Tuesday, October 14, 2014

ဆိုင်းဘုတ်တွေ ဆောင်ပုဒ်တွေ မစိုက်ပါနဲ့ သစ်ပင်ကို ရှင်အောင်စိုက်ပါ

- မင်းချစ်နိုင်

ဒီနေ့ခေတ်မှာကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတု ပြောင်းလဲလာမှုဟာ ကမ္ဘာကိုတစ်နေ့တခြားခြိမ်း ခြောက်လာတဲ့ အန္တရာယ်တစ်ခုလိုဖြစ်နေခဲ့ပါ ပြီ။ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲလာမှုက နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးနဲ့နိုင်ငံတော်လုံခြုံရေး ကေိုပါထိခိုက်နိုင်ပါတယ်။

အဲဒီလိုကမ္ဘာကြီးပူနွေးလာ မှုနဲ့ရာသီဥတုပြောင်းလဲလာမှုကိုလျှော့ချဖို့ အလွယ်ဆုံး နဲ့အထိ ရောက်ဆုံးနည်းလမ်းကတော့ သစ်ပင်စိုက်ပျိုး ခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်အစိုးရ

အပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုတွေ ဆောင်ရွက်ကြတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေဟာ ပတ် ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်ကြတဲ့ နေရာမှာ သစ်ပင်တွေ အဓိကစိုက်ပျိုးနေကြတာလို့ ကျွန်တော်ယူဆပါတယ်။

ဟုတ်ပါတယ်။ နိုင်ငံတော်အစိုးရအပါအဝင် ပတ် ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေဟာ သစ်ပင်တွေ ကို နှစ်စဉ်နှစ်တိုင်းအင်တိုက်အား တိုက်စိုက်နေကြတာ ငြင်းပယ်လို့မရအောင် မြင်နေကြားနေကြရပါတယ်။ ကမ္ဘာ့ ပတ်ဝန်းကျင်နေ့အထိမ်းအမှတ်၊ မြေကမ္ဘာနေ့အထိမ်း အမှတ်၊ ဘာအထိမ်းအမှတ်၊ ညာအထိမ်းအမှတ်တွေ အပြင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဖန်လုံအိမ်လျှော့ချ ရေးစသဖြင့် ခေါင်းစဉ်အမျိုးမျိုးနဲ့ နိုင်ငံအနှံ့အပြားမှာ အစိုးရအဖွဲအစည်းမျိုးစုံ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း မျိုးစုံ၊ ကွန်ရက်မျိုးစုံတို့က သစ်ပင်တွေကိုစိုက်ပျိုးနေ ကြတာမဟုတ်လား။ ဒါတစ်နှစ်တည်းမဟုတ်ပါဘူး။ နှစ်စဉ် နှစ်တိုင်းစိုက်ပျိုးနေကြတာပါ။ ကျွန်တော်သိသ လောက်ပြောရမယ်ဆိုရင် ၂ဝဝ၈ ခုနှစ် နာဂစ်အလွန် ကာလတွေမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လူတွေ ဟာဂရုစိုက်လာတဲ့အတွက် သစ်ပင်စိုက်ပျိုးမှုတွေကိုအရင်နှစ်တွေထက် စိုက်တဲ့နေရာရောသစ်ပင်အရေအတွက် ပါ ပိုပြီးများပြားလာတာ ကိုတွေ့ရပါတယ်။ တစ်နှစ်တစ် နှစ်စိုက်တဲ့ သစ်ပင်အရေအတွက်ဟာ သန်းနဲ့ချီပြီးရှိနေ တဲ့အတွက် ၂ဝဝ၈ ခုနှစ်ကနေဒီနေ့ထိဆိုရင် ကျွန်တော် တို့ မြန်မာပြည်မှာသစ်ပင်တွေနဲ့ပြည့်နေပြီး လူတွေတောင် နေစရာရှိတော့မယ်မထင်ပါဘူး။

