ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုနှင့် လုပ်ခလစာ
နည်းပါးမှုတို့ကြောင့် နိုင်ငံသားအများစုသည် ထိုင်း၊ မလေးရှား၊ ကိုရီးယား၊
စင်ကာပူ စသည့်ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်လျက် ရှိကြသည်။
အစိုးရက ပြည်ပသို့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်ခွင့်ပြုထားသည့်
ပြည်ပနိုင်ငံ ၁၅ နိုင်ငံ ရှိသည့်အနက် ထိုင်း၊ မလေးရှား၊ ကိုရီးယား၊
စင်ကာပူတို့သည် မြန်မာနိုင်ငံသားများ သွားရောက်အလုပ်လုပ်ကိုင်မှု
အများဆုံးဖြစ်သည်။
မြန်မာနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနမှ တရားဝင်
သွားရောက်လုပ်ကိုင်ခွင့် မပြုထားသော်လည်း ဆော်ဒီ၊ ဂျော်ဒန် စသည့်
အရှေ့အလယ်ပိုင်း ဒေသများသို့ မြန်မာအလုပ်သမား အများအပြား ရောက်ရှိနေခဲ့သည်။
မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး မရှိသည့် အရှေ့အလယ်ပိုင်းဒေသ
ဆော်ဒီနှင့် ဂျော်ဒန်တို့တွင် အလုပ်ရှင်ခွင့်ပြုမှသာ နေရပ်ပြန်ခွင့်ရှိသည့်
မြန်မာအလုပ်သမားများအတွက် တင်းကျပ်သည့် စည်းမျဉ်း၊ စည်းကမ်းဥပဒေများလည်း
ရှိနေသော်လည်း အလုပ်သမား အများအပြား အလုပ်လုပ်ကိုင်နေသည်ကို တွေ့ရသည်။
ထို့ကြောင့်ပင် မြန်မာနိုင်ငံရှိ လူဦးရေ၏ ၁ဝ ရာခိုင်နှုန်းခန့် (သို့မဟုတ်)
၁ဝ သန်းခန့်သည် ပြည်ပနိုင်ငံများသို့ ပြောင်းရွှေ့အလုပ်လုပ်ကိုင်လျက်
ရှိကြောင်းကို နိုင်ငံတကာ ရွှေ့ပြောင်းသွားမှုဆိုင်ရာ စီမံခန့်ခွဲမှု
အဖွဲ့အစည်း (IOM) က ခန့်မှန်းထားသည်။
မြန်မာနိုင်ငံသားများ
ပြောင်းရွှေ့လုပ်ကိုင်မှု ဒုတိယအများဆုံးဖြစ်သည့် မလေးရှားတွင် တရားဝင်
အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား သုံးသိန်းခန့်ရှိပြီး တရားမဝင်
မြန်မာအလုပ်သမား လေးသောင်းကျော်ရှိသည်ဟု အစိုးရ၏ ထုတ်ပြန်မှုများအရ သိရသည်။
ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်အတွင်းက မလေးရှားတွင် မြန်မာအလုပ်သမားများကို
ဦးတည်သည့် အကြမ်းဖက်မှုများ၊ မြန်မာသံရုံးအား ဗုံးဖောက်ခွဲရန် ကြံစည်မှုများ
ဖြစ်ပွားခဲ့သည်။
ထို့ပြင် မလေးရှားနိုင်ငံ ပီနန်ပြည်နယ်၊
ပီရိုင်းတွင် နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးကို ၎င်းနေထိုင်ရာ
အိမ်အနောက်ဘက်၌ သေဆုံးလျက်ရှိနေသည်ကို ဇူလိုင် ၈ ရက် နံနက်ပိုင်းက
