အယ်ဒီတာ့ အာဘော်
အသက်(၁၉)နှစ်အောက် မြန်မာအမျိုးသားဘောလုံးအသင်းအတွက် သမိုင်းဝင် မိနစ် ၉၀ က
စောင့်ကြိုနေပါပြီ။ မြန်မာအသင်းများ တစ်ကြိမ်မျှ
ဝင်ရောက်မယှဉ်ပြိုင်ဖူးသော အသက်(၂၀)အောက် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်အတွက်
အဆုံးအဖြတ်အဖြစ် ယနေ့မြန်မာနှင့် ယူအေအီးအသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး
နိုင်သူမှာ ၂၀၁၅ တွင် နယူးဇီလန်နိုင်ငံ၌ ကျင်းပမည့် ယူ-၂၀
ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ပြိုင်ခွင့် လက်မှတ် ရမည်ဖြစ်သည်။
ထို့ကြောင့် အဆိုပါဘောလုံးပွဲမှာ မြန်မာယူ -၁၉ အသင်းသားများ ဘ၀ကို အပြောင်းအလဲဖြစ်စေမည့် ပွဲလည်း ဖြစ်သည်။ အာရှယူ -၁၉ ပြိုင်ပွဲတွင် မြန်မာအသင်းသည် ဒုတိယမြောက်အအောင်မြင်ဆုံးဖြစ်ပြီး ခုနစ်ကြိမ်တိုင် ဗိုလ်စွဲခဲ့ဖူးသော်လည်း မြန်မာအသင်းဗိုလ်စွဲခဲ့စဉ်က ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲမရှိသေးပေ။
အမျိုးသားလက်ရွေးစင် ဘောလုံးအသင်းအတွက် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်မှာ မည်သို့မျှ မဖြစ်နိုင်သောကြောင့် အသက်(၂၀)အောက် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်က မြန်မာဘောလုံးလောကအတွက် အရေးကြီးပါသည်။
သို့သော် ကမ္ဘာ့တစ်ဝန်းမှ အသင်း ၂၄ သင်းသာ ယှဉ်ပြိုင်ခွင့်ရမည့် နယူးဇီလန်ယူ-၂၀ ကမ္ဘာ့ဖလားဝင်ခွင့်တစ်နေရာအတွက် ယူအေအီးယူ ၁၉ အသင်းကလည်း မြန်မာကိုလွယ်လွယ်ဖြင့် အလျှော့ပေးမည်မဟုတ်ဘဲ ရေကုန်ရေခန်းယှဉ်ပြိုင်မည်သာ ဖြစ်သည်။
ကာလရှည် စုစည်းလေ့ကျင့်ထားသော မြန်မာ ယူ-၁၉ အသင်း၏ ခြေစွမ်းကို သုံးသပ်လျှင် မြန်မာဘောလုံးလောကအတွက် အလားအလာအကောင်းဆုံး ကစားသမားများ ပါဝင်သော်လည်း လူငယ်အသင်း ဖြစ်သည်နှင့်အညီ ခြေစွမ်းမတည်ငြိမ်ပါ။ ဘရူနိုင်းဘုရင့်ဖလားတွင် ခြေစွမ်းအကောင်းဆုံးပုံစံရသော်လည်း အာဆီယံ ယူ-၁၉ ပြိုင်ပွဲ၌ခြေစွမ်းမပြနိုင်ခဲ့။ ခြေစစ်ပွဲကန်ရန်မလိုဘဲ အိမ်ရှင်ဖြစ်၍ နောက်ဆုံးအဆင့်မှ စကန်ရသော ယခုပြိုင်ပွဲတွင်အုပ်စုပွဲ၌ ထိုင်းအသင်းကို အကောင်းဆုံးစိတ်ဓာတ်၊ ခြေစွမ်းတို့ဖြင့် ကစားပြနိုင်သော်လည်း အီရန်၊ ယီမင်တို့နှင့် ပွဲစဉ်တွင် ပြိုင်ဘက်များကို ရှိန်နေသည့်ပုံပေါ်ကာ ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့ပြန်သည်။
ထို့ကြောင့် ယနေ့ပွဲတွင် မြန်မာ ယူ-၁၉ ကစားသမားများအနေ ဖြင့် မည်သည့်အဆင့်တွင် မည်သည့်ပြိုင်ဘက်မျိုးနှင့် ယှဉ်ပြိုင်နေကြောင်းကို ခတ္တမေ့ထားပြီး ဖိအားကင်းကင်းဖြင့် ပရိသတ်သုံးသောင်းရှေ့တွင် ကြောက်ရွံ့စိတ်ကင်းမဲ့စွာဖြင့် ကစားကြရပါမည်။ ယခုအဆင့်တွင် မြန်မာအတွက် ရှုံးစရာမရှိဘဲ အနိုင်ရလျှင် သမိုင်းဝင်အောင်ပွဲရမည်ဖြစ်သောကြောင့် ထိုင်းနှင့် ယှဉ်ပြိုင်ခဲ့သော ပထမပိုင်း ၄၅ မိနစ်မှ တိုက်ပွဲဝင်စိတ်ဓာတ်မျိုးပြသရန် လိုနေသည်။ မြန်မာတို့အတွက် ပြီးပြည့်စုံသော အောင်ပွဲဖြစ်ရန် မိနစ် ၉၀ အတွင်း ခြင်္သေ့နှလုံးသားဖြင့် ဘောလုံးသမား ၁၁ ယောက် လိုနေပါသည်။

Credit - 7DAY DAILY
No comments:
Post a Comment