ဒါပေမဲ့ ..ဒါပေမဲ့ လည်း ကျွန်တော်တို့မြန်မာပြည်မှာ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုတာကို ပညာတတ်အသိုင်းအဝိုင်းလူနည်း စုကသာ သတိပြုပြီးလူများစုက နှစ်ပေါင်းများစွာလျစ်လျူရှုထားခဲ့ကြတာပါ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်တဲ့သူတွေကိုလည်း အပိုအလုပ်လုပ်တဲ့သူတွေလို့ သဘောထားကြပါတယ်။

၂ဝဝ၈ ခုနှစ်နာဂစ်မုန်တိုင်း ဒဏ်ကို မြန်မာပြည်သူတွေ အလူးအလဲ ခံစားလိုက်ပြီးနောက်ပိုင်းမှာတော့ ပညာရှင်တွေရဲ့ထောက်ပြပြော ဆိုမှုတွေနဲ့ လူတော်တော်များများက ပတ်ဝန်းကျင်ထိန်း သိမ်းဖို့လိုအပ်နေပြီဆိုတာနားလည် လက်ခံလာကြ သလို အဖွဲ့အစည်းလေးတွေဖွဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လုပ်ဆောင်လာကြပါတယ်။ နိုင်ငံတကာအဖွဲ့ အစည်းတွေကလည်း မြန်မာပြည်တွင်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေကို ငွေကြေးထောက်ပံ့မှုတွေပြု လုပ်လာကြပါတယ်။ ဒါကြောင့်လည်း မြန်မာပြည်ထဲမှာ နိုင်ငံတကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေတစ် နေ့တစ်ခြားပိုများလာခဲ့ပါတယ်။ ပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်တဲ့ နေရာမှာအလွယ်ဆုံးကသစ်ပင်စိုက်တာလို့ယူဆတယ်ထင်ပါရဲ့။ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးအဖွဲ့တော်တော်များများဟာ သစ်ပင်စိုက်ပျိုးပြီး သူ တို့အဖွဲ့တွေရဲ့ လုပ်ငန်းတွေကိုစတင်အကောင်အထည် ဖော်ခဲ့ကြပါတယ်။

အဲဒီသစ်ပင်စိုက်တဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေထဲမှာ ဒေါ်လာတောင်းလို့ ကောင်းအောင်သစ်ပင်စိုက်တာ၊ နာမည်ရအောင်ပေါ် ပြူလာဖြစ်အောင်သစ်ပင်စိုက်တာ၊ကိုယ့်မြေကိုယ့်ရေ စိမ်းလန်း စိုပြည်ရေးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအတွက် သစ်ပင်စိုက်တာဆိုပြီး အရောင်တွေကွဲနေ တာတွေ့ရပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့လည်း ပတ်ဝန်းကျင်ထိန်း သိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာနအပါအဝင် ဌာနအတော်တော်များများဟာ ခေါင်းစဉ်အမျိုးမျိုးနဲ့ သစ်ပင်တွေကိုနှစ်စဉ် သိန်းသန်းချီပြီး စိုက်ပျိုးနေတာ ကိုသတင်းစာ၊ ဂျာနယ်၊ ရုပ်သံတွေမှာမြင်တွေ့နေရပါတယ်။ ဒါပေမဲ့လည်း သစ်ပင်တွေဟာတိုးပွားလာတယ်ဆိုတာသိပ်မတွေ့ရပါဘူး။ ဒါဆို သစ်ပင်တွေကဘယ်ရောက် ကုန်တာတုန်း။ ဒီမေးခွန်းအတွက် အဖြေမရသေးခင် တစ်ရက်မှာ ကျွန်တော်အယ်ဒီတာအဖြစ်တာ ဝန်ထမ်း ဆောင်နေရတဲ့ သတင်းစာတိုက်ကို မြေလတ်မြို့တစ်မြို့ က သတင်းထောက်၊ စာရေးဆရာတစ်ဦးအလည်လာပါ တယ်။ သူနဲ့အတူလက်ဖက်ရည်သောက်ရင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး သစ်ပင်စိုက်တဲ့ အ ကြောင်းပြောမိကြတယ်။ ကျွန်တော်ကသစ်ပင်တွေ တော့ စိုက်နေကြတာပဲ။