တွေ့ရှိခဲ့ပြီး သေဆုံးသူ ကိုအောင်ခင်(ကိုတိုနီ)သည် နောက်ကျောတွင်
ထိုးသွင်းဒဏ်ရာတစ်ချက်နှင့် ညာဘက်လက်ကောက်ဝတ်မှာလည်း ပြတ်တောက်လုနီးပါး
အလှီးခံထားရသည်ဟု နိုင်ငံတကာ သတင်းများတွင် ဖော်ပြချက်အရ သိရသည်။
အလားတူ မလေးရှားနိုင်ငံ ကွာလလမ်ပူမြို့တွင် သေဆုံးသည့်
မြန်မာနိုင်ငံသားများကို ကူညီဆောင်ရွက်ပေးနေသည့် ကွာလာလာမ်ပူ
နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးမျိုးပိုင်သည် ဇူလိုင် ၉ ရက် ည ၈ နာရီက
ပူချွန်မြို့၊ မန်ချူးချိုင့်၌ အကြမ်းဖက် အသတ်ခံခဲ့ရသည်။
တစ်ဆက်တည်းမှာပင် ဆက်တိုက်ဆိုသလို အခြားမြန်မာနိုင်ငံသား တစ်ဦးလည်း
သတ်ဖြတ်ခံခဲ့ရသည်။ မြန်မာနိုင်ငံသားသုံးဦး အကြမ်းဖက် သတ်ဖြတ်ခံရမှုနှင့်
ပတ်သက်၍ သံသယရှိသူများကို မတွေ့ရဘဲ မလေးရှားရဲများမှလည်း ကျူးလွန်သူများကို
လက်ရှိအချိန်အထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။ ယင်းဖြစ်စဉ်ကြောင့်
မလေးရှားရှိ မြန်မာအလုပ်သမားများမှာ အသတ်ခံရမည်ကို စိုးရိမ်၍
အပြင်မထွက်ရဲဘဲ စိုးရိမ်ထိတ်လန့်စွာ နေထိုင်ခဲ့ရပြီး သံရုံးမှလည်း
တစ်စုံတစ်ရာ ကူညီဆောင်ရွက်ပေးခြင်း မရှိခဲ့ကြောင်း မလေးရှားရောက်
မြန်မာအလုပ်သမားများက ပြောဆိုခဲ့သည်။
မြန်မာအလုပ်သမား
ဒုတိယအများဆုံး သွားရောက်လုပ်ကိုင်နေပြီး အစ္စလာမ်ဘာသာဝင်
အများဆုံးနေထိုင်သည့် မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား
ဗုဒ္ဓဘာသာဝင်များကို ဦးတည်အကြမ်းဖက်မှုများ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းနှင့်
မြန်မာသံရုံးတို့ကို ဗုံးဖောက်ခွဲရန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြပြီး
မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများအား သတ်ဖြတ်ခံရမှုများနှင့်
ပတ်သက်သည့် ဖြစ်စဉ်အများစုတွင် ကျူးလွန်ခဲ့သည့် တရားခံများကို
လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်းလည်း မရှိခဲ့ပေ။
မလေးရှားနိုင်ငံတွင် တရားမဝင် အလုပ်သမားများ ပပျောက်ရေး စီမံချက်အနေဖြင့်
၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က စတင်၍ တရားမဝင် မြန်မာအလုပ်သမားများကို
ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အဆိုပါ စီမံချက်ကြောင့်လည်း
