ရန်ကုန်၊ အောက်တိုဘာ ၁၉
တိုက်ပွဲများ ထပ်မံမဖြစ်ပွားရေးအတွက်
ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)
နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းတပ်မတော်မြောက်ပိုင်း (SSPP/SSA) တို့
တွေ့ဆုံ ဆွေးနွေးသော်လည်း သဘောတူညီချက် မရသေးကြောင်း SSPP/SSA
အထွေထွေအတွင်းရေးမှူး ဦးစပ်ခွန်စိုင်းက ပြောကြားသည်။
အဆိုပါ
တွေ့ဆုံမှုကို အောက်တိုဘာလ ၁၈ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း
လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တွင် ပြုလုပ်ခဲ့ခြင်း
ဖြစ်ပြီး အစိုးရဘက်က အဆိုပြုချက်လေးခု တင်ပြလာခြင်း ဖြစ်သော်လည်း SSPP/ SSA
က
ဗဟိုကော်မတီအတွင်း ပြန်လည်ဆွေးနွေးရမည် ဖြစ်သောကြောင့်
နှစ်ဖက်သဘောတူညီချက် မရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျွန်တော်တို့တွေက ဘာပဲလုပ်လုပ် အဖွဲ့အစည်းရဲ့ သဘောထားကို ရယူပြီးမှ
လုပ်ရတာပါ။ အဲဒါကြောင့် အစိုးရဘက်က တင်ပြလာတာတွေကို ဗဟိုကော်မတီထဲမှာ
ချပြဆွေးနွေးပြီး အားလုံးလက်ခံမှ အကြောင်းပြန်လို့ ရမှာပါ။ အဲဒါကြောင့်ပါ”
ဟု ၎င်းကဆိုသည်။
နယ်မြေအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး
ပူးပေါင်းညှိနှိုင်း ဖော်ဆောင်ရေးအဖွဲ့ ဖွဲ့ရေး၊ ဆက်ဆံရေးရုံး အဆင့်မြှင့်
တိုးချဲ့ဖွင့်လှစ်ရေး၊ ဆက်ဆံရေး ချထားခြင်းဖြင့် နှစ်ဖက်တပ်ပိုင်းဆိုင်ရာ
ဆွေးနွေးသွားရေးနှင့် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေး စသည့် အချက်လေးချက်ကို
အစိုးရဘက်မှ တင်ပြလာခြင်း ဖြစ်ကြောင်း၊ လတ်တလောတွင် တိုက်ပွဲများ
ထပ်မံမဖြစ်ပွားရေးအတွက် နှစ်ဖက်တပ်များ တွေ့ဆုံမှု မရှိစေရန် ပဏာမ
သဘောတူညီထားကြောင်း SSPP/SSA ထံမှ သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ
ဦးသိန်းဇော် အပါအဝင် နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး
သက်နိုင်ဝင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုး၊ စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်ချုပ်အောင်စိုး၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်ချုပ်ကိုကိုနိုင်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
ဗိုလ်မှူးကြီး ကျော်စိုးဝင်း၊ ရှမ်းပြည်နယ် လုံခြုံရေးနှင့်
နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်
ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေး
ဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး SSPP/SSA ဘက်မှ
ထိပ်ပိုင်းခေါင်းဆောင်အချို့ တက်ရောက်ခဲ့ကြောင်း SSPP/SSA ထံမှ သိရသည်။
အောက်တိုဘာ လပထမပတ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြို့နယ်
တာဖောင်ဆောင် တံတားအနီး အရှေ့အလယ်ပိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း
စစ်ဆင်ရေးတာဝန် လဲလှယ်သော တပ်မတော်စစ်ကြောင်း သွားလာခြင်းကို SSPP/SSA က
စတင်ပစ်ခတ်ခြင်း ဖြစ်ပြီး တပ်မတော်သားငါးဦး ကျဆုံးကြောင်း တပ်မတော်က
သတင်းထုတ်ပြန်ထားသည်။
ယင်းနောက် အစိုးရတပ်မတော်က
လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ တိုက်ပွဲအရှိန် မြှင့်တင်လာသောကြောင့်
အောက်တိုဘာ ၃ ရက်နေ့ နံနက်ပိုင်းတွင် တာဖာဆောင် တံတားအနီးရှိ SSPP/SSA
တပ်စခန်းကို ဆုတ်ခွာပေးလိုက်ရကြောင်း SSPP/SSA က ပြောကြားထားသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSAသည် အစိုးရနှင့် ပြည်ထောင်စုအဆင့်
အပစ်အခတ်ရပ်စဲရေးကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း
တောင်ကြီးမြို့တွင် လက်မှတ် ရေးထိုးထားသော်လည်း အပစ်အခတ် ရပ်စဲထားသည့်
အချိန်ကာလ ၂ နှစ်ကျော်အတွင်း တိုက်ပွဲပေါင်း တစ်ရာကျော် ဖြစ်ပွားခဲ့ကြောင်း
SSPP/SSA ၏ ထုတ်ပြန်ထားချက်များအရ သိရသည်။
Credit - The Voice Weekly
No comments:
Post a Comment