ပြည်ပရေထွက်ကုန်တင်ပို့မှု
ကျဆင်းလျက်ရှိပြီး အောက်တိုဘာ ၁၀ ရက်အထိ ဒေါ်လာ ၂၀၁ သန်းကျော်ရရှိထားကာ
ယခင်နှစ်ကာလတူထက် ဒေါ်လာ ၈၆ သန်းကျော်လျော့နည်း
ပြည်ပသို့ရေထွက်ကုန်တင်ပို့မှုမှ ၀င်ငွေကျဆင်းလျက်ရှိပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၀ ရက်အထိ ဒေါ်လာ ၂၀၁ သန်းကျော်ရရှိထားပြီး ယခင်ဘဏ္ဍာရေးနှစ် ကာလတူတင်ပို့မှုရငွေနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၈၆ သန်း ကျော်လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုမှ စုစုပေါင်းဒေါ်လာ ၂၈၈ သန်းကျော်ရရှိထားခြင်းကြောင့် ကာလတူတင်ပို့မှုဖြင့် နှိုင်းယှဉ်ပါက ၀င်ငွေလျော့နည်းနေခြင်းဖြစ်သည်။
ပြည်ပရေထွက်ကုန်တင်ပို့မှုမှ ၀င်ငွေကျဆင်းနေရခြင်း၏ အဓိကအကြောင်းရင်းများမှာ သဘာဝငါး၊ ပုစွန်သယံဇာတလျော့နည်းလာခြင်းကြောင့် ရေထွက်ကုန်ကြမ်းရှားပါးလာမှုအပြင် မွေးမြူမှုအပိုင်းတွင်လည်း သက်တမ်းတိုငါးမျိုးများကို ထုတ်လုပ်တင်ပို့နိုင်မှုအားနည်းနေခြင်းကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က The Daily Eleven သို့သုံးသပ်ပြောကြားသည်။
"သဘာဝကကုန်ကြမ်းရရှိမှုရှားလာတော့ မွေးမြူမှုအပိုင်းကအဓိကဖြစ်နေတယ်။ ဒီမှာလည်း သက်တမ်းတိုးငါးမျိုးတွေကို မွေးပြီးတင်ပို့နိုင်မှပဲ Export တက်နိုင်မယ်။ အခုမွေးပြီးပို့နေတာက သက်တမ်းရှည်မွေးပြီးပို့ရတဲ့ ငါးမျိုးတွေဖြစ်နေတယ်။ ပုစွန်လည်း ထိရောက်အောင်မမွေးနိုင်တော့ တင်ပို့မှုလျော့နည်းနေတယ်။ တီလားဗီးယားလို ခြောက်လနဲ့မွေးပြီး ပို့နိုင်တဲ့သက်တမ်းတိုငါးမျိုးတွေ မွေးပြီးပို့ဖို့လိုပါတယ်။ ငါးသလဲထိုး၊ ငါးရံ့လည်း အချိန်တိုအတွင်းမွေးနိုင်ပြီး ဈေးကောင်းရတော့ အခုရေထွက်ပို့ကုန်လုပ်ငန်းရှင်တချို့ ဒီသက်တမ်းတိုငါးမျိုးတွေကိုမွေးပြီး ပို့ဖို့လုပ်နေကြပါတယ်" ဟု ၎င်းကပြောကြားသည်။
လက်ရှိတွင် ပြည်ပသို့ ရေထွက်ကုန်တင်ပို့နေမှုအများဆုံးနိုင်ငံမှာ တရုတ်ဖြစ်ပြီး ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ သြစတြေးလျနှင့် ဆော်ဒီအာရေဗီးယားကဲ့သို့ အရှေ့အလယ်ပိုင်းနိုင်ငံများကိုလည်း တင်ပို့နေပြီး အမေရိကန်နှင့် EU နိုင်ငံများသို့လည်း တင်ပို့နေကြောင်း မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
ပြည်ပရေထွက်ပစ္စည်းတင်ပို့မှုတွင် ငါးမြစ်ချင်း၊ ငါးတန်၊ ငါးခေါင်းပွကဲ့သို့ ရေချိုငါးတင်ပို့မှုမှာ အများဆုံးဖြစ်ပြီး ရေငန်ငါး၊ ပုစွန်တင်ပို့မှုများလည်းရှိပြီး သဘာဝမှ ကုန်ကြမ်းရရှိမှုနည်းပါးသဖြင့် မွေးမြူရေးငါးကို အဓိကထားတင်ပို့နေရပြီး လက်ရှိတွင်ပြည်ပရေထွက်ပစ္စည်း တင်ပို့နိုင်မှုပမာဏမှာ ရေထွက်ကုန်ကြမ်းရှားပါးနေမှုကြောင့် တင်ပို့မှုကျဆင်းလျက်ရှိနေကြောင်း ရေထွက်ပစ္စည်း တင်ပို့သူများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင်လည်း ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရရှိရန်လျာထားသော်လည်း ဘဏ္ဍာရေးနှစ်ကုန်၌ ၀င်ငွေရရှိမှုမှာ အမေရိကန်ဒေါ်လာ သန်း ၅၃၀ ကျော်သာရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
Credit - Eleven Media Group

No comments:
Post a Comment