ဒါပေမဲ့ ရှင်အောင်မစိုက်ကြ တာခက်တယ်လို့ ပြောလိုက်တော့ သူကဟုတ်တယ် ဆရာရယ်၊ ကျွန်တော်တို့မြို့မှာ သစ်ပင်စိုက်ပျိုးပွဲတွေ တော့ နှစ်စဉ်လုပ်နေကြတာပဲ။ ဒါပေမဲ့ သစ်ပင်ရယ်လို့ မည်မည်ရရပြစရာ သစ်ပင်မရှိဘူး။ ဟိုတစ်နေ့က သစ်ပင် စိုက်ပွဲရှိလို့ ကျွန်တော်သတင်း သွားယူတယ်။ အဲဒီ သစ်ပင်စိုက်တဲ့ နေရာဟာ နှစ်စဉ်နှစ်တိုင်းသစ်ပင်စိုက် ပွဲတွေလုပ်နေကျနေရာပါ။ ဒါပေမဲ့ သစ်ပင်ကြီးကြီးမားမား တစ်ပင်မှမတွေ့ရဘူး။ အဲဒါနဲ့ ကျွန်တော်လည်း ရူးချင် ယောင်ဆောင်ပြီး အသိတစ်ယောက်ကိုမေးလိုက်တော့ သူက...ခင်ဗျားကလည်း တော်တော်ပိန်းတာပဲ။ ဒါကသစ်ပင်စိုက်ပွဲလုပ်တဲ့နေရာဗျ။ ဒီနေရာက အကွက် အကွင်းကောင်းတယ်။ လူကြီးတွေသွားရလာရတာ လည်းလွယ်ကူတယ်။ ပြည်သူတွေရဲ့ပါဝင်မှုလည်းများ တယ်။ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကွင်းလည်းကောင်းတယ် လေတဲ့..ဆရာရယ်။

မြေလတ်သားပြောပြသလိုကိစ္စတွေဟာ ကျွန်တော် တို့ မြန်မာပြည်ရဲ့နေရာတိုင်းမှာလိုလိုဖြစ်နေကြတာပါ။ နိုင်ငံတော်အစိုးရအပါအဝင် အစိုးရမဟုတ်တဲ့အဖွဲ့ အစည်းတွေ တော်တော်များများဟာခေါင်းစဉ်အမျိုး မျိုး၊ အကြောင်းပြချက်အမျိုးမျိုးနဲ့သစ်ပင်တွေကို စိုက်ပျိုး နေကြပါတယ်။

သစ်ပင်စိုက်တဲ့ အဖွဲ့အစည်းတော်တော် များများဟာ ပတ်ဝန်းကျင် ထိန်းသိမ်းလိုစိတ်ဆိုတာ ထက် ဘာစီမံချက်ညာစီမံချက်နဲ့ အထက်ကညွှန်ကြား လို့စိုက်ကြတယ်။ ဒေါ်လာတောင်းရတာလွယ်လို့ စိုက် ကြတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်ကြီးလို လိုဘာလိုလို နာမည်ကြီးအောင်စိုက်ကြတယ်။ သစ်ပင်ကို အဲဒီလိုစိုက်နေမှတော့ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဘယ်အဖွဲ့ကပဲစိုက်စိုက် အောင်မြင်နိုင်မှာမဟုတ်ပါဘူး။ တကယ်တော့ သစ်ပင်စိုက်တာကောင်းပါတယ်။ ဘယ် အဖွဲ့အစည်းတွေက ဘာရည်ရွယ်ချက်နဲ့စိုက်စိုက် သစ် ပင်စိုက်တာကောင်းပါတယ်။ ဒါပေမဲ့ ဆိုင်းဘုတ်တွေ ဆောင် ပုဒ်တွေမစိုက်ပါနဲ့။ ဓာတ်ပုံတွေဗီဒီယိုတွေရိုက်ကောင်း အောင်မစိုက်ပါနဲ့။ ဒေါ်လာတောင်းစားကောင်းရုံမ စိုက်ကြပါနဲ့လို့တော့ ပြောချင်ပါတယ်။

