Tuesday, October 21, 2014

နေပြည်တော်ကောင်စီနယ်မြေအတွင်း တရားရုံးများတွင် လာဘ်ငွေတောင်းခံမှု ပပျောက်ရေးအတွက် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်

  နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပျဉ်းမနားမြို့ မင်္ဂလာရှမ်းကန်အတွင်း ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် အောက်တိုဘာ ၂၀ ရက်က တရားရုံးများလာဘ်ငွေတောင်းခံမှုပပျောက်ရေးအတွက် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သူ ကိုဖြိုးဝေကျော်ကိုင်ဆောင်သည့် ပိုစတာဆိုင်းဘုတ်တွင်ပါရှိသည့် စာသားများမှာ ဒက္ခိဏခရိုင်တရားရုံး တရားမမှု အမှတ် ၅/၂၀၁၃ အဂတိလိုက်စားသော ခရိုင်တရားသူကြီး ဦးဌေးအောင်အလိုမရှိ။ အမှုသည်နှင့်တရားသူကြီးကြား လာဘ်ငွေတောင်းခံပေးသောရှေ့နေ အလိုမရှိနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း တရားရုံးများတွင်
လာဘ်ငွေတောင်းခံမှုပပျောက်ရေးတို့ပါဝင်ကြောင်း သိရသည်။
ကိုဖြိုးဝေကျော်က "သမ္မတကိုယ်တိုင်အုပ်ချုပ်တဲ့ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ဆန္ဒထုတ်ဖော်ခြင်းမပြုလိုပါဘူး။ ခရိုင်တရားသူကြီး ဦးဌေးအောင် လာဘ်ပေးလာဘ်ယူကိစ္စက တရားမမှု ၅/၂၀၁၃ အမှုမှာ မြေကွက်ပိုင်ဆိုင်မှုအငြင်းပွားမှုကို အမိန့်ချခါနီးတော့ နှစ်ဖက်စလုံးကိုတောင်းတယ်။ ကျွန်တော့်ဘက်က မပေးနိုင်တော့ရှုံးတယ်။ အဲဒါကြောင့် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ဖို့ရာ ၄ လပိုင်း ၂၇ ရက်နေ့မှာတစ်ကြိမ်တင်ထယ်။ အငြင်းခံရတယ်။ နောက်တစ်ခါ ၇ လပိုင်း ၄ ရက်နေ့မှာ တစ်ကြိမ်ထပ်တင်တယ်။ အာဏာပိုင်အဖွဲ့အစည်းက ကတုံးမကိစ္စကြောင့် ရက်ရွှေ့ခိုင်းပြီး မလုပ်ရတော့ပြန်ဘူး။ အခု အောက်တိုဘာ ၁၅ ရက်မှာတင်တယ်။ ၂၀ ရက်နေ့မှာ လုပ်ဖို့ခွင့်ပြုမိန့်မရပြန်ဘူး။ ခွင့်ပြုမိန့်မရလို့ ဒီနေ့ကျွန်တော် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်" ဟုပြောကြားခဲ့သည်။
ကိုဖြိုးဝေကျော်သည် ဒက္ခိဏခရိုင်တရားရုံး တရားမမှုအမှတ် ၅/၂၀၁၃ အဂတိလိုက်စားသော ခရိုင်တရားသူကြီး ဦးဌေးအောင်အလိုမရှိ။ အမှုသည်နှင့် တရားသူကြီးကြား လာဘ်ငွေတောင်းခံပေးသောရှေ့နေ အလိုမရှိ။ နေပြည်တော်ကောင်စီနယ်မြေအတွင်း တရားရုံးများတွင် လာဘ်ငွေတောင်းခံမှုပပျောက်ရေးကို ပျဉ်းမနားမြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့ရာ ပျဉ်းမနားမြို့နယ် မြို့မရဲစခန်းမှ တာဝန်ရှိသူများက လာရောက်ဖမ်းဆီးသွားခဲ့သည်။
ကိုဖြိုးဝေကျော်၏ဆန္ဒထုတ်ဖော်မှု လျှောက်ထားခြင်းနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ(င)တွင် လူ့သိက္ခာနှင့် ကိုယ်ကျင့်တရားကိုဖြစ်စေ ထိခိုက်စေမည့်အပြောအဆိုနှင့် အပြုအမူမပြုလုပ်ရဟု ပြဌာန်းထားရှိသဖြင့် သတ်မှတ်စည်းကမ်းချက်နှင့် ညီညွတ်မှုမရှိ၍ ခွင့်မပြုကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ထားချက်အရ သိရသည်။
တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့သည့် ကိုဖြိုးဝေကျော်အား ပျဉ်းမနားမြို့မရဲစခန်းတွင် ပ-၄၇၈/၂၀၁၄ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားပြီး အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Credit - Eleven Media Group

No comments:

Post a Comment