Monday, October 13, 2014

အဝေးသင်ဖြေမည့် ဘင်္ဂါလီကျောင်းသားလေးဦးအား အနီးကပ်သင်ပေးရန် တာဝန်ပေးခံရသူဆရာများ လုံခြုံရေးကြောင့် သွားရန်စိုးရိမ်နေ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ အဝေးသင်တက္ကသိုလ်စာမေးပွဲဖြေဆိုမည့် ဘင်္ဂါလီကျောင်းသား လေးဦးကို အနီးကပ်သင်တန်း ပို့ချရန်အတွက် တာဝန်ပေးအပ်ခြင်းခံရသည့် စစ်တွေ တက္ကသိုလ်မှ နည်းပြဆရာ ခုနစ်ဦးမှာ ၎င်းတို့ လုံခြုံရေးကြောင့် မသွားလိုကြကြောင်း သတင်းရရှိသည်။
ဘင်္ဂါလီကျောင်းသားလေးဦးအား အနီးကပ်သင်တန်းပို့ချပေးရန်အတွက် စစ်တွေတက္ကသိုလ် မြန်မာစာ၊ အင်္ဂလိပ်စာ၊ စိတ်ပညာ၊ ပထ၀ီ၊ သမိုင်း၊ ဒဿနိက ဗေဒဌာနများမှ နည်းပြဆရာ၊ ဆရာမ ခုနစ်ဦးကို ဘူးသီးတောင် မြို့နယ်သို့ အောက်တိုဘာ ၁၆ ရက်မှ စတင်၍ ဆယ်ရက်ကြာ သွားရောက်သင်ကြားပေးရန် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

