Monday, October 20, 2014

နိုင်ငံခြားကုမ္ပဏီများ အခွန်ရှောင်မှု မရှိစေရေး ထိန်းချုပ်ရန် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ ကြိုးပမ်းနေ

မြန်မာနိုင်ငံအတွင်း ၀င်ရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားကုမ္ပဏီများ အခွန်ရှောင်မှု မရှိစေရေး ထိန်းချုပ်ရန် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ ကြိုးပမ်းနေ
နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကုမ္ပဏီများထံမှ အခွန်အပြည့်အ၀ရရှိရန် လုပ်ဆောင်နေပြီး မြန်မာနိုင်ငံအတွင်း ၀င်ရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားကုမ္ပဏီများ အခွန်တိမ်းရှောင်မှု မရှိစေရေး ထိန်းချုပ်နိုင်ရန် လုပ်ဆောင်နေကြောင်း အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ဥက္ကဋ္ဌ သူရဦးသောင်းလွင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားကုမ္ပဏီများ ၀င်ရောက်လုပ်ကိုင်နေသည့် နိုင်ငံပေါင်း ၃၆ နိုင်ငံခန့် ရှိနေပြီး တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ စင်ကာပူ၊ ဂျပန် စသည့်နိုင်ငံများဖြစ်ကာ တရုတ်နိုင်ငံရှိ ကုမ္ပဏီများမှ လုပ်ငန်းကဏ္ဍအများဆုံးနှင့် ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်ထားသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း ၀င်ရောက်မြှုပ်နှံသည့် နိုင်ငံခြားကုမ္ပဏီပေါင်း ၃၀၀၀ ကျော်ရှိနေပြီး မြန်မာနိုင်ငံရှိ ကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်သည့် နိုင်ငံခြားကုမ္ပဏီ စုစုပေါင်းမှာ လုပ်ငန်းပေါင်း ၇၀ ခန့်ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အခွန်ငွေမှ ဂျီဒီပီတွင် ပါဝင်မှုနှုန်းမှာ အာဆီယံနိုင်ငံများတွင် အနိမ့်ဆုံးဖြစ်နေပြီး လက်ရှိတွင် ခြောက်ရာခိုင်နှုန်းခန့်သာ ရရှိနေကြောင်း သိရသည်။
အစိုးရသစ်လက်ထက် ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် အခွန်အရပ်ရပ် ကောက်ခံရရှိမှုတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလျံ ၁၅၃၈ ဒသမ ၇၆၆ ဘီလျံ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ကျပ်ဘီလျံ ၂၇၁၀ ဒသမ ၉၀၆ ဘီလျံနှင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ကျပ် ၃၅၁၂ ဘီလီယံကျော် ရရှိခဲ့ပြီး နှစ်အလိုက် တိုးမြှင့်ကောက်ခံ ရရှိခဲ့သည်။
အဆိုပါ ရရှိမှုနှုန်းအနက် ပြည်နယ်နှင့်တိုင်းဒေသကြီး အပါအ၀င် ကုမ္ပဏီများထံမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် အခွန်ရရှိမှု ရာခိုင်နှုန်းမှာ ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးမှ ကောက်ခံရရှိမှုနှုန်းမှာ စုစုပေါင်း အခွန်ရရှိမှု၏ ၄၅ ဒသမ ၆ ရာခိုင်နှုန်း၊ နေပြည်တော်ရှိ ဌာနဆိုင်ရာများမှ အခွန်ကောက်ခံရရှိမှုမှာ စုစုပေါင်း အခွန်ရရှိမှု၏ ၂၅ ရာခိုင်နှုန်းနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် အခွန်ကောက်ခံရရှိမှုမှာ ရာခိုင်နှုန်း ၂၀ အထိရှိနေပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများ အားလုံးပေါင်းမှသာ ၁၀ ရာခိုင်နှုန်းသာ ရရှိကြောင်း သူရဦးသောင်းလွင်က ဆက်လက်ပြောကြားသည်။
“အခု ကျွန်တော်တို့ အခွန်ကို အာရုံစိုက်ပြီး လုပ်နေတာက ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးကနေ အခွန်အပြည့်အ၀ရဖို့၊ နေပြည်တော်မှာ အပြည့်အ၀ရဖို့၊ ရန်ကုန်တိုင်းမှာ အပြည့်အ၀ရဖို့၊ အထူးအားဖြင့် နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပတ်သက်ပြီး တခြားနိုင်ငံတွေမှာ တချို့ကုမ္ပဏီတွေက အခွန်ရှောင်တယ်။ အများကတော့ အခွန်ဆောင်တယ်။ သို့သော်လည်း အခွန်ရှောင်တာတွေ ရှိပါတယ်။ အဲဒီအခွန်ရှောင်တာတွေကို ဘယ်လိုလုပ်ထိန်းထားနိုင်မလဲ ဆိုတာတွေ ကျွန်တော်တို့ ဖတ်ပါတယ်။ စာရင်းစစ်အဖွဲ့တွေ ခေါ်ပါတယ်။ သူတို့က မှန်မှန်ကန်ကန် လုပ်ပေးလို့ အခွန်ရရှိမှု တက်လာပါတယ်” ဟု သူရဦးသောင်းလွင်က ပြောကြားသည်။
ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးက ကုမ္ပဏီများထံမှ အခွန်ကောက်ခံရရှိမှုမှာ စုစုပေါင်း အခွန်ကောက်ခံရရှိမှု၏ ရာခိုင်နှုန်း ၅၀ ခန့် ရှိနေသည်ဆိုသော်လည်း မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီပေါင်း ၃၉၀၀၀ ခန့်အနက် အမှန်တကယ် အခွန်ထမ်းဆောင်သည့် ကုမ္ပဏီစုစုပေါင်းမှာ ၁၅၀၀၀ ခန့်သာရှိနေကြောင်း သိရသည်။

Credit - Eleven Media Group

No comments:

Post a Comment