နေပြည်တော်၊ အောက်တိုဘာ၂၀
မြန်မာနိုင်ငံနှင့်
သင့်လျော်ရွေးကောက်ပွဲ စနစ်တစ်ခု လေ့လာသုံးသပ်ရန် ရည်ရွယ် ဖွဲ့စည်းထားသော
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေး ကော်မရှင်က
နိုင်သူအကုန်ယူ FPTP စနစ်နှင့် အချိုးကျ ကိုယ်စားပြု PR စနစ်နှစ်မျိုး
ပေါင်းထားသော ရွေးကောက်ပွဲစနစ် ကျင့်သုံးရန် ပြည်သူ့လွှတ်တော်သို့ အကြံပြု
တင်ပြထားကြောင်း အဆိုပါ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်မောင်ဦးက ပြောကြားသည်။
အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်
ကော်မရှင်က လေ့လာတွေ့ရှိ ထားသော ရွေးကောက်ပွဲစနစ် ရှစ်မျိုး
တင်သွင်းစဉ်တွင် ၎င်းကယင်းသို့ ပြောကြားသွားခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေး ကော်မရှင်က လွှတ်တော်သို့
လက်ရှိ အသုံးပြုလျက်ရှိသော FPTP စနစ်၊ အချိုးကျ ကိုယ်စားပြုစနစ် PR၊ FPTP
နှင့် PR ကို ပေါင်းစပ်ထားသောစနစ် (၁)၊ PR ကို ပေါင်းစပ်ထားသော စနစ်(၂)
စသည့် စနစ်များ ပါဝင်သော ရွေးကောက်ပွဲစနစ်ကို တင်ပြခဲ့ပြီး
မြန်မာနိုင်ငံနှင့် အသင့်လျော်ဆုံးမှာ FPTP နှင့် PR ကိုပေါင်းစပ်ထားသော
စနစ်များသာ ဖြစ်ကြောင်း ဦးတင်မောင်ဦးက ဆိုသည်။
FPTP နှင့် PR
ကိုပေါင်းစပ်ထားသော စနစ်နှစ်မျိုးကို ကျင့်သုံးရန် ရွေးချယ်ပါက နိုင်ငံရေး၊
လူမှုရေး၊ စီးပွားရေးနှင့် လူမှုရေးအတွက် ပိုမိုသင့်လျော်မည် ဖြစ်ပြီး
အခြေခံဥပဒေဆိုင်ရာ အချက်အလက်များနှင့် ကိုက်ညီမှု ရှိကြောင်း ၎င်းက ထပ်လောင်း
ပြောကြားသည်။
“နိုင်ငံတော်နဲ့ ကျွန်တော်တို့အတွက် အခွင့်အလမ်း
ပိုရမှာ ဖြစ်ပါတယ်” ဟု ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သူ
၎င်းကဆိုသည်။
အဆိုပါ FPTP နှင့် PR ကို ပေါင်းစပ်ထားသော
စနစ်နှစ်မျိုးကို ကျင့်သုံးမည် ဆိုပါက ယခုစနစ်အရ ပြည်နယ်များနှင့်
စစ်ကိုင်းတိုင်းဒေသကြီးရှိ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မဲဆန္ဒနယ်
သုံးခုတွင် FPTP စနစ်ကျင့်သုံး၍ ကျန်တိုင်းဒေသကြီးများတွင် FPTP နှင့် PR
ကို ပေါင်းစပ်ထားသော စနစ်ဖြင့် ကျင့်သုံးသွားရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
လက်ရှိ ကျင့်သုံးဆဲဖြစ်သော FPTP စနစ်သည် ရိုးစင်းလွယ်ကူပြီး အုပ်ချုပ်ရေး
မဏ္ဍိုင်ကို အားကောင်းစေသည့် အားသာချက်များ ရှိကြောင်း အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် NLD ပါတီက အဆိုပါ ကော်မရှင်ထံ အကြံပြု တင်ပြထားကြောင်း
ယင်းပါတီထံမှ သိရှိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင်
ရွေးကောက်ပွဲစနစ် တစ်ခုတည်းကိုသာ ကျင့်သုံးသင့်ကြောင်းကိုလည်း ယင်းပါတီက
အကြံပြုခဲ့သည်။ ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏
အကြံပြုချက်တွင် အချိုးကျ ကိုယ်စားပြုစနစ် ပါဝင်လာမှုသည် ညွန့်ပေါင်း
အစိုးရကို ဖြစ်စေသောကြောင့် လက်ရှိကျင့်သုံးနေသော FPTP ကိုသာ ဆက်လက်
ကျင့်သုံးသင့်သည်ဟု တင်ပြထားကြောင်း ဦးတင်မောင်ဦးက ဆိုသည်။
အချိုးကျ ကိုယ်စားပြုနှင့်ဆိုင်သော ရွေးကောက်ပွဲစနစ်ကို နေပြည်တော်ကောင်စီ
အပါအဝင် တိုင်းဒေသကြီး ခုနစ်ခုတွင် ကျင့်သုံးပါက တိုင်းရင်းသား လူမျိုးများ
ပေါင်းစည်း ပါဝင်နိုင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှတ်တော်
ကိုယ်စားလှယ် အချိုးကျ ပါဝင်လာမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီနှင့်
အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ အကြံပြုထားကြောင်း ကော်မရှင်ကိုယ်စား
၎င်းကလွှတ်တော်သို့ တင်ပြပြောဆိုသည်။
သင့်လျော်သော ရွေးကောက်ပွဲစနစ်
ကျင့်သုံးရေးအတွက် စနစ်သုံးမျိုးကို ကော်မရှင်မှ စက်တင်ဘာ၂၄ ရက်တွင်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြခဲ့သော်လည်း ရွေးချယ်မှု အားသာချက်ရှိရန်
ခုနစ်မျိုးထက် မနည်းသောစနစ်ကို ပြန်လည် တင်ပြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
သူရဦးရွှေမန်းက ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ကော်မရှင်မ
တင်ပြထားသော ရွေးကောက်ပွဲစနစ် ရှစ်မျိုးနှင့် ပတ်သက်၍ ဆွေးနွေးလိုသော
လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက ယနေ့ (အောက်တိုဘာ၂၁) ညနေ ၃ နာရီ
နောက်ဆုံးထား၍ အမည်စာရင်း ပေးသွင်းရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက
ကြေညာခဲ့သည်။
No comments:
Post a Comment