 ‘‘သွားသင်ပေးရမယ်လို့ နည်းပြ ခုနစ်ယောက်ကို တာဝန် ပေးထားတယ်။ မသွားဘူးဆိုရင် အရေးယူမယ်လို့ ပြောတယ်။ ကျွန်တော်ကတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ တရားမျှတမှုလည်းမရှိဘူး။ သွားတဲ့ နည်းပြတွေက Minor တွေပဲ သင်ပေးတဲ့ ဆရာတွေကို Major တွေ သင်ပေးရမယ်ဆိုတော့ အခက်အခဲရှိတယ်။ အမှန်ဆို ကထိက တစ်ယောက်၊ နှစ်ယောက်လောက် ထည့်ပေးသင့်တယ်။ ဟိုမှာတော့ သူတို့ကို မြို့ နယ်ပညာရေးမှူးရုံး၊ ရဲစခန်း၊ အုပ်ချုပ်ရေးမှူးရုံးတစ်ခုခုမှာ သင်ပေးဖို့ စီစဉ်ထားတယ်လို့ ကြားတယ်။ သွားတဲ့ဆရာတွေကို ဘယ်မှာတည်းရမယ်ဆိုတာတော့ မပြောသေးဘူး။ မသွားမနေရဆိုတော့ သွားရမှာပေါ့’’ဟု စေလွှတ်ခံရသူ နည်းပြဆရာတစ်ဦးက ပြောသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နှင့် ဘူးသီးတောင်မြို့နယ်ရှိ ဘင်္ဂါလီလူမျိုးများ တွေ့ဆုံစဉ် အဆင့် မြင့်တက္ကသိုလ်ပညာသင်ကြားခွင့် ရရှိရန် တောင်းဆိုမှုများရှိသော ကြောင့် အဆိုပါမြို့နယ်ရှိ အဝေးသင်တက္ကသိုလ်ကျောင်းသားများကို သင်ကြားခွင့်ရရှိရန် ရခိုင်ပြည်နယ်အစိုးရက ပညာရေးဝန်ကြီး ဌာနသို့ တင်ပြခဲ့ပြီး ပညာရေးဝန်ကြီးဌာနက အထူးအနေဖြင့် သီး ခြားစာမေးပွဲစစ်ပေးရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရ သည်။
‘‘အဆင့်မြင့်ပညာ သင်ချင်ပါတယ်လို့ သူတို့က နိုင်ငံတော် အထိ တောင်းဆိုထားတယ်။ ဘယ်သူပဲဖြစ်ဖြစ် ပညာသင်ကြားလိုတယ်ဆိုရင် အားလုံးကို ကူလို့ရတဲ့ အတိုင်းအတာက ကူပေးတာပါ။ သွားမယ့် ဆရာတွေရဲ့ လုံခြုံရေးကအစ အစစအရာရာကို မောင် တောခရိုင် ထွေအုပ်က စီစဉ်ပေးမှာပါ။ အဲဒီဒေသတွေမှာ အစိုးရ ၀န်ထမ်းတွေ တာဝန်ထမ်းဆောင် နေကြတာပဲလေ။ မသွားလို့ အရေးယူမယ်ဆိုတာက သူ့စည်းကမ်းအပေါ်ပဲ ကြည့်ရမှာ။ အခုလောလောဆယ်ကတော့ အရေးယူဖို့ထက် သူတို့သွားဖို့ပဲ စည်းရုံးနေတာပါ’’ ဟု စစ်တွေတက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာ တင်မောင်ထွန်းကပြောသည်။
ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် ဘင်္ဂါလီလူမျိုးများအ နေဖြင့် ယခင်က စစ်တွေတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားခဲ့သော်လည်း ၂၀၁၂ ခုနှစ် အတွင်း လူမျိုးရေး ပဋိပက္ခအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ဘင်္ဂါလီလူမျိုးများက ၎င်းတို့သဘောဖြင့် လာရောက်သင်ကြားခြင်း မရှိတော့ခြင်း ဖြစ်သည်။
‘‘ဆရာတွေက ကျောင်းသားရှိတဲ့ ဘူးသီးတောင်ဆီ လိုက်သင်ရမယ်။ ဆရာတွေရဲ့ မူလတာဝန်က စစ်တွေတက္ကသိုလ်မှာပဲ ထမ်းဆောင်ဖို့ လိုတယ်။ အဲဒီအပေါ်မှာ မသွားရင် အရေးယူမယ်လို့လည်း ပါနေတယ်။ မူအရကိုက မှားနေတယ်။ ကျောင်းသားတွေ တစ်ခုခု ပြဿနာဖြစ်မှာစိုးလို့ ဆရာ၊ ဆရာမတွေကို ပို့တော့ သူတို့တစ်ခုခုဖြစ်ရင် ဘယ်သူ တာဝန်ယူမှာလဲ။ ကျောင်းသားတွေရှိရာဆီ ဆန်စင်ရာ ကျည်ပွေ့လိုက်နေလို့တော့ မဖြစ်နိုင်ဘူး။ မူအရ မှားနေတယ်။ အဲဒီလိုမျိုးဆို ကျန်တဲ့ ကျောင်းသားတွေက အုပ်ချုပ်ရေးတွေက ပြည့်ပြည့်စုံစုံစီစဉ်ပေးမယ်ဆိုရင်၊ တောင်းဆိုရင်ကော ဆရာတွေက သွားရမှာလား။ အဲဒီလိုဆိုရင် ပညာရေးဝန်ကြီးဌာနက စီမံပေးမှာလား’’ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (ယာယီ) ဒုဥက္ကဋ္ဌ ဦးဇော်မျိုးလှိုင်က ပြောသည်။
၂၀၁၄ ပညာသင်နှစ် ဒုတိယအသုတ် အနီးကပ်ပို့ချသင်တန်းများကို အောက်တိုဘာ ၁၆ ရက်မှ ၂၅ ရက်အထိ လည်းကောင်း၊ အတန်းတင် စာမေးပွဲများကို အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၄ ရက်အထိလည်းကောင်း ကျင်းပမည်ဖြစ်ပြီး အင်္ဂလိပ်စာ၊ ပထ၀ီဝင်၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ ဥပဒေပညာ၊ အရှေ့တိုင်းပညာအထူးပြု ကျောင်းသူ၊ ကျောင်းသားများ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
Credit - 7DAY DAILY

No comments:

Post a Comment