မြန်မာအလုပ်သမား အများအပြား ဖမ်းဆီးခံခဲ့ရသည်။ ထိုသို့ ၂ဝ၁၃ ခုနှစ်အတွင်း
မလေးရှားတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကြောင့် မြန်မာအလုပ်သမား
အများအပြား နေရပ်သို့ အသီးသီး ပြန်လည်ရောက်ရှိလာခဲ့သည်။
ယခုကဲ့သို့
မလေးရှားတွင် အကြမ်းဖက်မှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း
လက်ရှိအချိန်အထိ မလေးရှားသို့ မြန်မာနိုင်ငံသားများ အများအပြား တရားဝင်၊
တရားမဝင် နည်းလမ်းမျိုးစုံဖြင့် သွားရောက်လုပ်ကိုင်မှု
များပြားနေဆဲဖြစ်သည်ဟု ပြည်ပအလုပ်အကိုင် အေဂျင်စီများထံမှ
စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၃ ခုနှစ်မစ၍
စင်ကာပူသို့ အိမ်အကူအမျိုးသမီးများကို စေလွှတ်ခဲ့ပြီး စင်ကာပူနိုင်ငံရှိ
မြန်မာအမျိုးသမီး အိမ်အကူ အရေအတွက်သည် သုံးသောင်းခန့်ရှိသည်ဟု သိရသည်။
စင်ကာပူနိုင်ငံကို မြန်မာနိုင်ငံမှ အလည်ပတ်ဗီဇာများဖြင့် အများဆုံး
တရားမဝင် သွားရောက်လုပ်ကိုင်လေ့ ရှိကြသည်။ အများစုသည် အထွေထွေ
လုပ်သမားများနှင့် အိမ်အကူများ အများစုဖြစ်သည်။
စင်ကာပူနိုင်ငံရှိ
အိမ်အကူခန့်ထားရေး အေဂျင်စီများသည် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့်
မြန်မာတို့မှ အိမ်အကူများကို စင်ကာပူရှိ ဈေးဝယ်ကုန်တိုက် ပြခန်းများတွင်
ရောင်းကုန်ပစ္စည်းသဖွယ် ပြသရောင်းချနေသည်ဟု ၂ဝ၁၄ ခုနှစ် ဇူလိုင်လအတွင်းက
အယ်လ်ဂျာဇီးရား သတင်းဌာနက ဖော်ပြခဲ့သည်။
ယင်းအပြင် ပြီးခဲ့သည့်
မတ်လကအတွင်းကလည်း စင်ကာပူနိုင်ငံတွင် မြန်မာအမျိုးသမီး အိမ်အကူတစ်ဦးဟု
ယူဆရသူတစ်ဦး သေဆုံးလျက်ရှိသည်ကို တွေ့ရှိခဲ့ရသည်။ လက်ရှိတွင် ပြည်ပရောက်
အိမ်အကူ အမျိုးသမီးများကို အိမ်ရှင်များမှ အကြမ်းဖက်မှုများ
ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး မကြာသေးမီကလည်း ဟောင်ကောင်ရှိ အင်ဒိုနီးရှား
အိမ်ကူတစ်ဦးကို အိမ်ရှင်လင်မယားက ညှဉ်းပန်းနှိပ်စက်မှုကြောင့်
အင်ဒိုနီးရှားက ၎င်း၏ အိမ်ကူတင်ပို့မှုကို ရပ်ဆိုင်းတော့မည်ဟု
ကြေညာခဲ့ပြီးနောက် ဟောင်ကောင်သည် မြန်မာအမျိုးသမီး အိမ်အကူများအတွက်
ဈေးကွက်တစ်ခု ဖြစ်လာခဲ့သည်။
မြန်မာအစိုးရမှ ဟောင်ကောင်သို့ အိမ်အကူ
စေလွှတ်ခွင့်ကို ခွင့်ပြုပေးခဲ့ပြီး မြန်မာအိမ်ကူ အများအပြားကို
ဟောင်ကောင်သို့ အလုပ်လုပ်ကိုင်ရန် တင်ပိုခဲ့သည်ဟု သိရသည်။ ထိုသို့
