Monday, October 20, 2014

မြန်မာနှင့် ကာတာအသင်းတို့ ယှဉ်ပြိုင်မည့် အာရှချန်ပီယံရှစ် ယူ ၁၉ အကြိုဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်များ

ဦးမျိုးလှိုင်ဝင်း (ငွေခေတ်ကစားသမားဟောင်း)

 မြန်မာအသင်းက အားလုံး မျှော်လင့်နေတဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်ပေးနိုင်ခဲ့ပါတယ်။ ခက်ခဲတဲ့ အနေအထားတွေကိုလည်း ကျော်ဖြတ်ခဲ့ရတာ အားလုံးအသိပါပဲ။ ယူအေအီးလို အသင်းမျိုးကို အနိုင်ရပြီး ကမ္ဘာ့ဖလား ဝင်ခွင့်ရလို့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အမြင့်ဆုံး အနေအထားကို ရောက်နေမှာပါ။ အခုပွဲစဉ်က အပိုဆုပေါ့။ ကာတာကလည်း အသင်းကောင်းဖြစ်လို့ ဒီအဆင့်ထိ ရောက်လာတာ။ မြန်မာအသင်းက စိတ်ဓာတ်ကောင်းတယ်၊ အသင်းလိုက် ကစားပုံကောင်းတယ်။



နည်းပြနဲ့လည်း ကာလကြာ လက်တွဲထားသလို နည်းပြ ခိုင်းတာကိုလည်း လိုက်နာကြတယ်။ ပြိုင်ဘက်က အတွေ့အကြုံနဲ့ ကစားအား သာပေမယ့် မြန်မာအသင်းက စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပိုကောင်းလို့ အခုပွဲစဉ်မှာလည်း မြန်မာအသင်း အနိုင်ရပြီး ဗိုလ်လုပွဲ တက်သွားမယ်လို့ ထင်ပါတယ်။

ဦးခင်မောင်တင့် (၂၀၁၄ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရတနာပုံအသင်း နည်းပြချုပ်) 
 
မြန်မာအသင်းက စိတ်ဓာတ်ပိုင်းဆိုင်ရာ အားကောင်းတယ်။ ပြိုင်ဘက်အသင်း ကာတာကတော့ လူကောင်ရော အတွေ့အကြုံပိုင်းမှာပါ မြန်မာထက် သာပါတယ်။ နောက်ပြီး ယူအေအီးထက်လည်း ပိုကောင်းတဲ့အသင်း။ မြန်မာအသင်းကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားကောင်းသလို ပရိသတ် အားပေးမှုကလည်း အားသာချက် တစ်ခုပါပဲ။

ဒီပွဲကိုလည်း မြန်မာအသင်းအနေနဲ့ ဖွင့်ကစားလို့ မရပါဘူး။ ပြိုင်ဘက်ကို ဖွင့်ကစားစေပြီး တန်ပြန်တိုက်စစ်နဲ့ပဲ ကစားသင့်တယ်။ သူတင်ကိုယ်တင် ကစားရင်တော့ ရှုံးနိုင်ပါတယ်။ ယူအေအီးနဲ့ ပွဲကလို ခံစစ်လုံအောင်ထားပြီး တန်ပြန်တိုက်စစ်နဲ့ ထိုးဖောက်မယ် ဆိုရင်တော့ အနိုင်ရလဒ်ကို မျှော်လင့်နိုင်ပါတယ်။

ဦးဇော်မင်းထိုက် (မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ)
 
 လက်ရှိ မြန်မာအသင်းရဲ့ အဓိက ဦးတည်ချက်ဖြစ်တဲ့ ယူ ၂၀ ကမ္ဘာ့ဖလားဝင်ခွင့် ရသွားပြီ ဖြစ်သလို ပရိသတ်မေတ္တာကိုပါ ရထားတဲ့အတွက် ဦးတည်ချက် ပြည့်ပြီးသွားပြီ။ ဒါက ဖိအားလုံးဝ မရှိတဲ့ သဘောပဲ။ ရှုံးခဲ့မယ် ဆိုရင်တောင် ပရိသတ် ချစ်ပြီးသား။ ကာတာနဲ့ပွဲကို ဖိအားကင်းကင်းနဲ့ ကစားနိုင်မှာပါ။ မြန်မာအသင်းက ဖိအားမရှိဘဲ ကစားရင် ကစားကွက် ပုံမှန်ဖြစ်ပြီး အသာရလေ့ ရှိတယ်။ ဒဏ်ရာပြဿနာ ကြီးကြီးမားမား မရှိခြင်းနဲ့ ပရိသတ်အားပေးမှု ရှိခြင်း၊ ကိုယ့်မြေပေါ်မှာ ကစားရခြင်းက မြန်မာအတွက် အားသာချက်ပါ။ ကာတာနဲ့ ကစားဟန်တူတဲ့ ယူအေအီးကို နိုင်ထားတာကလည်း စိတ်ဓာတ်ရေးရာမှာ တပန်းသာနေတယ်။

