Monday, October 13, 2014

လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံ မြန်မာနှစ်ဦးမိဘများ ထိုင်းသို့ တစ်ပတ်အတွင်း သွားမည်

ရန်ကုန်၊ အောက်တိုဘာ ၁၂
 
ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲ အသတ်ခံရမှုနှင့် ပတ်သက်၍ စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦး၏ မိဘများသည် ထိုင်းနိုင်ငံသို့ တစ်ပတ်အတွင်း သွားရောက်မည် ဖြစ်ကြောင်း အဆိုပါ မိသားစုဝင်များ ထိုင်းနိုင်ငံသို့ သွားရောက်ရန် စီစဉ်ပေးနေသော ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောကြားသည်။
ထိုင်းတွင် ဖမ်းဆီးခံထားရသည့် ဝင်းဇော်ထွန်း၏ မိဘနှစ်ဦး၊ ဇော်လင်း၏ မိခင်နှင့် ဦးလေးဖြစ်သူတို့သည် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့တော်သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနှစ်ဦး၏ မိဘများ ထိုင်းနိုင်ငံသို့ သွားရောက်ရန်အတွက် နိုင်ငံကူးလက်မှတ်များကို တစ်ရက်အတွင်း ရရှိအောင် လုပ်ဆောင်ပေးမည်ဟု နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးများက ကတိပေးထားကြောင်း ဦးတင်ထူးအောင်က ရှင်းပြသည်။
“ထိုင်းက လာကြိုမယ့်အဖွဲ့တွေ မနက်ဖြန် ညနေရောက်မယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ဝင်းဇော်ထွန်းသည် ငယ်စဉ်ကပင် ခိုက်ရန်ဖြစ်ပွားလေ့ရှိသူ မဟုတ်သည့်အပြင် အသောက်အစားလည်း မရှိသူဖြစ်ကြောင်း၊ ဘောလုံးကစားခြင်းကိုသာ ဝါသနာပါသူ ဖြစ်ကြောင်း ၎င်း၏ဖခင်ဖြစ်သူ ဦးထွန်းထွန်းထိုက်က ပြောကြားသည်။
“လူသတ်မှု ကျူးလွန်တယ် ဆိုတာကို လုံးဝမယုံဘူး။ စွပ်စွဲခံရတာပဲလို့ ထင်တယ်” ဟု ၎င်းကဆိုသည်။
လူသတ်မှုဖြင့် ဖမ်းဆီးခံရသည့် သတင်းကို သားဖြစ်သူ၏ သူငယ်ချင်းက တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားသဖြင့် ကြားသိထားပြီး ဖြစ်သော်လည်း ငွေကြေးချို့တဲ့သဖြင့် ထိုင်းနိုင်ငံသို့ သွားရောက် တွေ့ဆုံနိုင်ခြင်း မရှိ၍ မီဒီယာများက ပြောဆိုသည့် သတင်းများကို နားထောင်နေရကြောင်း ဦးထွန်းထွန်းထိုက်က ပြောဆိုသည်။
ဖမ်းဆီးခံ မြန်မာနှစ်ဦးထံမှ သတင်းအချက်အလက်များ အပြည့်အစုံ ရရှိစေရန် ၎င်းတို့၏ မိဘများကို ထိုင်းနိုင်ငံသို့ စေလွှတ်ပေးရန် မြန်မာသံရုံး ကိုယ်စားလှယ် အဖွဲ့က မြန်မာအစိုးရကို တောင်းဆိုထားကြောင်း၊ စစ်ဆေး တွေ့ရှိချက်များအရ မြန်မာနှစ်ဦးမှာ တရားခံအဖြစ် စွပ်စွဲ၍ မရကြောင်း အဆိုပါ ကိုယ်စားလှယ် အဖွဲ့ထံမှ သိရှိရသည်။
မိဘများနှင့် တွေ့ဆုံခွင့်ရလျှင် အဆိုပါ မြန်မာနှစ်ဦးသည် ဖြစ်စဉ်ဖြစ်ရပ် အမှန်များကို ပြောဆိုနိုင်ပြီး ယင်းသို့ ပြောဆိုမှသာ ထိုင်းရဲတပ်ဖွဲ့ စွပ်စွဲချက်များနှင့် ကွဲလွဲမှုများ ပိုမိုရရှိနိုင်မည် ဖြစ်ကြောင်း ကိုယ်စားလှယ် အဖွဲ့ဝင် ဦးမင်းဦးက ပြောကြားသည်။
လိပ်ကျွန်းလူသတ်မှုတွင် ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးကိစ္စနှင့် ပတ်သက်၍ မီဒီယာများအနေနှင့် ထင်မြင်ချက်များ ရေးသားမှု ရပ်တန့်ရန် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က မီဒီယာများကို သတိပေးထားသည်။
ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် ထိုင်းရဲများက ထပ်မံစစ်ဆေးရာတွင် မြန်မာနှစ်ဦးမှာ ရင်ဘတ်နာကျင် ဝေဒနာ ခံစားနေရသည်ဟု ထိုင်း TV 3 ဌာနက ထုတ်လွှင့်သွားကြောင်း မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့ဝင် ဦးအောင်မျိုးသန့်က ပြောကြားသည်။
ထိုင်းနိုင်ငံ ဆူရတ်ဌာနီခရိုင်တွင် စက်တင်ဘာလ ၁၄ ရက်နေ့ ည၌ ဗြိတိန်စုံတွဲ အသတ်ခံရသည်။

Credit - The Voice Weekly

No comments:

Post a Comment