ဟောင်ကောင်ကို အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်ခဲ့သည့် မြန်မာအိမ်အကူ
အမျိုးသမီးများထဲတွင် ၁ဝ တန်းအောင်၊ ဘွဲ့ရမှ စာတမ်းပြုစုနေသူများအထိ ပညာတတ်
အမျိုးသမီးများ ပါဝင်ခဲ့သည်ဟုလည်း သိရသည်။
လက်ရှိတွင်
ယင်းဖြစ်ရပ်များကြောင့် ဟောင်ကောင်နှင့် စင်ကာပူသို့ အိမ်အကူ စေလွှတ်မှုကို
ယာယီရပ်ဆိုင်းထားပြီး သက်ဆိုင်ရာ နိုင်ငံတို့ရှိ အေဂျင်စီများနှင့် MoU
ရေးထိုးပြီးမှသာ အိမ်အကူများ ပြန်လည်စေလွှတ်သွားမည်ဟု အလုပ်သမားဝန်ကြီးဌာနက
ပြောဆိုခဲ့သည်။ သို့ရာတွင် ယခုလက်ရှိအချိန်တွင် စင်ကာပူသို့
အလည်အပတ်ဗီဇာဖြင့် အိမ်အကူအဖြစ် တရားမဝင် သွားရောက်မှုများ ရှိလာခဲ့သည်ဟု
သိရသည်။
“အခု မလေးရှားကိုသွားမယ့် အလုပ်သမားတွေကို
အကြိုသင်တန်းပေးနေတယ်။ သုံးရက်ကို အလုပ်သမား ၄၅ဝ နှုန်းနဲ့ပေါ့။
မလေးရှားသွားရောက် အလုပ်လုပ်ကိုင်တာဟာ တစ်လအတွင်းမှာပဲ အလုပ်သမားဦးရေ
လေးထောင်လောက်ရှိတယ်။ ထိုင်းမှာဆိုရင်တော့ ဒီထက်ပိုများတယ်။ ထိုင်းကို
တရားဝင်သွားရောက် အလုပ်လုပ်ကိုင်တာ တစ်လကို အလုပ်သမားဦးရေ
ငါးထောင်ကျော်ရှိပါတယ်” ဟု ပြည်ပအလုပ်အကိုင် အေဂျင်စီအဖွဲ့ချုပ်မှ
ဥက္ကဋ္ဌဦးမင်းလှိုင်က ဆိုသည်။
မြန်မာနှင့် အိမ်နီးချင်းဖြစ်သည့်
ထိုင်းနိုင်ငံသည် မြန်မာအလုပ်သမား သွားရောက်လုပ်ကိုင်မှု အများဆုံးဖြစ်သည်။
ထိုင်းနိုင်ငံ တစ်ခုတည်းတွင်ပင် မြန်မာအလုပ်သမား စုစုပေါင်း
လေးသန်းခန့်ရှိမည်ဟု ခန့်မှန်းထားကြသည်။
ယဉ်ကျေးမှု၊ ကိုးကွယ်မှုဘာသာ
အနီးစပ်ဆုံးတူသည့် ထိုင်းနိုင်ငံသည် မြန်မာအလုပ်သမားများအတွက်
ပညာအရည်အချင်း မလိုအပ်သည့် အထွေထွေလုပ်သားများကို ခေါ်ယူခြင်းဖြစ်သည့်အတွက်
သွားရောက်လုပ်ကိုင်မှု အများဆုံးဖြစ်သည်ကို တွေ့ရသည်။
မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်း၊
စက်ရုံအလုပ်ရုံလုပ်ငန်းနှင့် အခြားအိမ်တွင်းမှု လုပ်ငန်းများတွင် အများဆုံး
အလုပ်လုပ်ကိုင်လျက် ရှိသည်။
“အစိုးရအနေနဲ့
ကိုယ့်နိုင်ငံတွင်းမှာဖြစ်နေတဲ့ အလုပ်လက်မဲ့ ပြဿနာကို အရင်ဆုံးဖြေရှင်းဖို့
လိုအပ်နေတယ်။ ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးတာတွေ၊ လုပ်ခလစာ
နည်းပါးတာတွေကြောင့် ကိုယ့်နိုင်ငံသားတွေက ပြည်ပကို
ပြောင်းရွှေ့အလုပ်လုပ်ကိုင်နေကြတယ်။ ပြည်ပမှာ အလုပ်သမား အခွင့်အရေးတွေနဲ့
