Sunday, October 12, 2014

မြန်မာရဲတွေ သိတာ ဘာရှိလဲ ...နဲ့ ၅လောင်းပြိုင်

ရန်ကုန်မြို့ စိမ်းလဲ့ကန်သာလမ်းမှာ ဖြစ်ပွားခဲ့တဲ့ ၅လောင်းပြိုင်လူသတ်မှု ၆နှစ်ကျော်လာပေမယ့် အခုထိ ဘယ်သူဘယ်ဝါရဲ့လက်ချက်ဖြစ်တယ်ဆိုတာ မြန်မာရဲတပ်ဖွဲ့က မသိသေးပါဘူး။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ CID က လွှဲပြောင်းယူနေတဲ့ ဒီမှု ဘာဖြစ်လို့ အခုထိ အဖြေမထွက်သေးတာလဲ။
မြန်မာနိုင်ငံမှာ ၂ဝဝ၈ ခုနှစ် မိုးကုတ်သူဌေး ဦးမြမောင်ရဲ့မိသားစုဝင်တွေ သတ်ဖြတ်ခံရတဲ့ ၅လောင်းပြိုင်အမှု လူသတ်တရားခံတွေ ထွက်ပြေးနေသလား၊ မပြေးဘူးလားဆိုတာတောင် မသိပါဘူးလို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီး မြင့်ထွေးက အောက်တိုဘာ ၁၁ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

တရားခံပြေးပေါင်း တစ်သောင်းကျော်ရှိနေတဲ့ မြန်မာပြည်မှာ တရားခံပြေးတွေ ထွက်ပြေးလွတ်မြောက်နေရတဲ့ အဓိကအကြောင်းရင်းမှာ သူတို့ဟာ ရွှေ့ပြောင်းနေထိုင်သူတွေဖြစ်လို့ ဖမ်းဆီးရတာ ခက်ခဲပြီး အခုတော့ ပြည်နယ်တိုင်း ရဲတပ်ဖွဲ့ဝင်တွေ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သူက ဆိုပါတယ်။
တရားခံပြေး ဖမ်းဆီးမှု စီမံချက်အရ စက်တင်ဘာ ၁ရက်နေ့ကနေ ဒီကနေ့အထိ တရားခံပြေး ၆ဝဝ ကျော်ကို ဖမ်းဆီးရမိထားသလို ရန်ကုန်အရှေ့ပိုင်းခရိုင်နဲ့ တောင်ဥက္ကလာမြို့နယ်မှာ တရားခံပြေးတွေ အများဆုံးပဲလို့ ဆိုပါတယ်။ ရန်ကုန်တိုင်းထဲ မူးယစ်ဆေးဝါးတွေ ဝင်ရောက်နေတဲ့ကိစ္စ မငြင်းပေမယ့်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ သုံးစွဲမှုဟာ ကွမ်းယာဆိုင်တွေအထိ ပေါ်ပေါ်တင်တင် လုပ်ရဲလောက်တဲ့ အနေအထားမရှိပါဘူးလို့ ဒုရဲမှူးကြီး မြင့်ထွေးက ပြောပါတယ်။ ရဲတွေကိုယ်တိုင် ပါဝင်ပတ်သက်နေရင်လည်း သတင်းအခိုင်အမာရရင် အရေးယူပါမယ်၊ ဒုစရိုက်မှုတွေမှာ ကျူးလွန်သူနဲ့ ရဲ ပူးပေါင်းတာမျိုး ခွင့်ပြုမထားပါဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ ပြည်သူဗဟိုပြုတဲ့ ရဲလုပ်ငန်းပြန့်ပွားဖို့ ဥရောပသမဂ္ဂက သင်တန်းပေးလာတာ ၁၂ကြိမ်ရှိသွားပြီး ဒီ ပြည်သူဗဟိုပြုတဲ့ လုပ်ငန်းပြန့်ပွားဖို့ အစွမ်းကုန်လုပ်သွားမယ်လို့ ဒုရဲမှူး ပြည့်စုံက ဆိုပါတယ်။

Credit - Kamayut Media

No comments:

Post a Comment