်ရှိနေသော နေရာအဆင့်အတန်းအရ မိမိကိုယ်ကိုယ် ဗဟိုပြု စဉ်းစား၍ မရဘဲ လူအများအကျိုးကို ဦးတည် စဉ်းစားကြရသည်။
မြန်မာနိုင်ငံတွင် လက်ရှိ ကြုံတွေ့နေရသည့် အခြေအနေ အရပ်ရပ်ကို ကြည့်လျှင် တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံရမည့် နေရာဌာနတွင် တာဝန်ရှိသူ တစ်ဦးအသွင် နေရာယူထားသူများ၏ ဆင်ခြေပေးသည့် တုံ့ပြန်မှုများသာ အမြဲလိုလို တွေ့မြင်နေရခြင်းမှာ ကောင်းသည့်လက္ခဏာ မဟုတ်ပေ။
ပြည်ထောင်စုနိုင်ငံတော် အတွင်းရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးတွင် ဦးစီးခေါင်းဆောင်နေရာ တစ်နည်းဆိုရသော် တာဝန်ရှိသူနေရာတွင် ရောက်နေသူများ အနေနှင့် မိမိအပါအဝင် ပြည်ထောင်စု နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ အရေးကိစ္စအားလုံး မဆိုထားနှင့် မိမိတို့ ပြောဆိုထားသည့် စကားလုံးတိုင်းကိုပင် ဆင်ခြေ၊ ဆင်လက်များပေးကာ မိမိကိုယ်ကိုယ် ကာကွယ်ကာ တာဝန်ကို ရှောင်လွှဲသကဲ့သို့ ဖြစ်နေပါက တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံနိုင်သော နိုင်ငံသားများဖြင့် တည်ဆောက်ရမည့် ဒီမိုကရေစီပန်းတိုင်နှင့် အလှမ်းဝေးနေဦးမည် ဖြစ်ကြောင်း သိစေအပ်ပေသည်။
အယ်ဒီတာ (၁၃-၁၀-၂၀၁၄)
--------------------------
The Voice Daily Editorial, Vol-2/No-157 (#voiceeditorial)
Credit - The Voice Weekly

No comments:
Post a Comment