ပတ်သက်ပြီး ပြဿ နာတွေ အများအပြား ရှိနေပေမယ့် အခုအချိန်အထိ
ပြည်ပနိုင်ငံတွေကို သွားရောက်လုပ်ကိုင်နေကြတုန်းပဲ။ အစိုးရအနေနဲ့ ဒီပြဿနာ
တွေကို ဖြေရှင်းဖို့အတွက် ကိုယ့်နိုင်ငံတွင်းမှာ တည်ငြိမ်တဲ့
အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ လိုအပ်တယ်” ဟု ပြည်ပရောက် အလုပ်သမားအရေး
ဆောင်ရွက်နေသူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ
အလုပ်သမားရေးရာတာဝန်ခံ မမာမာဦးက ပြောကြားသည်။
ထိုင်းနိုင်ငံရောက်
မြန်မာအလုပ်သမားများသည် လူသတ်မှု၊ ပစ္စည်းခိုးမှုများတွင် မကြာခဏ
စွပ်စွဲဖမ်းဆီးခံရခြင်း၊ ရှေ့နေငှားရမ်းခွင့်နှင့် စကားပြန်မပါဘဲ
တရားစီရင်ခံရခြင်း၊ ထိုင်းအစိုးရက သတ်မှတ်ထားသည့် တစ်နေ့လုပ်အားခ ဘတ် ၃ဝဝ
အပြည့်အဝ မရရှိခြင်း၊ လုပ်ငန်းခွင် ထိခိုက်သေဆုံးပါက လျော်ကြေးမရရှိခြင်း၊
ရွှေ့ပြောင်းအလုပ်သမားများအပေါ် သတ်ဖြတ်ခြင်း၊ လုယက်ခြင်း၊ ထိုင်းနိုင်ငံ
အလုပ်သမားကာကွယ်စောင့်ရှောက်ရေး ဥပဒေပါ နားရက်များ မရရှိခြင်း၊
လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှု မရှိခြင်းတို့ကို ကြုံတွေ့နေရသည်ဟု သိရသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့်
ယင်းအဖြစ်အပျက်များကို ကြုံတွေ့နေရသည်မှာ နှစ်ပေါင်း ၂ဝ ကျော်
ကြာမြင့်ပြီဖြစ်သော်လည်း ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့၏
လျစ်လျူရှုခြင်းကို ခံနေရကြောင်း အောက်တိုဘာ ၈ ရက်တွင်
ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်မှ
ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် မေလကလည်း
ထိုင်းနိုင်ငံတွင် အိမ်ဖော်အဖြစ် အလုပ်လုပ်ကိုင်နေသည့် အသက်(၁၂)အရွယ်
ကရင်မိန်းကလေးငယ်တစ်ဦးကို ထိုင်းအလုပ်ရှင် လင်မယားမှ
ခွေးလှောင်အိမ်တွင်ထည့်ကာ ရေနွေးပူဖြင့်ပက်ခြင်း၊ နားရွက်ဖြတ်ခြင်းနှင့်
ဒဏ်ရာများကို ဆေးမကုပေးဘဲ ဆားရည်ဖြင့်ပက်ခြင်း စသဖြင့် ညှဉ်းပန်းနှိပ်စက်မှု
ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ ကျူးလွန်သူ အလုပ်ရှင်လင်မယားနှစ်ဦးမှာ
ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး ယင်းအမှုနှင့် စပ်လျဉ်း၍ မြန်မာအစိုးရက
ထိုင်းဘက်ကို ဖိအားပေးတောင်းဆိုမှုများ ရှိခဲ့သော်လည်း ကျူးလွန်သူနှစ်ဦးကို
မည်သို့ အရေးယူခဲ့သည်ကို ကြားသိရခြင်း မရှိခဲ့ပေ။