ကျွန်တော်တို့ မြန်မာပြည်ဟာကမ္ဘာ့နိုင်ငံတွေနည်း တူကမ္ဘာ့ကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲလာမှုကိုခံစားလာရတာ ဒီဘက်နှစ်ပိုင်းတွေမှာ အဆိုးဆုံးပါပဲ။ အပူဒဏ်လွန်လွန်ကဲကဲဖြစ်လာတာတွေ၊ မိုးခေါင် ရေရှားလာတာတွေ၊ မိုးကြီးရေလျှံလာတာတွေကို ကျွန်တော်တို့တွေ ငြင်းပယ်လို့မရအောင်ခံစားနေရပါ ပြီ။ ဒါတွေကိုလျှော့ချဖို့ သစ်ပင်တွေကို မဖြစ်မနေစိုက် ပျိုးရပါမယ်။

ဥတုရာသီတောကိုမှီဆိုသလိုတောကောင်း မှ ရာသီဥတုကောင်းမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်အစိုးရအပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းတွေဟာသစ်ပင်တွေကို စိုက်ပျိုးလာကြ တာဖြစ်ပါတယ်။ သစ်ပင်စိုက်တဲ့ နေရာမှာဘာရည် ရွယ်ချက်နဲ့ပဲစိုက်စိုက် ရှင်အောင်စိုက်ဖို့လိုပါတယ်

အဲဒီလိုသစ်ပင်ရှင်သန်အောင်စိုက်ဖို့ဆိုရင် ဘယ်အဖွဲ့အ စည်းကပဲဖြစ်ဖြစ် သစ်ပင်စိုက်တဲ့အခါ ပထမဆုံးကိုယ် စိုက်ပျိုး မယ့်နေရာဒေသ နဲ့ကိုက်ညီမယ့်သစ်ပင်မျိုး၊ စိုက် ပျိုးပေးမယ့် သူတွေရဲ့အနေအထား၊ ရေ၊ မြေအနေ အထား၊ သစ်ပင်စိုက်ပျိုးပြီးရင် ရှင်သန်အောင်စောင့် ရှောက်သွားမယ့် အဖွဲ့အစည်းအနေအထားတွေကို ကြည့်ရပါမယ်။ သစ်ပင်စိုက်ပြီးရင် ပြီးရောထိုးကြိတ် စိုက်ပျိုးခဲ့တာမျိုးမလုပ်သင့်ပါဘူး။ ကျွမ်းကျင်သူတွေရဲ့ အကူအညီရယူပြီး စိုက်ပျိုးရပါမယ်။ သစ်ပင်တွေစိုက်ပျိုးပြီးတဲ့အခါမှာ သေပင်ရှင်ပင်တွေကို စာရင်းပြုစုပြီး သေတဲ့ အပင်တွေနေရာမှာ ချက်ချင်းအစားထိုးစိုက်ပျိုး ပေးရပါမယ်။

ဒါမှသာသစ်ပင်တွေကိုစာရွက်ပေါ်မှာ အရေ အတွက်အများအပြား စိုက်ပျိုးနေတာထက် ကမ္ဘာမြေ ပေါ်မှာတကယ် ရှင်သန်အောင် စိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ ကျွန်တော် ထပ်ပြောချင်တာက..

ဘယ်အဖွဲ့အစည်းတွေက ဘာရည်ရွယ်ချက်နဲ့ စိုက်စိုက် သစ်ပင်စိုက်တာကောင်းပါတယ်။

ဒါပေမဲ့ ဆိုင်းဘုတ် တွေ ဆောင်ပုဒ်တွေမစိုက်ပါနဲ့။

ဓာတ်ပုံတွေဗီဒီယို တွေရိုက်ကောင်းအောင်မစိုက်ပါနဲ့။

  ဒေါ်လာတောင်း စားကောင်းရုံမစိုက်ကြပါနဲ့လို့ရ.။ ။

#Democractoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Credit - Yangon Media Group

 

No comments:

Post a Comment