Wednesday, October 22, 2014

တပ်မ ၇၇ လက်အောက်ခံ ခမရ ၁၀၆ နဲ့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာမှာ အစိုးရစစ်တပ် တပ်မ ၇၇ လက်အောက်ခံ ခမရ ၁၀၆ နဲ့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က ဒုတိယပြန်ကြားရေးဌာနမှူး ဗိုလ်ကြီး တာပန်လက အခုလို ပြောပါတယ်။


"အစိုးရထိုးစစ်တွေက ပြန်ရုပ်သိမ်းမသွားသေးဘူးခင်ဗျ၊ မရုပ်သိမ်းတဲ့အပြင် ရှိနေပြီးသား တပ်ရင်းတပ်ဖွဲ့တွေ ပြန်ပြီးထိုးစစ်ဆင်နေတယ်၊ ပထမပတ် ၄ ရက်နေ့မှာဆိုရင် အင်အား ၄ဝဝ ကျော် ထပ်ပို့ထားတယ်၊ မနေ့က ၂ဝ ရက်မှာပဲ ကားအစီးပေါင်း ၆ဝ ကျော် အင်အားတွေထပ်ဖြည့်ထားတယ်၊ ကျနော်တို့ လှုပ်ရှားနေတဲ့ဒေသမှာ စစ်သားတွေလိုက်ပြီးတော့ အနှောင့်အယှက်ပေးနေလို့ တိုက်ပွဲတွေက မကြာခဏဖြစ်ပွားနေရတာပါ"

လက်နက်ကြီး ပေါက်ကွဲသံတွေ ကြားနေရတာကြောင့် ရွာသားတွေဟာ ဒီနေ့ အပြင်မသွားရဲကြဘူးလို့ နမ့်ဆန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးမိုင်ရဲကျော်သူက ပြောပါတယ်။

"နမ့်ခေးရွာနားတဝိုက်မှာပဲ၊ ရွာသားတွေ အလုပ်အကိုင် မသွားသေးခင်မှာ ဖြစ်တဲ့အတွက် ဘာမှတော့မဖြစ်ဘူး၊ လက်နက်ကြီးသံတွေလည်း ကြားနေရတော့ ရွာသားတွေ အိမ်ထဲမှာပဲနေနေရတယ်၊ ဘယ်မှမသွားရဲဘူး"

အခုလ ၁ရက်နေ့ကစပြီး ရှမ်းပြည်မြောက်ပိုင်းမှာ အစိုးရစစ်တပ်နဲ့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။


Credit - RFA Burmese


 

No comments:

Post a Comment