ထို့ပြင်
ထိုင်းနိုင်ငံတွင် မေ ၂၂ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် အပြောင်းအလဲတစ်ရပ်
အနေဖြင့် ဇွန် ၃ ရက်တွင် မဲဆောက်ရှိ တရားမဝင် မြန်မာအလုပ်သမားများကို
ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ မဲဆောက်သည် တရားမဝင် မြန်မာအလုပ်သမား
အများဆုံးရှိရာ ဒေသဖြစ်သည်။ ထိုင်းစစ်တပ်က မဲဆောက်ရှိ တရားမဝင်
မြန်မာအလုပ်သမားများကို စတင်ဖမ်းဆီးခဲ့ရာ ကနဦးတွင် မြန်မာအလုပ်သမား ၁၆၃
ဦးကို ဖမ်းဆီးရမိခဲ့သည်။ ယင်းနောက် ထိုင်းအစိုးရ ဖမ်းဆီးရမိသည့်
အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို မြန်မာ-ထိုင်းနယ်စပ်
ချစ်ကြည်ရေးတံတားများမှတစ်ဆင့် နေရပ်သို့ပြန်ပို့မှုများ ပြုလုပ်ခဲ့သည်။
ဖမ်းဆီးစဉ် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူများ၊ မူးယစ်ဆေးဝါး
သုံးစွဲထားသူများ၊ နှစ်လုံးသုံးလုံး ဘောင်ချာတွေ့ရှိသူများကို
ဖမ်းဆီးထောင်ချသည်မှလွဲ၍ ကျန်အထောက်အထားမဲ့ မြန်မာအလုပ်သမာများကို
နေရပ်ပြန်ပို့ခဲ့သည်။ အလုပ်သမားများကို ဖမ်းဆီးမှုကြောင့် ထိုင်းနိုင်ငံရှိ
ကမ္ဘောဒီးယားအလုပ်သမား သိန်းနှင့်ချီ၍ အလုပ်ကိုစွန့်ခွာကာ နေရပ်သို့
ပြောင်းရွှေ့ခဲ့ရသည်။
ယခု လတ်တလောပင် စက်တင်ဘာလက
ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီမြို့အတွင်းရှိ လိပ်ကျွန်းခေါ်
ခိုတောင်ကျွန်းတွင် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ အသတ်ခံရသူသည်
အဆိုပါကျွန်းသို့ လာရောက်လည်ပတ်သည့် ဗြိတိန်နိုင်ငံသား မီလာ(၂၄) နှစ်နှင့်
ဟန်နာဝှသာရစ်(၂၃) နှစ်တို့ ဖြစ်ကြသည်။
ထိုင်းရဲတပ်ဖွဲ့သည်
ယင်းအမှုအတွက် နှစ်ပတ်ကြာသော်လည်း တရားခံကို ဖော်ထုတ်နိုင်ခြင်း
မရှိခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုင်းနိုင်ငံသည်
စစ်တပ်အာဏာသိမ်းပြီးနောက် လူကုန်ကူးမှုများ၊ လူ့အခွင့်ရေး
ချိုးဖောက်မှုများဖြင့် နိုင်ငံတကာ၏ ဝေဖန်မှုများကိုလည်း ခံနေရသည့်
အချိန်ဖြစ်သည်။ တစ်ဖက်တွင်လည်း ခရီးသွားလုပ်ငန်းကို မီခိုအားထားနေရသည်
ထိုင်းနိုင်ငံသည် ယင်းအမှုကြောင့် ခရီးသွားဝင်ရောက်မှု ကျဆင်းကာ
ခရီးသွားလုပ်ငန်း ထိခိုက်မည်ကို အကြီးအကျယ် စိုးရိမ်နေခဲ့သည်။
ယင်းနောက်တွင်တော့ ထိုင်းရဲတပ်ဖွဲ့သည် ဗြိတိန်နိုင်ငံသားနှစ်ဦး