ကာတာခြေစွမ်းက ယူအေအီးလိုပဲ။ အာရပ်အသင်းပီပီ အရပ်အမောင်း အားသာချက်နဲ့ ကြံ့ခိုင်မှုသုံး ကစားတဲ့အသင်းပါ။ အုပ်စုပွဲစဉ်တွေမှာကတည်းက ခြေမှန်မှန်နဲ့ ဒီအဆင့် ရောက်လာတာ။ တိုက်စစ်ကစားပုံ ကောင်းတယ်။ သူတို့လည်း ယူအေအီးကို နမူနာယူပြီး တစ်ချက်မှ အမှားမခံအောင် ကစားပါလိမ့်မယ်။ ဆီမီးဖိုင်နယ် ဖြစ်တာကြောင့် နှစ်သင်းစလုံးအတွက် ခက်ခဲမယ်။ မြန်မာဘက်က သာမန်ပွဲကစားချိန်အတွင်း နိုင်ရင်နိုင်၊ မနိုင်ရင်တော့ အချိန်ပို ဆက်ကစားရင် အရမ်းခက်သွားမယ်။ အသင်းလိုက်ရော တစ်ဦးချင်းမှာပါ ကာတာက မြန်မာထက် သာတာမှန်ပေမယ့် မြန်မာမှာလည်း နည်းပြဂတ်စ်ရဲ့ နည်းဗျူဟာ လှည့်စားမှုကို မျှော်လင့်နိုင်ပါသေးတယ်။ ဒါကြောင့် သာမန်ပွဲကစားချိန်မှာ ယူအေအီးနဲ့ပွဲလိုပဲ မြန်မာကအိမ်ရှင် ပရိသတ်ရှေ့မှာ လက်ဦးမှု ယူသွားမယ်လို့ ထင်တယ်။

ဦးဝင်းမြင့်သွင် (မြန်မာအမျိုးသမီး ယူ- ၁၉ ဘောလုံးအသင်း နည်းပြချုပ်)
 
 မြန်မာအသင်း ကစားရမယ့် ကာတာအသင်းဟာ အရပ်အမောင်း၊ အတွေ့အကြုံအားလုံး မြန်မာအသင်းထက် သာပါတယ်။ အဲဒီအတွက် မြန်မာအသင်းအနေနဲ့ ယူအေအီးအသင်းနဲ့ ပွဲကလိုပဲ ခက်ခက်ခဲခဲ ကစားရမယ့် အခြေအနေပါ။ ဒါပေမဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကတော့ အဓိကပါပဲ။ ပွဲပြီးတဲ့အထိ ရေကုန်ရေခန်း ကစားရမှာပါ။ မြန်မာအသင်းရဲ့ လက်ရှိခြေစွမ်းပိုင်းက ဘရူနိုင်းဖိတ်ခေါ်ဖလား ပြိုင်ပွဲကလောက် မကောင်းသေးသလိုပါပဲ။

အောင်သူ၊ မောင်မောင်စိုးတို့ ခြေစွမ်းပျောက်နေပြီး သန်းပိုင်၊ နန္ဒကျော်၊ ငြိမ်းချမ်းအောင်၊ ထိုက်ထိုက်အောင်တို့က ခြေစွမ်းပြနေတယ်။ မြန်မာအသင်းအနေနဲ့ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်နဲ့ ကစားပြီး ပရိသတ်အားပေးမှုတွေနဲ့ အောင်မြင်မှုတွေ ရအောင် လုပ်နိုင်မှာပါ။ ဒီပွဲမှာလည်း တိုက်စစ်ဖွင့် မကစားဘဲ တန်ပြန်တိုက်စစ်နဲ့ ကစားမယ်ဆိုရင် မြန်မာအသင်း နိုင်ပွဲရနိုင်မှာပါ။

Credit - The Voice

No comments:

Post a Comment