သေဆုံးမှုနှင့် စပ်လျဉ်း၍ သံသယရှိသည်ဟုဆိုကာ မြန်မာအလုပ်သမားသုံးဦးကို
ဖမ်းဆီးခဲ့ပြီး အမျိုးသမီး၏ ကိုယ်ခန္ဓာပေါ်တွင် တွေ့ရှိခဲ့သည့် ဒီအန်အေသည်
မြန်မာအလုပ်သမားနှစ်ဦးဖြစ်သည့် မောင်ဝင်းနှင့် မောင်စောတို့၏ ဒီအန်အေနှင့်
ကိုက်ညီမှုရှိသည်ဟု ထုတ်ပြန်ခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့၏ ပြောကြားချက်များအရ
မြန်မာအလုပ်သမားသုံးဦးသည် အမျိုးသမီးဖြစ်သူ ဟန်နာဝှစ်သာရစ်ကို
အဓမ္မကျင့်ရန်အတွက် မီလာကို အရင်ဆုံးသတ်ခဲ့ခြင်းပြီး ယင်းနောက်တွင်တော့
ဟန်နာဝှစ်သာရစ်ကို သတ်ဖြတ်ခဲ့သည်ဟု ပြောဆိုထားသည်။
ယခုလက်ရှိတွင်
မြန်မာအလုပ်သမားနှစ်ဦးဖြစ်သည့် မောင်ဝင်း (၂၁) နှစ်၊ မောင်စော (၂၁)
နှစ်တို့သည် အမှုကို ကျူးလွန်ခဲ့သည်ဟု ဝန်ခံသည်ဟု ထိုင်းရဲတပ်ဖွဲ့က
ပြည်တွင်းပြည်ပ မီဒီယာများသို့ ပြောဆိုခဲ့သည်။ အခင်းဖြစ်ပွားခဲ့သည့်
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီအတွင်းရှိ ခိုထောင်ကျွန်းခေါ်
လိပ်ကျွန်းတွင် အလားတူ လူသတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။
မြန်မာအလုပ်သမားများမှာမူ ယင်းအပန်း ဖြေကျွန်းရှိ စားသောက်ဆိုင်များနှင့်
ဟိုတယ်များတွင် အလုပ်လုပ်ကိုင် နေကြသည်ဟု သိရသည်။
ယင်းအမှုနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား
အခွင့်ရေးကွန်ရက်မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုစိန်ဌေးကလည်း
“ကျွန်တော်ကိုယ်တိုင်လည်း ဒီကျွန်းမှာ အရင်တုန်းက အလုပ်လုပ်ဖူးတယ်။
ကျွန်တော်အဲ့ဒီမှာ အလုပ်လုပ်နေတုန်းကဆိုရင် ဟိုတယ်မှာတည်းတဲ့ ကမ္ဘာ့လှည့်
ခရီးသွားနှစ်ဦးရဲ့ပစ္စည်း ပျောက်လို့ဆိုပြီး အလုပ်လုပ်နေတဲ့
ရွှေ့ပြောင်းအလုပ်သမားရှစ်ဦးကို စွပ်စွပ်ခဲ့ဖူးတယ်။ နောက်ပိုင်းမှာ ဒီဟာကို
အခြားအဖွဲ့အစည်းတစ်ခုက လုပ်ခဲ့တယ်ဆိုတာကို သိခဲ့ရတယ်။ ထိုင်းမှာ
ရာဇဝတ်မှုတစ်ခု ဖြစ်ပြီဆိုရင် အရင်ဆုံး သံသယရှိခံရတာ၊ စစ်လားမေးလား
လုပ်ခံရတာက မြန်မာအလုပ်သမားတွေပါပဲ” ဟု ဆိုသည်။
သို့ရာတွင်
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ လူသတ်တရားခံများသည် မြန်မာရွှေ့ပြောင်း
အလုပ်သမားများ ဖြစ်နေမှုအပေါ် ဗြိတိန်အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်
အဖွဲ့အစည်းများက ယုံကြည်မှုမရှိဘဲ အမှုနှင့်ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့၏
ကိုင်တွယ်မှုများကို သင်္ကာမကင်း ဖြစ်ခဲ့ကြသည်။
ခိုထောင်ကျွန်းလူသတ်မှုအပေါ် ထိုင်းရဲတပ်ဖွဲ့၏ ကိုင်တွယ်ဆောင်ရွက်မှုများသည်
သံသယရှိစရာကောင်းကြောင်း၊ အမှုသည် တစ်ဖက်သတ်ဖြစ်နေပြီး
မြန်မာအလုပ်သမားများအတွက် မျှတမှုမရှိကြောင်း မြန်မာပြည်တွင်းရှိ အရပ်ဘက်
အဖွဲ့အစည်းများက ဝေဖန်ခဲ့ကြသည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍
ထိုင်းရဲတပ်ဖွဲ့အနေဖြင့် တိတိကျကျ စုံစမ်းစစ်ဆေးမှုများ ပြန်လည်ပြုလုပ်ရန်
အဖွဲ့အစည်းအချို့က တောင်းဆိုထားသည်။
မြန်မာအလုပ်သမားများအနေဖြင့်
ပြည်ပနိုင်ငံများတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရခြင်း၊
ခေါင်းပုံဖြတ်ခံရခြင်း၊ လူကုန်ကူးခံရခြင်းစသည့် ပြဿနာများ ရှိနေသော်လည်း
ပြည်ပနိုင်ငံများသို့ တရားဝင် (သို့မဟုတ်) တရားမဝင် နည်းလမ်းများဖြင့်
သွားရောက်လုပ်ကိုင်မှု များပြားနေဆဲဖြစ်သည်။
“တကယ်တော့
မြန်မာအလုပ်သမားတွေ ကြုံတွေ့နေရတာက ပြည်တွင်းမှာလည်း ဒီပြဿနာ ပဲ။
ပြည်ပကိုသွားတော့လည်း ဒီပြဿနာပဲ။ အခုဖြစ်နေတဲ့ မာစတာစပေါ့စ် ပြဿနာကိုပဲ
ကြည့်မယ်ဆိုရင် အစိုးရအနေနဲ့ ကိုယ့်နိုင်ငံကို လာရောက်မြှုပ်နှံတဲ့
နိုင်ငံခြားသားတစ်ယောက် ဥပဒေချိုးဖောက်သွားတာကို အရေးမယူနိုင်ခဲ့တာကို
တွေ့ရတယ်။ ပြည်ပရောက် မြန်မာအလုပ်သမားတွေနဲ့ ပတ်သတ်ပြီး
ကာကွယ်စောင့်ရှောက်ရေးဥပဒေ ရေးဆွဲဖို့ လွှတ်တော်မှာတင်ပြတာကို
အလုပ်သမားဝန်ကြီးက မလိုအပ်ဘူးလို့ ပြောခဲ့တာကို ကျွန်မတို့ လက်မခံနိုင်ဘူး၊
ရှုတ်ချတယ်” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ
အလုပ်သမားရေးရာတာဝန်ခံ မမာမာဦးက ပြောကြားသည်။
မြန်မာအစိုးရသည်
ဝေဖန်မှုများစွာ ရှိနေသည့် ခိုထောင်ကျွန်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ အမှန်တရား
ပေါ်ပေါက်ရေးအတွက် ထိုင်းအစိုးကို နည်းမျိုးစုံဖြင့် ဖိအားပေးတောင်းဆို၍
ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်နေပြီဖြစ်ပြီး ပြည်ပရောက်နေသည့်
မြန်မာနိုင်ငံသား မြန်မာအလုပ်သမားများကိုလည်း ဥပဒေကြောင်းအရ စနစ်တကျ
ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ပေးရန် အထူးလိုအပ်နေပြီဖြစ်သည်။
Credit - Eleven Media Group
No comments:
Post a Comment